နှလုံးသားကို ဖြူစင်အောင်ထားပါ

Type

လူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ နှလုံးသားကို ဖြူစင်အောင်ထားပါ

 

အလုပ်နဲ့ပတ်သက်လာရင် ရွေးစရာ နှစ်လမ်းရှိပါတယ်
 ၁။  စိတ်ဓာတ်ကို ရွေးမယ်။ 
ဆိုလိုတာက ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ်အောင် လုပ် မယ်။ အောင်မြင်အောင် လုပ်မယ်။ ပြီးတဲ့အထိလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူမယ်။ ဒီလိုစိတ်ဓာတ်ရှိရင် ဘယ်အလုပ်ပဲ လုပ်လုပ် ပျော်နေမှာပဲ။ 


၂။  ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကိုပဲလုပ်မယ်။ 


ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ရလို့ ပျော်ရွှင်မှုရှိပြီး အောင်မြင် မှုကိုလည်း မလွဲမသွေရပါလိမ့်မယ်။ 
လက်တွေ့မှာတော့ ပထမဦးစွာ “ကိုယ်လုပ်နေတဲ့အလုပ်ကို နှစ်သက်သဘောကျပါ”လို့  စာရေးသူက  အကြံပေးချင်ပါတယ်။ ပြီးတော့မှ  စိတ်ရောကိုယ်ရောနှစ်ပြီး   အလုပ်လုပ်ပါ။  ကိုယ် ချစ်မြတ်နိုးတဲ့ အလုပ်ကိုလုပ်ပါလို့ ရေးခဲ့တာနဲ့ဆန့်ကျင်နေတယ်လို့ စာဖတ်သူက ဆိုပါလိမ့်မယ်။ မဆန့်ကျင်ပါဘူး။ ကျောင်းက ဘွဲ့ရတာ နဲ့အလုပ်စလုပ်တဲ့အချိန် ငွေလိုတဲ့အတွက် ရတဲ့အလုပ်ကို ယူရမှာပါပဲ။ ရတဲ့အလုပ်ကို နှစ်သက်သဘောကျမှ ပျော်ရွှင်မှုကို ရပါလိမ့်မယ်။ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်မဟုတ်ရင်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်၊  ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို   ရဖို့ပြင်ဆင်နေချိန်မှာ ငွေလည်းရမယ်။ ပျော်ရွှင်မှုလည်းရမယ်။ အတွေ့အကြုံလည်းရပါမယ်။ 


အကောင်းဆုံးအလုပ် 
လူတိုင်းလိုလိုပဲ မိမိအလုပ်ထက် တခြားလူတွေရဲ့ အလုပ်က ပိုလွယ်တယ်။ ပိုသက်သာတယ်။ လခပိုရတယ်။ ပိုပျော်စရာကောင်း တယ်လို့ ထင်ကြပါတယ်။ သူနာပြုဆရာမတွေက ဆရာဝန်လုပ်ရတာ သက်သာတယ် ထင်ပါတယ်။ အရောင်းစာရေးတွေက အရောင်း မန်နေဂျာအလုပ်က လွယ်တယ်လို့ ထင်ပါတယ်။ လူတိုင်းက ရှေ့နေ တွေ ငွေကို လွယ်လွယ်ကူကူရတယ် ထင်ပါတယ်။ တကယ်တော့ အကောင်းဆုံးအလုပ်ဆိုတာမရှိပါဘူး။ လူတွေက သူတို့မလုပ်တတ် တဲ့အလုပ်၊  မလုပ်ချင်တဲ့အလုပ်အတွက်   ငွေပေးပြီး ခိုင်းတာပါ။ ပြဿနာဆိုတာမရှိရင် ဘယ်သူ့အတွက်မှ အလုပ်ရှိမှာမဟုတ်ပါဘူး။ 


ကိုယ်လုပ်နေတဲ့အလုပ်မှာ ကိုယ်မပျော်ရင် ရွေးစရာနှစ်လမ်း ရှိပါတယ်။ စိတ်ဓာတ်ကို ပြောင်းမယ် (သို့မဟုတ်) အလုပ်ကို ပြောင်းတာပါ။ တကယ်တော့ ကျွန်တော်တို့တွေက  လွယ်တာကို မကြိုက်ပါဘူး။ အလုပ်ကလွယ်နေရင်၊ စိန်ခေါ်မှုတွေမရှိရင် အလုပ် ပြောင်းတာပါပဲ။ လူ့သဘာဝက စိန်ခေါ်မှုတွေကို  ကြိုက်ပါတယ်။ ဒါကြောင့် ဂေါက်သီးကစားနည်းကို  လူတွေကြိုက်ကြတာပါ။ အားလပ်ချိန်မှာတောင် စိန်ခေါ်မှုတွေကို လူတွေလိုချင်ပါတယ်။ ဂေါက်သီးက စိတ်ပျက်စရာ၊ ပျော်ရွှင်စရာ၊ စိတ်ကြည်နူးစရာ၊ စိန်ခေါ် မှုပေါင်းမြောက်မြားစွာကို တစ်ချိန်တည်းပေးလို့ လူတွေ စွဲစွဲမြဲမြဲ ကစားကြတာပါ။ 
“ဒီအလုပ်တစ်ခုတည်းကို ထပ်တလဲလဲ မလုပ်ချင်ဘူး။ ကြာတော့ ရိုးလာပြီ”လို့ လူတွေက ဆိုကြပါတယ်။ အလုပ်တော်တော်များများက တော့ ဒီတစ်ခုတည်းကိုပဲ ထပ်တလဲလဲ လုပ်ရတာပါ။ စက္ကတ္ထရီ ခေါ် စာရေးမတစ်ယောက်ရဲ့အလုပ်က   စာတစ်စောင်ပြီးတစ်စောင် ရိုက်ဖို့ပါပဲ။ ရုပ်ရှင်မင်းသား၊ မင်းသမီးအလုပ်ကလည်း သရုပ်ဆောင် တာကိုပဲ ထပ်တလဲလဲ လုပ်ရတာပါ။ 


ကျွန်တော်တို့ရဲ့ ဘဝတွေကို ဒါကအလုပ်ချိန်၊ ဒါက ပျော်စရာ အချိန်လို့ သတ်မှတ်ရင် ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိလာပါ လိမ့်မယ်။ တချို့က “အလုပ်သွားပြီ။ ၉ နာရီကနေ ၅ နာရီအထိ ဝဋ်ခံရဦးမယ်”လို့ ဆိုကြပါတယ်။ ဒီလိုစိတ်ထားရင်တော့ ပျော်ရွှင်မှုနဲ့ ဝေးရပါလိမ့်မယ်။ အလုပ်နဲ့ ပျော်စရာအချိန်လို့ မခွဲခြားပါနဲ့။ အကုန် လုံးက ကိုယ်ဖြတ်သန်းရမယ့်ဘဝပဲ။ ပျော်ရွှင်စွာဖြတ်သန်းမယ်ဆိုတဲ့ စိတ်ရှိဖို့ လိုပါတယ်။ အလုပ်ကို ချစ်မြတ်နိုးတဲ့စိတ်၊ အလုပ်လုပ် နေရတာ ပျော်ရွှင်တဲ့စိတ်ကို မွေးမြူပါ။ စစချင်းတော့ နည်းနည်းခက်ပါ လိမ့်မယ်။ ကြိုးစားပြီးလုပ်ပါ။ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေက အလိုလို ဖြစ်လာပါလိမ့်မယ်။ 
အကောင်းဆုံးဖြစ်အောင်လုပ်ပါ 
အကောင်းဆုံးဖြစ်အောင်လုပ်သင့်တဲ့အကြောင်း   နှစ်ခု ရှိပါတယ်။ 


ပထမအကြောင်းကတော့ -
 အကောင်းဆုံးဖြစ်အောင်လုပ်ပြီးတဲ့အခါတိုင်း   ပျော်ရွှင်မှုကို ရပါတယ်။ ငယ်စဉ်က ကျောင်းတက်တဲ့ဘဝကို ပြန်စဉ်းစားကြည့်ပါ။ အိမ်စာတွေ အကုန်ပြီးတဲ့နေ့ဆိုရင် ကျောင်းသွားရမှာကို စိတ်ဓာတ် တက်ကြွနေပါတယ်။   လမ်းလျှောက်ရင်တောင်   ရင်ကိုကော့ပြီး ခေါင်းမော့လျှောက်မိပါတယ်။ 
ကျောင်းကနေထွက်ခဲ့တာ အနှစ် ၃၀ ရှိလည်း ဒီ “အိမ်စာ နိယာမ” က အသုံးဝင်နေတုန်းပါပဲ။ ဆရာမတွေက စာကြိုးစားဖို့ ပြောပါတယ်။ မိဘတွေက စာကြိုးစားဖို့ တိုက်တွန်းပါတယ်။ လက်တွေ့ဘဝထဲ ရောက် လာတော့လည်း အထက်လူကြီးတွေက အလုပ်ကြိုးစားဖို့ ဖိအားပေး ပါတယ်။ စာကြိုးစားတယ်ဆိုတာ မိဘနဲ့ဆရာကို စိတ်ချမ်းသာအောင် လုပ်ပေးတာထက် ပိုပါတယ်။ အလုပ်ကြိုးစားတယ်ဆိုတာ မိမိရဲ့ အထက်လူကြီးသဘောကျအောင် လုပ်တာထက် ပိုပါတယ်။ တကယ် တော့ အားလုံးဟာ မိမိအတွက်ပါပဲ။ 


ဒုတိယအကြောင်းကတော့ - 
လောကကြီးက ပျင်းရိသူနဲ့   အလုပ်ကိုအလေးမထားသူကို ဒဏ်ခတ်လေ့ရှိပါတယ်။ မိမိရဲ့ဘဝမှာ ဘယ်အရာမဆို စိတ်ပါလက်ပါ မလုပ်ရင်တော့ အမှားများစွာနဲ့ တွေ့ကြုံရပါလိမ့်မယ်။ အလုပ်တစ်ခုကို ပေါ့ပေါ့တန်တန်လုပ်မိတိုင်း ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ တစ်ဖက် ပြိုင်ဘက်ကို အထင်သေးမိတဲ့လက်ဝှေ့သမား နောက်ကောက်အထိုးခံရ ပါတယ်။ တစ်ဖက်ပြိုင်ဘက်ကို မလေ့လာမိတဲ့ စီးပွားရေးသမား အကျ အဆုံးများနဲ့ တွေ့ရပါတယ်။ ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ် အောင်လုပ်ပါ။ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့သူတွေကို လူတိုင်း က လေးစားပါတယ်။ အတော်ဆုံးချန်ပီယံ။ အကောင်းဆုံးလုပ်နိုင်သူ အဖြစ် အသိအမှတ်ပြုကြပါလိမ့်မယ်။ 


တက္ကစီစီးတဲ့အခါ တစ်ခါတလေကျရင် ပျော်ရွှင်စရာကောင်းပြီး တစ်ခါတလေကျရင် စိတ်ညစ်ရတာကို စာဖတ်သူတို့ ကြုံဖူးကြမှာပါ။ အငှားကားချင်းအတူတူ ဘာကွာခြားတာပါလဲ။      ယာဉ်မောင်းရဲ့ စိတ်ဓာတ်ပါပဲ။ တချို့က“မျက်နှာပြုံးရွှင်နေတဲ့ ယာဉ်မောင်းက ခရီးသည် ကို အမြဲဂရုစိုက်တယ်”လို့ ဆိုကြပါတယ်။ မဟုတ်ပါဘူး။ စာရေးသူက တော့ “ခရီးသည်ကို ဂရုစိုက်တဲ့ ယာဉ်မောင်းက မိမိအလုပ်ကို မိမိတန်ဖိုး ထားသူဖြစ်လို့ မျက်နှာအမြဲပြုံးရွှင်နေတာပါ”လို့ ဆိုချင်ပါတယ်။ 
မိမိအလုပ်ကို မိမိတန်ဖိုးထားသူတွေက အိပ်ရာထတာနဲ့ “ဒီနေ့ တော့ မနေ့ကထက်ပိုပြီး အလုပ်ကို ကြိုးစားမယ်။ ဂရုစိုက်မယ်”လို့ စိတ်ထားလေ့ရှိကြပါတယ်။ 
 အကောင်းဆုံးပဲဖြစ်အောင်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး စာရေး သူငယ်စဉ်က ဖတ်ခဲ့ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်။ 
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ လသာဆောင်ကနေ တိုင်းသူ ပြည်သားများ သွားလာလှုပ်ရှားနေတဲ့ လမ်းပေါ်ကို ရှုစားနေပါတယ်။ အဲဒီအချိန်မှာ ဓားရောင်းတဲ့သူတစ်ယောက်က သူ့ရဲ့ဓားများ ဘယ် လောက်ထက်ကြောင်းကို ဖရဲသီးများ၊ ဝါးတိုင်များကို ခုတ်၍ အစွမ်းပြပြီး ရောင်းချနေပါတယ်။ ဘုရင်ကြီးကလည်း ဓားရောင်းသူရဲ့ ဓားများ အစွမ်းထက်ပုံကို မြင်ရတဲ့အခါ ဓားရောင်းသူကို နန်းတော်ထဲ သွင်းစေ ပါတယ်။ 


အဲဒီနောက် ဓားရောင်းသူကို ဘုရင်ကြီးက “ဓားတွေ ဘယ်က ရသလဲ” ဟု မေးပါတယ်။ 
ဓားရောင်းသူက “ကျွန်တော်မျိုး ပန်းပဲဖိုတွင် ကိုယ်တိုင်ပြုလုပ်ပါ သည်”ဟု လျှောက်တင်ပါတယ်။ 
ထိုအခါ ဘုရင်ကြီးက “ငါကိုယ်တော်မြတ်အတွက် အကောင်း ဆုံးဓားတစ်ချောင်းကို သင်၏ပန်းပဲဖိုတွင် ပြုလုပ်ပေးပါ”ဟု ပြော၏။ 
ထိုအခါ ဓားသမားက သူ၏ခြင်းတောင်းထဲမှ ဓားတစ်ချောင်းကို ထုတ်ယူပြီး ဘုရင်ကြီးကို ဆက်သကာ  “အရှင်မင်းကြီး ကျွန်တော်မျိုး ဓားလုပ်တဲ့အခါ အကောင်းဆုံးကိုပဲ လုပ်ပါတယ်။ ကျွန်တော်မျိုးရဲ့ ဓားတိုင်းက အကောင်းဆုံးတွေပါပဲ။ ယုံကြည်စွာသုံးစွဲတော်မူပါအရှင်” လို့ လျှောက်တင်ပါတယ်။ ဘုရင်ကြီးလည်း လွန်စွာနှစ်သက်သဘောကျ တဲ့အတွက် ဆုတော်ငွေများ ပေးသနားတဲ့အပြင် ဘုရင်ရဲ့ ပန်းပဲဖိုမှာ အမှုထမ်းစေပါတယ်။ 
ဘယ်သူ့အတွက် အလုပ်လုပ်တာလဲ 
ရရှိတဲ့လုပ်အားခထက် အမြဲပိုလုပ်ပါ။ တစ်နေ့မှာ မိမိလုပ်တာကို အဆမတန်ပေးမယ့်သူတွေ ရှိလာပါလိမ့်မယ်။ 
စားသောက်ဆိုင်တစ်ခုတွင် စိတ်တို၍ အလုပ်ကို ဆောင့်ကြီး အောင့်ကြီးလုပ်နေသော စားပွဲထိုးတစ်ယောက်နှင့် ကြုံဖူးပါသည်။ စာရေးသူမှာတဲ့ အစားအသောက်ကို မှားချတဲ့အပြင် ပြန်ပြင်ပေးရန် အတော်စောင့်ယူရပါသည်။ စာရေးသူက စားပွဲထိုးကို သူ၏အလုပ် အကြောင်းနှင့် အလုပ်ရှင်အကြောင်းကို မေးသောအခါ “အလုပ်ရှင်က ဘယ်လောက်ဆိုးကြောင်း၊ ဒီအလုပ်ရှင်အတွက်  ဒီနေ့ကုန်အောင် တောင် လုပ်နိုင်ပါ့မလားမသိဘူး”ဟု ပြောပြပါသည်။ 
စားပွဲထိုး၏ အတွေးအခေါ်မှားနေပါသည်။      ဘယ်အလုပ် မဆို မိမိအတွက်လုပ်တာ ဖြစ်ပါသည်။ အလုပ်ရှင်အတွက်  မဟုတ် ပါ။ 
ဘယ်အလုပ်ရှင်မှ ကိုယ့်စိတ်တိုင်းကျမဖြစ်နိုင်ပါဘူး။ လုပ်ဖော် ကိုင်ဖက်တွေကလည်း ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ပါဘူး။ ကိုယ့်စိတ် တိုင်းကျ ဖြစ်တာ၊ မဖြစ်တာက အရေးမကြီးပါဘူး။ ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ အကောင်းဆုံး မလုပ်ဘဲ  တော်ရုံတန်ရုံပဲလုပ်မယ်ဆိုရင်တော့ သင့်ရဲ့ဆုံးရှုံးမှုက သင့် အလုပ်ရှင်ဆုံးရှုံးမှုထက် များပါလိမ့်မယ်။ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးကုန်ပါလိမ့်မယ်။  မိမိကိုယ်မိမိလေးစားတဲ့စိတ်တွေ လျော့လာပါလိမ့်မယ်။ နောက်ဆုံး ဘဝတစ်ခုလုံးတောင် ထိခိုက်နိုင်ပါ တယ်။ 


အလုပ်ကောင်းကောင်းသာရခဲ့လျှင် 


တချို့လူတွေက “ပျော်စရာကောင်းတဲ့အလုပ်”နဲ့ “ပျော်စရာ မကောင်းတဲ့အလုပ်”လို့ ခွဲခြားကြပါတယ်။ ပျော်စရာကောင်းတယ်၊ ပျော်စရာမကောင်းဘူးဆိုတာ တကယ်တော့ မိမိရဲ့စိတ်ပါပဲ။ ဘယ် အလုပ်မဆို စိတ်ပါဝင်စားစွာနဲ့လုပ်ခဲ့လျှင် ပျော်စရာကောင်းတဲ့အလုပ် ဖြစ်လာပါလိမ့်မယ်။ လုပ်တဲ့အလုပ်တိုင်းကို စိတ်ပါဝင်စားစွာနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူတိုင်း အလုပ် ကောင်းကောင်းကို အမြဲရပါတယ်။            n စာမျက်နှာ  ၂၄  မှ
သင်ချစ်မြတ်နိုးတဲ့အလုပ် 
ဒီစာကို အလုပ်လမ်းညွှန်အဖြစ် အသုံးမပြုပါနှင့်။ ဘဝရဲ့ သဘော တရားတွေအဖြစ် အသုံးပြုပါ။ ကျွန်တော်တို့ ဒီဘဝကိုပဲ ပိုင်ပါတယ်။ မိမိဘဝကိုမိမိ   ဘယ်လိုကျော်ဖြတ်မလဲ။   မိမိစိတ်ဝင်စားတာ၊ မိမိလုပ်ချင်တာကို လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အချက်နှစ်ချက်ကို လက်ခံနိုင်ရပါမယ်။ 
၁။    “မိမိကြိုက်တာကို မိမိလုပ်နိုင်တယ်။ အလုပ်ထဲမှာ မလုပ် နိုင်သေးရင်တောင် ကိုယ်ပိုင်အချိန်မှာ လုပ်နိုင်တယ်”။ တချို့တွေက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတယ်။ ကိုယ်ပိုင် အချိန်မထားဘူး။ ကိုယ်ပိုင်အချိန်မှာတောင် ကိုယ်ကြိုက် တာ ကိုယ်မလုပ်ရင်၊ မလုပ်နိုင်ရင် မိမိလုပ်နေတဲ့အလုပ်မှာ ပျော်နေတဲ့လူလို့ ပြောရခက်ပါတယ်။ 
၂။    “မိမိချစ်မြတ်နိုးတဲ့အလုပ်ကိုလည်း လုပ်ရတယ်။ ပိုက်ဆံ လည်းရမယ်”။  လူတော်တော်များများက အလုပ်ဆိုတာ ငြီးငွေ့ဖို့ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ မှားပါ တယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်နေရပြီး ပိုက်ဆံရ နေသူတွေ အများကြီးရှိပါတယ်။ 
“မိမိချစ်မြတ်နိုးတဲ့အလုပ်” ဆိုတာကိုလည်း မှားမတွေးဖို့ အရေးကြီးပါတယ်။ လူတိုင်းပဲ ပင်လယ်ကမ်းခြေက သဲသောင်ပေါ်မှာ အပန်းဖြေ အနားယူချင်ပါတယ်။ သဲသောင်ပေါ်မှာ အပန်းဖြေရင်း လခရဖို့ စဉ်းစားရင်တော့ အတွေးမှားတာပါပဲ။ မိမိချစ်မြတ်နိုးတဲ့ အလုပ်ဆိုတာ မိမိရဲ့စိတ်ကူးတီထွင်မှုတွေ၊ အားစိုက်ထုတ်မှုတွေ ပေါင်းစပ်ရတာပါ။ စွန့်စားရတာပါ။ များသောအားဖြင့် အစပိုင်းမှာ လည်း မိမိချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်တဲ့အခါ ထမင်းနပ်မှန်ရုံပဲ ရှိပါမယ်။ 
မသေချာတာ၊   စွန့်စားရတာကိုက ပျော်စရာကောင်းတာပါ။ လူ့ဘဝဆိုတာကလည်း အရာရာအားလုံးပြည့်စုံနေရင် စိတ်လှုပ်ရှား စရာမရှိ၊ ပျော်စရာမရှိ ဖြစ်တတ်ပါတယ်။ ချမ်းသာတဲ့မိဘက မွေးလာတဲ့ ကလေးတွေ မူးယစ်ဆေးစွဲတယ်ဆိုတာ သူတို့ဘဝက အရာရာပြည့်စုံ နေလို့ ပါပဲ။ သူတို့အတွက်က ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ လိုတရနေတော့ စိတ်လှုပ်ရှားမှု မရှိတော့ပါဘူး။ မူးယစ်ဆေးသုံးတယ် ဆိုတာ ဥပဒေကိုဆန့်ကျင်လို့ စွန့်စားရပါတယ်။ အသက်အန္တရာယ်နဲ့ နီးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ 


မိမိရဲ့ရွေးချယ်မှုကို မိမိနှစ်သက်သဘောကျမှသာ မိမိဘဝက တိုးတက်မှုရှိမည်။ 
မိမိရဲ့ အသက်မွေးမှုသည် မိမိရဲ့ ရွေးချယ်မှုစာရင်းတွင် ထိပ်ဆုံးက ပါ၏။


“ဘာလို့ ဒီအလုပ်ကိုလုပ်နေတာလဲ။ မင်းကြိုက်လို့လား” မေးတဲ့ အခါ ကိုမောင်မောင်က “ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လူတိုင်းက အလုပ်ရှိမှ ထမင်းစားရမှာ”လို့ ဖြေပါတယ်။ မှားပါတယ် ကိုမောင်မောင်၊ ကိုယ်မကြိုက်တဲ့အလုပ်ကို သည်းညည်းခံပြီးလုပ်တဲ့အတွက် ဒိုင်းဆုမရ နိုင်ပါဘူး။ လုပ်နေတဲ့အလုပ်ကို မကြိုက်ဘူး၊ မပျော်ဘူးဆိုရင် အလုပ် ပြောင်းပါ။ ကိုယ်နှစ်သက်သဘောကျတဲ့အလုပ်ကိုလုပ်ပါ။ 


ကျွန်တော်ဘာလုပ်ချင်မှန်း ကျွန်တော်မသိဘူး 


ကိုယ်ဘာလုပ်ချင်မှန်း ကိုယ်မသိရင်တော့  ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာ၊ စဉ်းစားတာ၊ မိမိရဲ့အသံကို ပြန်နားထောင်တာကို မလုပ်တာကြာနေလို့ပါပဲ။ မိမိရဲ့မိသားစုကို   စိတ်ချမ်းသာအောင် လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မှန်းမသိတော့ဘူး ဖြစ်သွားနိုင်ပါ တယ်။ ကိုယ်က ဘောလုံးကန်ချင်တယ်။ အမေက စန္ဒရားတီးခိုင်းတယ်။ မောင်းချင်တာက ပြိုင်ကား၊ မိသားစုအတွက် စဉ်းစားပြီးဝယ်တော့ တိုယိုတာ ဟိုင်းအေ့(စ်)။ ဖြစ်ချင်တာက စာရေးဆရာ၊ လုပ်နေရတာ က စာရင်းကိုင်။ သွားချင်တာက မြစ်ကြီးနားက မြစ်ဆုံ၊ အမြဲရောက် နေတာက ချောင်းသာ။ 


ဒီလိုနဲ့ပဲ သင့်တော်တဲ့အားကစားတွေ၊ အပန်းဖြေတာတွေကို မကြိုက်ဘဲ လုပ်မိနေပါတယ်။ တစ်နေ့တော့ “ငါလုပ်နေတာတွေက ငါကြိုက်တာတွေ မဟုတ်ဘူး”လို့ တွေးမိပါလိမ့်မယ်။ တွေးမိတဲ့နေ့ မှာတော့ ကိုယ်ကြိုက်တာကို ကိုယ်ပြောင်းလုပ်ဖို့ ဝန်မလေးပါနဲ့။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ အတွေးကိုလည်း ထုတ်ပစ်လိုက်ပါ။ မိမိကြိုက်တဲ့အလုပ်၊ မိမိဝါသနာပါတဲ့ အားကစား၊ မိမိနှစ်သက်တဲ့ အပန်းဖြေနည်းတွေကို လုပ်ခဲ့ရင် ပျော်ရွှင်အောင်မြင်တဲ့လူ ဖြစ်လာပါ လိမ့်မယ်။ မိမိပျော်ရွှင်မှု၊ မိမိအောင်မြင်မှုက မိမိမိသားစုရဲ့ပျော်ရွှင်မှု၊ အောင်မြင်မှုပါပဲ။ 


မိမိကြိုက်နှစ်သက်တဲ့အလုပ်၊ အားကစား၊ အပန်းဖြေနည်းတွေ ဟုတ်၊ မဟုတ်ကို အောက်ပါအတိုင်း ဆန်းစစ်ကြည့်လို့ရပါတယ်။
-    မနက်မိုးလင်းတာနဲ့ စိတ်ဓာတ်တက်ကြွနေပြီး အနားယူဖို့တောင် မစဉ်းစားခဲ့ရင်။
 -    ဘယ်အချိန်ရှိပြီလဲဆိုတာ မေ့နေမယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မေ့နေရင်။  
-    နာရီပေါင်းများစွာ ဒီအကြောင်းပြောနိုင်တယ်၊ လုပ်နိုင်တယ်၊ မောတယ်လို့ကို မထင်မိရင်။    
(ဆက်လက်ဖော်ပြပါမည်)
 

(ဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်မှ  “လူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ နှလုံးသားကို ဖြူစင်အောင်ထားပါ” ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်ဖြင့်  ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)

 

ကျော်ကျော်လှိုင်