နှလုံးသားကို ဖြူစင်အောင်ထားပါ

Type

ဘဝကို တိုက်ပွဲလို့ခံယူလိုက်တိုင်း တိုက်ပွဲတိုင်း အရှုံးနဲ့ပဲရင်ဆိုင်ရပါလိမ့်မယ်

ကျော်ကျော်လှိုင်

=========

 

ကံကောင်းခြင်း 


လယ်သမားကြီးတစ်ယောက်မှာ သားတစ်ယောက်နှင့် မြင်းတစ် ကောင် ရှိပါတယ်။ တစ်နေ့တော့ လယ်သမားကြီးမြင်းက ထွက်ပြေး သွားပါတယ်။ အိမ်နီးချင်းတွေက “ခင်ဗျား ကံဆိုးလို့ မြင်းထွက် ပြေးသွားတာ စိတ်မကောင်းပါဘူး”လို့ ပြောပါတယ်။ လယ်သမားကြီး က “ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဘယ်သူမှ မသိနိုင်ပါဘူး”လို့ ပြောပါတယ်။ အိမ်နီးချင်းတွေက “ မြင်းထွက်ပြေးတာ ကံဆိုးတာပေါ့” လို့ ပြောကြပါတယ်။ 
တစ်ပတ်လောက်နေတော့ လယ်သမားကြီးမြင်းက မြင်းရိုင်း နှစ်ကောင်နဲ့အတူ  ပြန်ရောက်လာပါတယ်။ အိမ်နီးချင်းတွေက “ခင်ဗျား ကံကောင်းတယ်ဗျာ၊ မြင်းပြန်ရရုံတင်မကဘူး၊   အဆစ် နှစ်ကောင် ရလိုက်သေးတယ်”လို့ ဝမ်းပန်းတသာ ပြောကြပါတယ်။ လယ်သမားကြီးက “ကံဆိုးတာလား၊ ကံကောင်းတာလား ဘယ်သူမှ မသိနိုင်ပါဘူး”လို့ ပြန်ပြောပါတယ်။  


နောက်တစ်နေ့ကျတော့ လယ်သမားကြီးရဲ့သားက မြင်းရိုင်းကို တက်စီးတာ လိမ့်ကျပြီး ခြေကျိုးသွားပါတယ်။ အိမ်နီးချင်းတွေက “ကံဆိုးလိုက်တာ”လို့ပြောပြီး    သတင်းလာမေးကြပါတယ်။ လယ်သမားကြီးကတော့ သူ့ထုံးစံအတိုင်း “ကံဆိုးတာလား၊ ကံကောင်း တာလား၊ ဘယ်သူမှ မသိနိုင်ပါဘူး”လို့ ဆိုပြန်ပါတယ်။ အိမ်နီးချင်း တချို့က စိတ်ဆိုးပြီး “ခင်ဗျားရူးနေတာပဲ၊ ဒါ ကံဆိုးတာပေါ့” လို့ ဆိုကြပါတယ်။ 
တစ်ပတ်လောက်ကြာတော့ စစ်တပ်က ရွာမှာလူငယ်တွေကို စစ်သားလာစုဆောင်းပါတယ်။ ခြေထောက်ကျိုးနေတဲ့ လယ်သမား ကြီးရဲ့သားက ကျန်နေခဲ့ပါတယ်။ အိမ်နီးချင်းတွေက “ခင်ဗျားသား သိပ်ကံကောင်းတာပဲ စစ်တိုက်ဖို့မလိုဘူး”လို့ ပြောကြပြန်ပါတယ်။ လယ်သမားကြီးက “ဘယ်သူမှ မသိနိုင်ပါဘူး” လို့ ဆိုပြန်ပါတယ်။ 


ဒီပုံပြင်လေးကို စာဖတ်သူတို့ ကြားဖူးကြမှာပါ။ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် အဖြစ်အပျက်တွေကို ဒါ ကံကောင်းတာ၊ ကံဆိုးတာလို့ ခွဲခြားနေရင်တော့ ပြီးမှာမဟုတ်တော့ ပါဘူး။ တစ်ခါတလေကျရင် တကယ့်အဖြစ်အပျက်ရဲ့ ငါးရာခိုင်နှုန်း လောက်သိတဲ့ အဖြစ်အပျက်တွေကို အလွန်ဆိုးရွားတဲ့ အဖြစ်အပျက် တွေလို့ သတ်မှတ်ကြပါတယ်။ ဖြစ်သမျှတွေက ကံဆိုးတာပဲလို့ ယုံကြည်နေရင်တော့   ကံဆိုးတာတွေပဲ  တွေ့နေရပါလိမ့်မယ်။ တစ်နေ့လုံး ညည်းတွားအပြစ်ပြောနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို  ပြုပြင်လို့ မရပါဘူး။ မိမိရဲ့စိတ်ကိုပဲ ပြုပြင်ရမှာပါ။ မိမိရဲ့စိတ်ကို ပြုပြင်လိုက် တာနဲ့ ကံကောင်းခြင်းတွေ ရောက်လာပါလိမ့်မယ်။ 


မနက်ရုံးအသွား ဘက်စ်ကား မမီလိုက်ဘူး။ “ဒုက္ခပါပဲကွာ၊ အရေးကြီးပါတယ်ဆိုမှ ကားကလွတ်သွားပြန်ပြီ၊ အစည်းအဝေးက တော့ နောက်ကျတော့မယ်။” ဒီလိုပူပန်မှုတွေဖြစ်နေရင် ကားက အမြဲလွတ်မှာပဲ။ ဖိနပ်က ပျက်မှာပဲ။ ကွန်ပျူတာက ရွှံ့ဗွက်ထဲ ပြုတ် ကျမှာပဲ။ အစည်းအဝေးရှိရင် အချိန်ယူပြီး ကြိုတင်ပြင်ဆင်သင့်ပါ တယ်။ စောစောရုံးသွားသင့်ပါတယ်၊ စောတာက နောက်ကျတာထက် အမြဲကောင်းပါတယ်။ ဘယ်အမှုကိစ္စကိုမှ နောက်ဆုံးအချိန်ကျမှ မလုပ်ပါနဲ့။ ကံကောင်းမယ်လို့ ဘယ်တော့မှ မတွက်ပါနဲ့။ 


အရာရာကို ကြိုတင်ပြင်ဆင်ထားလိုက်တာနဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ်ကလည်း များလာပါတယ်။ မိမိကိုယ်မိမိ ယုံကြည်စိတ် တွေ  များလာတဲ့အခါ  စိတ်ကလည်း  ကြည်လင်လာပါတယ်။ စိတ်ကြည်လင်လာတဲ့အခါ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ပြန်တွေ့ပါလိမ့်မယ်။ ခင်စရာကောင်းတဲ့ မိတ်ဆွေသစ်တွေ တွေ့ရပါ လိမ့်မယ်။ အလုပ်မှာလည်း အဆင်ပြေလာပြီး ဘဝကြီးက ပျော်ရွှင် စရာတွေ ဖြစ်လာပါလိမ့်မယ်။ 
လောကကြီးမှာ ၁ နဲ့ ၁ ပေါင်းရင် ၂ ထွက်ရမယ်ဆိုတဲ့ အယူအဆ က အမြဲမမှန်ပါဘူး။ မိမိရဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေနဲ့ ကွက်တိဝင်တဲ့ အလုပ်တစ်ခုကိုလျှောက်တယ်။ ရမယ်လို့ သေချာ ပေါက်တွက်ထားတယ်။ မရလိုက်ဘူး။ “ငါ ရသင့်တာကွာ၊ ငါ့မှာ ပညာအရည်အချင်းနဲ့ အတွေ့အကြုံတွေရှိရဲ့သားနဲ့ စိတ်ပျက်ဖို့ ကောင်းလိုက်တာ၊ လောကကြီးက မတရားဘူး”လို့ ညည်းနေမယ် ဆိုရင် ဘဝပျက်သလို ခံစားရပါလိမ့်မယ်။ တစ်ပတ်လောက်ပဲ ခံစား ရရင်တော့ ကောင်းပါတယ်။ တစ်ဘဝလုံးတော့ မခံစားပါနဲ့။ ဖြစ်ခဲ့တာ ကို ယုတ္တိဗေဒအရ ၁ နဲ့ ၁ ပေါင်းရင် ၂ ဖြစ်ရမှာပေါ့လို့ ငြင်းလို့ရပါတယ်။ ယုတ္တိဗေဒအရ ၁ နဲ့ ၁ ပေါင်းရင် ၂ ဖြစ်ပေမယ့် လူ့ဘဝမှာတော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ 


ဘဝမှာ စိတ်ချမ်းသာမှုကိုလိုချင်ရင် နေ့စဉ်ကြုံတွေ့ဖြစ်ပျက်နေ တဲ့ အရာတွေကို  ကံကောင်းတယ်၊  ကံဆိုးတယ် ခွဲခြားသတ်မှတ် မနေပါနဲ့။ 
 အသက် ၁၆ နှစ်သာရှိတဲ့ ကျောင်းလက်ရွေးစင် ဘတ်စကက်ဘော သမားလေးတစ်ယောက် ယာဉ်တိုက်မှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဒူးအောက်က ဖြတ်လိုက်ရပါတယ်။ ဘတ်စကက်ဘောသမားလေးဟာ မသန်မစွမ်းသူများ ဘီးတပ်ကုလားထိုင် ပြိုင်ပွဲတွေမှာ ကမ္ဘာ့အကျော် အမော် အားကစားသမား ဖြစ်လာပါတယ်။ 
မျက်မမြင်ဘဝနဲ့နေလာခဲ့တဲ့ လူတစ်ယောက်ဟာ အသက် ၅၂ နှစ်ကျမှ ခွဲစိတ်ကုသမှုခံယူပြီး မျက်စိမြင်လာပါတယ်။ မျက်မမြင်ဘဝ တုန်းက မျက်စိမမြင်ရတာကလွဲလို့ အစစအရာရာ အဆင်ပြေသူပါ။ မျက်စိမြင်လာတဲ့အခါမှာ သူမျက်မမြင်ဘဝက လုပ်နိုင်တဲ့အရာတွေ၊ တကယ်ကို ခက်ခက်ခဲခဲ လုပ်ရတယ်လို့ ထင်ရတဲ့အရာတွေဟာ ဘာမှ မဟုတ်တာတွေမှန်း သိလိုက်ရပါတယ်၊ စိတ်ကျရောဂါနဲ့ပဲ တစ်နှစ် အတွင်း ကွယ်လွန်သွားပါတယ်။ 
အထက်က အဖြစ်အပျက်နှစ်ခုကိုကြည့်ရင် ဘယ်အဖြစ်အပျက် တွေက ကံကောင်းပြီး ဘယ်အဖြစ်အပျက်တွေက ကံဆိုးတာလဲ။ 
လောကကြီးကို နှစ်မျိုးပဲ မြင်နိုင်ပါတယ်။ 
- လောကကြီးက မတရားဘူး၊ စိတ်ပျက်စရာပဲ။ 
- လောကကြီးက သာယာလှပနေပါတယ်။ 


လောကကြီးက မတရားဘူး၊ စိတ်ပျက်စရာပဲ 
အပြစ်ပြောရတာ လွယ်ပါတယ်။ အပြစ်ရှာရတာကတော့ အချိန် ကုန်  လူပင်ပန်းပါတယ်။ လူတွေလိမ်နေတယ်၊ ခိုးနေတယ်ဆိုပြီး သောကများနေမယ်။ လူတွေအလုပ်မလုပ်ဘဲ အပျင်းထူနေတယ်လို့ အပြစ်ပြောနေမယ်။ လူတွေ စားလိုက်တာလို့ စိုးရိမ်နေမယ်။ သုံးလိုက် တာလို့ မနာလိုဖြစ်နေမယ်။ ချမ်းသာတဲ့သူတွေက ချမ်းသာလိုက်တာ၊ ဆင်းရဲတဲ့သူက ဆင်းရဲလိုက်တာလို့ တွေးနေမယ်၊ အပြစ်ပြောနေ မယ်ဆိုရင်တော့ မိမိကိုယ်မိမိ စိတ်ဆင်းရဲအောင် လုပ်နေတာပါပဲ။ 
လောကကြီးက သာယာလှပနေပါတယ် 
နောက်တစ်မျိုးအမြင်ကတော့ အရှိကိုအရှိအတိုင်း လောကကြီးကို မြင်နိုင်ဖို့ပါပဲ။ စာဖတ်သူက မေးလို့ရပါတယ်။  “ဘယ်လိုအချက်တွေ ကြောင့် လောကကြီးက သာယာလှပနေရတာလဲ”၊ “သဘာဝအတိုင်း ရှိနေတာ၊ ဖြစ်နေတာတွေကြောင့်ပါ”လို့ စာရေးသူက    ဖြေရပါလိမ့်မယ်။ လကမ္ဘာကို တစ်ပတ်ပြီးတစ်ပတ် ပတ်နေတာ၊ ကမ္ဘာက နေမင်းကြီးကို တစ်ပတ်ပြီးတစ်ပတ်ပတ်နေတာ၊ ငှက်ကလေးတွေ သီချင်းဆိုနေတာ၊ ပန်းတွေပွင့်နေတာ၊ ဘုရားကျောင်းမှာ လက်ထပ်ပွဲကျင်းပနေတာ၊ ဆရာကန်တော့ပွဲလုပ်နေတာ... လင်မယားတွေ ကွာရှင်းပြတ်ဆဲ ကြတာ၊ အိမ်နီးချင်းတွေ ရန်ဖြစ်တာ ဒါတွေအားလုံးဟာ သဘာဝတရားရဲ့ အစီအမံတွေ၊ လောကကြီးရဲ့ အဖြစ်အပျက်တွေပါပဲ။ 


“လူတွေ မလိမ်သင့်ဘူး”၊ “လူတွေ အလုပ်ကြိုးစားသင့်တယ်”လို့ ပြောမယ်ဆိုရင် “နေက ရှိသင့်တာထက်ကြီးနေတယ်၊ ငယ်ရင် ကောင်း မယ်”လို့ ပြောတာနဲ့ အတူတူပါပဲ။ အရှိကိုအရှိအတိုင်း လောကကြီးကို လက်ခံလိုက်ပါ။ 
သီတာက ပြောပါတယ်။


“ကမ္ဘာကြီးတစ်ခုလုံး   ငြိမ်းချမ်းရေးမရမချင်း၊  ကျွန်မ ဘယ်လိုမှ စိတ်ချမ်းသာမှာမဟုတ်ဘူး” စိတ်ထားက မြင့်မြတ်ပါတယ် မသီတာ၊ ဒါပေမဲ့ လိမ္မာပါးနပ်တဲ့ အတွေးအခေါ်တော့ မဟုတ်ပါဘူး။ ပျော်ရွှင် အောင်နေပြီး  ကိုယ့်ပတ်ဝန်းကျင်ကိုပဲ  တစ်နိုင်တစ်ပိုင် ငြိမ်းချမ်းရေး ရအောင် တည်ဆောက်သင့်ပါတယ် မသီတာ။ 
အရှိကိုအရှိအတိုင်း လောကကြီးကို  လက်ခံပါ။ ပြီးရင်တော့ လူသားတွေ ကောင်းကျိုးကိုလုပ်ဖို့ တစ်နိုင်တစ်ပိုင် တာဝန်ယူတဲ့စိတ် ရှိရပါမယ်။ 
အငြိမ်းစား အဆင့်မြင့် အရာရှိကြီးတစ်ဦးက ဆိုပါတယ်။
 “ကျွန်တော် အစိုးရ အလုပ်လုပ်နေတုန်းက နေ့စဉ်ကြီးမားတဲ့ တာဝန်တွေအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ရတယ်။ အနားယူပြီး အိမ်မှာနေပြန်တော့လည်း  အိမ်သန့်ရှင်းရေး၊   ခြံသန့်ရှင်းရေး၊ မြေးတွေ ကျောင်းကြို၊ ပို့အတွက် ပူပန်ရပြန်တယ်”။ ဟုတ်ပါတယ်။ ကျွန်တော်တို့က ပူပန်စရာမရှိတာကို ရှာဖွေပူပန်တတ်ကြပါတယ်။ စာဖတ်သူ နေပြည်တော်ကို သွားတဲ့ခရီးစဉ်တစ်ခုကို စဉ်းစားပုံဖော် ကြည့်ပါ။ 

နေပြည်တော်သွားတဲ့ ရွှေမန်းသူဘတ်စ်ကားပေါ်ကို စာဖတ်သူ ည ၁၁ နာရီ ရောက်ပြီး စထွက်ပါတယ်။ ၅ နာရီလောက်အိပ်ပြီး အနားကောင်းကောင်းယူမယ်လို့ စဉ်းစားလိုက်စဉ်မှာပဲ ဘေးကကိုယ် တော်ချောက ကိုယ့်ဘက်ကို ငိုက်ငိုက်ကျလာပါတယ်။ ကိုယ်တော် ချောရဲ့ ခေါင်းက ကိုယ့်ပခုံးပေါ်ကို ကျလာလို့ ပြန်ပြန်တွန်းနေရပါတယ်။ ဟောက်လည်းဟောက်ပါသေးတယ်။ စာဖတ်သူက “ငါ့ခရီးစဉ်တော့ ပျက်ပါပြီ။ ဒီငနဲနဲ့ကျမှ တစ်ခုံတည်းကျရတယ်” ဆိုပြီး စိတ်တိုတိုနဲ့ ကိုယ်တော်ချောရဲ့ခေါင်းကို တွန်းလိုက်ရာ ခေါင်းက ဘတ်စ်ကား နံရံကို မှီပြီးအိပ်သွားပါတယ်။ ကိုယ့်ဘက်ကို ကျမလာတော့ပါ။ မျက်စိမှေးပြီး အိပ်မယ်ကြံစဉ်မှာပဲ နောက်တန်းက နှစ်နှစ်သား ကလေးက  စူးစူးဝါးဝါး   ငိုချလိုက်ပါတယ်။ အမေက ကြိုးစား၍ ချော့မော့သော်လည်း ကလေးက ငိုမြဲသာ ငိုနေပါတယ်။ စာဖတ်သူ ဘယ်လောက်စိတ်တို စိတ်ညစ်မယ်ဆိုတာ တွေးကြည့်ပါ။ ကလေး ငိုသံကြောင့် စိတ်တိုနေစဉ်မှာပဲ ကားကယိမ်းထိုးသွားပြီး ကားပေါ်ပါ သူများ အော်ကြဟစ်ကြနဲ့  ကားကရပ်သွားပါတယ်။ ဘာဖြစ်တာပါ လိမ့်လို့ စဉ်းစားနေစဉ်မှာ စပယ်ယာက ရှေ့ဘီးပေါက်သွားကြောင်းနဲ့ ဘီးလဲရမှာဖြစ်လို့ ခရီးသည်တွေအားလုံး အောက်ဆင်းရပါတယ်။ ဆောင်းတွင်းမို့လားမသိ တိုက်ခတ်နေတဲ့လေက ခိုက်ခိုက်တုန် အောင် အေးပါတယ်။ လမ်းပေါ်မှာ ထိုင်စရာလည်းမရှိ၊  အေးက လည်းအေး၍ ကားပေါ်ကိုသာ ပြန်ရောက်ချင်နေမိပါတယ်။ ဘေးက လူ ဟောက်ချင်သလောက် ဟောက်ပါစေ၊ ကလေးငိုချင်သလောက် ငိုပါစေ၊ ကားပေါ်မှာသာ ထိုင်ချင်ပါတယ်လို့ ဆုတောင်းနေမိပါတယ်။ မကြာခင်မှာပဲ ကားပေါ်ကို  ပြန်တက်ကြဖို့  ကားစပယ်ယာက ပြောပါတယ်။ ကားပေါ်ကို ပြန်ရောက်တဲ့အခါ ကလေးက ငိုပြန်ပါ တယ်။ 


လူ့သဘာဝက စိတ်ပူပန်မှု ဖြစ်စဉ်တွေထဲက အဆိုးရွားဆုံးကိုသာ ပူပန်လေ့ရှိပါတယ်။ ကျွန်တော်တို့ ခြေထောက်ကျိုးလို့ ကျောက်ပတ် တီးစည်းထားရတဲ့အချိန် ခေါင်းကိုက်တာလောက်ကို မမှုပါ။ ညနေ ပိုင်းက သူရဲတစ္ဆေရုပ်ရှင်ကြည့်ပြီး တစ်ယောက်တည်းအိပ်ရမှာကို ကြောက်နေချိန်မှာတော့ လင်ယောက်ျားရဲ့ နားမခံသာတဲ့ ဟောက်သံ ကိုလည်း မမှုတော့ပါ။ 


ဒါဆိုရင် “ကျွန်တော်တို့ကို ပတ်ဝန်းကျင်က စိတ်ပူပန်မှုတွေ မပေးအောင် လုပ်လို့ရမလား”လို့မေးရင် “ရတယ်”လို့ စာရေးသူ ဖြေပါမယ်။ ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ သံမှိုစွဲထားသလို စွဲနေတဲ့ စည်းမျဉ်းတွေက ကျွန်တော်တို့ကို ပူပန်စေတာပါ။ ဒီစည်းမျဉ်း တချို့ကို လျှော့လိုက်ရင်သော်လည်းကောင်း၊ စည်းမျဉ်းတွေကို ဖယ်ထုတ်လိုက်လျှင်သော်လည်းကောင်း ပူပန်မှုတွေ  လျော့သွား ပါလိမ့်မယ်။

(ဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်မှ   သိကြားမင်းက ကိုယ်ယောင်ပြပြီး “သင်အောင်မြင်ချင်ရင် အောင်မြင်လို့ရပြီ၊ ခွင့်ပြုပြီ”လို့ ဘယ်တော့မှ ပြောမှာတော့မဟုတ် ပါဘူး   ဆောင်းပါးကို  စာရေးသူ၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြ ခြင်းဖြစ်ပါသည်။ စာတည်း)


(ဆက်လက်ဖော်ပြပါမည်)