
ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ အဲဗာတန်နှင့် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ် အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီက ဂွတ်ဒီဆင်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိသည်။ အဆိုပါ နိုင်ပွဲသည် နည်းပြသစ်ဒိုက်ချီလက်ထက် ပထမဆုံးနိုင်ပွဲ ရရှိခြင်းဖြစ်သလို အဲဗာတန် အသင်း၏ ပြိုင်ပွဲစုံ ၁၁ ပွဲတွင်လည်း ပထမဆုံးနိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် အဲဗာတန်အသင်းကို ခြေအသာ၊ ဂိုးကန်သွင်းမှု အသာဖြင့် ပွဲအချိန်အများစုကို ဖိအားပေးထိန်းချုပ် ကစားနိုင်ခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်အားနည်းမှုကြောင့် နိုင်ပွဲနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ အဲဗာတန်အသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၆၀ တွင်ရရှိခဲ့ပြီး ဒွိုက်မက်နေးလ်၏ ဖန်တီးမှုကို ဂျိမ်းစ်တာကောစကီးက သွင်းယူနိုင်ခဲ့သည်။ ယခုပွဲအနိုင်ရရှိမှု ကြောင့် အဲဗာတန်အသင်းသည် ပရီမီယာလိဂ် ၂၁ ပွဲကစားပြီး ရမှတ် ၁၈ မှတ် ရရှိလာပြီ ဖြစ်သည်။ ပြိုင်ဘက် အာဆင်နယ်အသင်းက ယခုပွဲ ရှုံးနိမ့်မှုကြောင့် ပရီမီယာလိဂ် ရှုံးပွဲ နှစ်ပွဲအထိ ရှိလာပြီဖြစ်ပြီး ဒုတိယ နေရာမှ ထက်ကြပ်မကွာ ဖိအားပေးနေသည့် မန်စီးတီးအသင်းနှင့် ပွဲတူအနေအထားတွင် ငါးမှတ်သာ ကွာဟတော့သည်။
အဲဗာတန်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် အသင်းကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြိုင်ဘက် အာဆင်နယ်အသင်းက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဘရန့်ဖို့ဒ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်များတွင် မန်ယူတို့ အိမ်ကွင်း၌ ပဲလေ့စ်ကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရသည်။ မန်ယူတို့ ယင်းပွဲအနိုင်ကြောင့် ရမှတ် ၄၂ မှတ် ရရှိထားသည်။ လီဗာပူးက အဝေးကွင်း၌ ဝုလ်ဖ်ကို သုံးဂိုး - ဂိုးမရှိ ဖြင့် ဂိုးပြတ်ရှုံးနိမ့်သည်။ ဗီလာက လက်စတာကို လေးဂိုး - နှစ်ဂိုးဖြင့် ရှုံးပြီး ဘရန့်ဖို့ဒ်က ဆောက်သမ်တန်ကို သုံးဂိုး - ဂိုးမရှိ၊ ဘရိုက်တန်က ဘုန်းမောက်ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။
အောင်ဇော်