မန်ယူအသင်းသည် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းမှ ပြန်လည်ခေါ်ယူထားသည့် တိုက်စစ်မှူး စီရော်နယ်ဒိုအနေဖြင့် အိုးထရက်ဖို့ဒ်တွင် နံပါတ် ၇ ဂျာစီကို ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် (၃၆နှစ်)ရှိ စီရော်နယ်ဒိုသည် လက်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီထံမှ နံပါတ် ၇ ဂျာစီကို လွှဲပြောင်းရယူခြင်းဖြစ်ကာ ကာဗာနီက လိဒ်စ်အသင်းသို့ ပြောင်း ရွှေ့သွားသော ဂျိမ်းစ်၏ နံပါတ် ၂၁ ဂျာစီကို ပြောင်းလဲဝတ်ဆင်ကစားမည်ဖြစ်သည်။
စီရော်နယ်ဒိုသည် ငါးရက်ကြာ သီးသန့်ခွဲခြားနေထိုင်မှုပြီးလျှင် မန်ယူအသင်း ဖော်များနှင့် ပူးပေါင်းမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ယှဉ်ပြိုင်ကစား မည့် နယူးကာဆယ်အသင်းနှင့်ပွဲစဉ်တွင် ၎င်း၏ မန်ယူအသင်းနှင့် ဒုတိယ အကြိမ်မြောက် ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ကစားဖွယ်ရှိနေသည်။
မန်ယူအသင်းသည် ပရီမီယာလိဂ် သုံးပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်ပြီး တစ်ပွဲ သရေကျထားသည့်အတွက် ခုနစ်မှတ် ရရှိထားကာ အမှတ်ပေးဇယား အဆင့် (၃) နေရာတွင် ရပ်တည်နေသည်။