
ညောင်ရွှေ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု စိုက်ပျိုးကျေးရွာရှိ ရှီဝါဂေါ်ရခါး ဘုရားရှိခိုးကျောင်းသွားလမ်း၌ အောက်တိုဘာ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကို မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ဝေလင်း ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာ အေးသာယာမြို့မှ ညောင်ရွှေမြို့ သို့ ဆိုင်ကယ်ဖြင့် လက်လုပ်မိုင်း သယ်ဆောင်လာသူ အမျိုးသား တစ်ဦး ယာလက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာဘက်ပေါင် ပြတ်ထွက်ဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရပြီး ဆက်လက်စုံစမ်းစစ် ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံး သူမှာ တောင်ကြီးမြို့နယ် အေးသာ ယာမြို့သစ်ရပ်ကွက်(၇) နယ်မြေ (၁၁) အမှတ်(၄၁၃)နေ ဇော်မျိုး ထွန်း (ခ) အာတစ် (၂၄ နှစ်) ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မသူဇာမြင့် ထံမှ အတည်ပြုသိရှိရသည်။
အခင်းဖြစ်ပွားရာ နေရာအနီး တစ်ဝိုက်ကို ရှာဖွေစစ်ဆေးခဲ့ရာ သေဆုံးသူ၏ အရှေ့ဘက် ၁၀ ပေ ခန့်အကွာ လမ်းဘေးချုံပုတ် အတွင်း အဝါရောင်ပလတ်စတစ် အိတ်ဖြင့်ထုပ်ထားသည့် အထုပ် တစ်ထုပ်ကို သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အက်ကွဲနေသည့် အလျား ၁၃ လက်မ၊ အကျယ် သုံး လက်မ ကွန်ကျူးပိုက်အတွင်း၌ အရှည် ၁၂ လက်မ၊ လုံးပတ် တစ် လက်မရှိ သံပိုက်လုံး (အဝပိတ်)၊ ဘောစေ့များ၊ ပုလင်းကွဲစများ ထည့်သွင်းပြုလုပ်ထားပြီး ဝိုင်ယာ ကြိုးနှစ်စ တပ်ဆင်ထားသည့် လက်လုပ်မိုင်း တစ်လုံးနှင့် ကီးပက်ဖုန်းတစ်လုံးတို့ကို တွေ့ရှိ ၍ နံနက် ၁၁ နာရီခန့်တွင် မိုင်း ရှင်းလင်းဆောင်ရွက်ပြီးကြောင်း နှင့် သေဆုံးသူနှင့် ပတ်သက် ဆက်စပ်သူများအား သက်ဆိုင်ရာ မှ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ