ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာတွင် မီးလောင်မှုဖြစ်

 

ညောင်ဦး    ဖေဖော်ဝါရီ   ၂၆


 မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  သူကောင်းတည်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်က  မီးလောင်မှုဖြစ်ပွားပြီး  လူနေအိမ်  လေးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း  ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။

 


ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက မီးလောင်မှုဖြစ်ပွား နေကြောင်း  ဖုန်းဖြင့်သတင်းပေးပို့    အကူအညီတောင်းခံလာသဖြင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး   ဦးကျော်မင်းသူ   ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး ၊ လူမှုရေးအသင်းအဖွဲ့မှ ရေသယ်ယာဉ် တစ်စီး တို့နှင့်အတူ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ဝိုင်းဝန်း ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။ 

 


အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်လေးလုံးဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍  ညောင်ဦးမြို့နယ် လက်ပံခြေပေါ်နယ်မြေ ရဲစခန်းမှ မီးလောင်မှုဖြစ်စေသူအား အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။                

ရဲဝင်းနိုင် (ညောင်ဦး)