
ဘမောင်တိုး
======
တိုင်းပြည်မှာ ဆူပူအကြမ်းဖက်အဖျက်လုပ်ရပ်တွေ ပေါ်ပေါက်နေတာဟာ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မကောင်းတဲ့အဖြစ်တွေပါပဲ။ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေမယ်ဆိုရင် ပြည်သူတွေ ဘယ်သူမှဝမ်းသာကြမှာ မဟုတ်ပါဘူး။ မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထုအများစုဟာ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကြောင့် ကြောက်ရွံ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပူပန်သောက ရောက်နေကြမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ပြည်သူအားလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မကောင်းမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့သူတွေက အနည်းစုဖြစ်ပြီး စိုးရိမ်ထိတ်လန့်ဖြစ်ကြတဲ့ ပြည်သူတွေက အများစုဖြစ်မှာ သေချာပါတယ်။
ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေကို ဘယ်သူမှ မလိုလားကြပါဘူး။ လိုလားကြပါတယ်ဆိုသူတွေ က ဆူပူလိုသူတွေ၊ အဖျက်သမားတွေ၊ အမှန်နဲ့ အမှားကို ကွဲကွဲပြားပြား မမြင်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မြို့ရွာတွေအေးချမ်းတည်ငြိမ်အောင်၊ အဖျက်လုပ်ရပ်တွေ ကင်းစင်အောင် လုံခြုံရေး တပ်ဖွဲ့တွေက အဆက်မပြတ်ပြုလုပ်ပေးနေတာ တောက်လျှောက်ပါပဲ။ လုံခြုံရေးတပ်ဖွဲ့တွေဟာ အေးချမ်းစွာ နေထိုင်ကြတဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေပြီး ဆူပူသူတွေ၊ အကြမ်းဖက် အဖျက်လုပ်ရပ် လုပ်နေတဲ့သူတွေကို တားဆီးကာကွယ်ပေးနေတာတွေဟာ မိဘပြည်သူ ပြည်သူလူထုအားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားကိုဖမ်းဆီး
ယခုရက်ပိုင်းအတွင်း ဆူပူအကြမ်းဖက်မှုတွေ ကို တားဆီးတိုက်ဖျက်လိုက်နိုင်တာတွေကို တွေ့မြင်လိုက်ရတော့ ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ပြည်သူထဲက ပြည်သူတွေအနေနဲ့လည်း သင်ခန်း စာတွေကို ဖော်ထုတ်ရရှိလိုက်ကြမှာ ဖြစ်ပါ တယ်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ထဲက ပန်းဆက်ရွာကဖြစ်စဉ်နဲ့ မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာမြို့က ဖြစ်စဉ်တွေဟာ သင်ခန်းစာ ယူစရာ၊ မှတ်သားစရာတွေ ဖြစ်ပါတယ်။ မိတ္ထီလာ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကို အကြမ်းဖက် PDF သင်တန်းဆင်းလာသူ အောင်ချစ်ကိုဆီကို သတင်းပို့နေတဲ့ သိန်းသိန်းအိ (ခေါ် ) ကုလားမကို ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းက မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးမိရာက ဇာတ်လမ်းပေါ်လာပါတယ်။ TNLA အကြမ်းဖက် သောင်းကျန်းသူနယ်မြေမှာ သင်တန်းတက်ပြီး မိတ္ထီလာကို ပြန်ရောက်နေတဲ့ အောင်ချစ်ကို ကို ကုန်မာဆိုင်တစ်ဆိုင်မှာ ဖမ်းဆီး ရမိခဲ့ပြီး တရားခံလက်ခံထားသူ လင်မယား နှစ်ယောက်ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။
အောင်ချစ်ကိုဟာ သူ့ရဲ့အပေါင်းပါတွေနဲ့ ဧပြီလ ၂၇ ရက်နေ့မှာ မိတ္ထီလာမြို့က ခရိုင်ပညာရေး မှူးရုံးနဲ့ မြို့နယ်လဝကရုံးတွေကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲခဲ့သူဖြစ်ပါတယ်။ မေလ ၆ ရက်နေ့ မှာ ၎င်းနဲ့အပေါင်းပါတွေက အမက(၃၀) ကျောင်း မှာ ဆရာ ဆရာမတွေ ကျောင်းပြန်လည်ဖွင့်လှစ် နိုင်ရေး အစည်းအဝေးပြုလုပ်နေစဉ်မှာ ကျောင်းတွေ ပြန်မဖွင့်နိုင်အောင် ကျောင်းဝင်းထဲကို လေးခွနဲ့ ပစ်တာ၊ ကျောင်းဝင်းထဲကို ဝင်ရောက်ပြီး ဆရာ ဆရာမတွေရဲ့ မော်တော်ဆိုင်ကယ်သုံးစီးကို မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်တစ်နေ့ မေလ ၇ ရက်နေ့မှာ ခရိုင်ပညာရေးမှူးရုံးထဲ ဝင်ရောက်ပြီး ဆရာ ဆရာမတွေရဲ့ မော်တော် ဆိုင်ကယ်ခြောက်စီးကို ဓာတ်ဆီလောင်း မီးရှို့ဖျက် ဆီးခဲ့တာကို အွန်လိုင်းပေါ်က စီစီတီဗွီမှတ်တမ်းမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဆက်လက်၍ ဖောက်ခွဲ ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် လက်လုပ် မိုင်းတွေကို မြေအောက်ခန်းမှာ ပြုလုပ်ခဲ့တဲ့ ရွှေအုန်းပင်ထမင်းဆိုင်က ရရှိခဲ့ပါတယ်။
လက်ရဲဇက်ရဲလုပ်ကိုင်ခဲ့
တရားခံအောင်ချစ်ကိုဟာ ဆူပူအကြမ်းဖက်မှု တွေမှာ ပါဝင်ဆောင်ရွက်နေတာကြောင့် မေလ ၁၈ ရက်နေ့မှာ ပုဒ်မ - ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပြီး ဖမ်းဆီးရန်ကျန်ရှိနေတဲ့ ဆက်စပ်တရားခံ ဇင်မင်းဖြိုးရဲ့ စေခိုင်းချက်အရ TNLA အကြမ်းဖက် သောင်းကျန်းသူတွေ လှုပ်ရှားလျက်ရှိတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခွန်ကော်အုပ်စု အုန်အီးကျေးရွာမှာ မေလ ၅ ရက်မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းမှ ပြန်ရောက်ချိန် မှာ အခြားသူတွေကိုလည်း ဖောက်ခွဲရေးသင်တန်း တက်ရောက်ဖို့ စည်းရုံးချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ အောင်ချစ်ကိုနဲ့ အပေါင်းပါ တွေဟာ ဖေဖော်ဝါရီလ၊ မတ်လ ဆူပူအကြမ်းဖက်မှု တွေမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ဧပြီလမှစလို့ မိတ္ထီလာ မြို့ပေါ်မှာ အဖျက်လုပ်ငန်းတွေနဲ့ အပြစ်မဲ့ပြည်သူ တွေကို ပစ်ခတ်လုပ်ကြံမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။ အောင်ချစ်ကိုနဲ့ အပေါင်းပါတစ်စုဟာ ဧပြီလ၊ မေလ၊ ဇွန်လနဲ့ ဖမ်းဆီးရမိတဲ့ ဇူလိုင်လ ၂၇ ရက်နေ့အထိ မိတ္ထီလာမြို့ပေါ်မှာ အဖျက်လုပ်ငန်း တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လက်ရဲ ဇက်ရဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့တာကို တွေ့ရ မှာဖြစ်ပါတယ်။
နောက်ဖြစ်စဉ်တစ်ခုကတော့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ထောက်ထားညှာတာမှု ကင်းမဲ့စွာနဲ့ နည်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးတာတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ အနက် ၅၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ လက်ရဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပန်းဆက် ကျေးရွာကို အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာ သားတစ်ဦး လက်နက်ငယ်ထိမှန် သေဆုံးခဲ့ပြီး ရွာသားငါးဦး ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဆက်လက် ၍ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၀၀ ခန့်ဟာ ပန်းဆက်ကျေးရွာရဲ့ အနောက်တောင် ဘက်မှာရှိတဲ့ တောင်ဖြူကျေးရွာအနီးတစ်ဝိုက်ကို ရောက်ရှိလာရာ ကျေးရွာသားတွေ ညီညီညွတ်ညွတ် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာကြောင့် အကြမ်းဖက် သောင်းကျန်းသူသုံးဦးကို အသေရမိခဲ့ပြီး တူမီး သေနတ် အလက် ၅၀ အပါအဝင် အကြမ်းဖက် သောင်းကျန်းသူ ၅၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
အငြိုးအတေးတိုက်ခိုက်
အဆိုပါဖြစ်စဉ်နှစ်ခုကို ကြည့်မယ်ဆိုရင် ပန်းဆက်ကျေးရွာနဲ့ တောင်ဖြူကျေးရွာသားတွေ ဟာ မိမိတို့ရွာကို မိမိတို့ ကာကွယ်စောင့်ရှောက်ခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။ အချိန်တိုကာလအတွင်း ပန်းဆက်ကျေးရွာနဲ့ တောင်ဖြူကျေးရွာကို လာရောက်ဖျက်ဆီးတိုက်ခိုက်ကြတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို ညီညီညွတ်ညွတ် ရဲဝံ့စွာ ခုခံတွန်းလှန်ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း အချိန်မီ လာရောက်ကူညီကာကွယ်စောင့်ရှောက် ပေးတဲ့အတွက် အကြမ်းဖက်သောင်းကျန်းသူ ရာနှင့် ချီတဲ့အင်အားတွေအနက် အကြမ်းဖက်သမား ၅၀ ကျော်ကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။
အကြမ်းဖက် သောင်းကျန်းသူတွေဟာ ပန်းဆက်ကျေးရွာကို အငြိုးအတေးထားပြီး အခြား ရွာတွေ အကြောက်တရားကြီးအောင် နမူနာလုပ်ပြဖို့ အတွက် လာရောက်တိုက်ခိုက်ကြတာဖြစ်ပြီး ရွာသားတွေညီညွတ်မှုနဲ့ ခုခံကြသလို လုံခြုံရေး တပ်ဖွဲ့တွေ အချိန်မီကူညီပေးလို့ ထင်သလိုဖြစ်မလာ ဘဲ အဖျက်သမားတွေပဲ အသေ/ အရှင် ဖမ်းဆီးရမိ တာ ဖြစ်ပါတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ကျေးရွာသားတွေက “ပန်းဆက်ရွာကို သောင်း ကျန်းသူတွေ လာဝိုင်းတဲ့ကိစ္စကတော့ ပြီးသွားပါပြီ။ ရွာဘက်က တစ်ဦးကျ၊ သုံးဦး ဒဏ်ရာရလို့ စိတ်မကောင်းစရာပေါ့။ လာဝိုင်းတဲ့ သောင်းကျန်းသူ အင်အား သုံးလေးငါးရာလောက်ရှိတယ်။ ရွာက လူညီပြီး ပတ်လည်မှာ ကတုတ်တွေနဲ့ ခုခံထားလို့ ရွာကတော့ မကျပါဘူး။ လုံခြုံရေးတပ်ဖွဲ့က အချိန် မီရောက်လာလို့ အောင်မြင်တာပါ။ ပန်းဆက်နဲ့ သုံးလေးမိုင်ဝေးတဲ့ တောင်ဖြူရွာကိုလည်း အင်အားတစ်ရာခန့်ဝင်ပါတယ်။ ရွာက လူညီပြီး တိုက်နည်း ဗျူဟာတွေကောင်းတော့ ဒီကောင်တွေ ခံသွားရတယ်။ သူတို့ရွာထဲဝင်ဖို့ သေနတ်ဖောက် ကြတာ၊ သူတို့သေနတ်တွေက တူမီးတွေဆို တော့ ယမ်းထောင်းနေတဲ့အချိန် ရွာသားတွေက တူမီးနဲ့ပဲ ဝိုင်းလိုက်တာ ၅၀ ကျော် အရှင်မိပါ တယ်။ ခုတော့ လုံခြုံရေးတပ်ဖွဲ့ကို လွှဲလိုက်ပါ တယ်။
တောင်ဖြူကတော့ ပြောင်မြောက်လှ ပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်းဆက်ရော၊ တောင်ဖြူ ရော ဒီနေ့ကိစ္စကို ချီးကျူးပါတယ်။ အသိအမှတ် လည်း ပြုရမှာပါ။ လုံခြုံရေးတပ်ဖွဲ့ အချိန်မီရောက် လာတာကိုလည်း ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက် မင်းကင်းမြို့နယ် လုံခြုံရေးကို ဦးစားပေးသင့် ပါကြောင်း အကြီးအကဲများကို တင်ပြပါတယ်” ဟု အကြမ်းဖက်မှုကို မလိုလားတဲ့ အသံတွေကို ကြားခဲ့ရပါတယ်။
ညီညွတ်မှုဟာအရေးကြီး
မိတ္ထီလာဖြစ်စဉ်ကတော့ အကြမ်းဖက်အဖျက် သမား ဆယ်ဦးမကျော်တဲ့ လူတစ်စုဟာ ဧပြီလကစလို့ ဖမ်းဆီးရမိတဲ့ ဇူလိုင်လကုန်အထိ မိတ္ထီလာမြို့ပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို လနဲ့ချီကြာ လုပ်ကိုင်ခဲ့ပါတယ်။ လူဦးရေ သိန်းချီရှိ တဲ့ မြို့နေပြည်သူတွေဟာ အကြမ်းဖက်သမား လူတစ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စိုးရိမ် ပူပန်မှုဖြစ်ကြပေမယ့် ဒီအကြမ်းဖက်သမား လူ တစ်စုရဲ့ အန္တရာယ်ကို ဟန့်တားလုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထုံးစံအတိုင်းပင် အကြမ်းဖက်သမား တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဒလန်လို့ စွပ်စွဲသတ် ဖြတ်ခံရမှာတွေကို ကြောက်ရွံ့နေကြလို့ ဖြစ်တန် ကောင်းပါတယ်။ ဒါ့ကြောင့်လည်း အကြမ်းဖက် သမား လူတစ်စုက မိတ္ထီလာမြို့ပေါ်မှာ လက်ရဲ ဇက်ရဲ အချိန်ကြာမြင့်စွာ အဖျက်လုပ်ရပ်တွေ လုပ်ကိုင်နိုင်တာဖြစ်ပါတယ်။ အဓိကမှာ ပြည်သူ တွေရဲ့ ပူးပေါင်းပါဝင်မှု၊ ညီညွတ်မှုဟာ အရေးကြီး ဆုံးဖြစ်တယ်ဆိုတာကို မင်းကင်းမြို့နယ်ဖြစ်စဉ်နဲ့ မိတ္ထီလာမြို့နယ် ဖြစ်စဉ်တွေက လက်တွေ့ သက်သေပြထားပြီးဖြစ်ပါတယ်။
ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်းပြည် ငြိမ်းချမ်း သာယာရေးအတွက် ပြည်သူတွေရဲ့အားဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ညီညွတ်မှုဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။ ညီညွတ်ကြရင် အဖျက်အန္တရာယ်ကို တစ်ရက် တည်းနဲ့ကာကွယ်နိုင်ပြီး မညီညွတ်ကြရင် လပေါင်းရှည်ကြာ ဒုက္ခအခက်အခဲ ခံစားရနိုင်ပါ တယ်။
တိုင်းပြည်ပျက်စီးရေး လမ်းကြောင်းပေါ်မှာ ညီညွတ်ကြရင် အစိုးရမထိခိုက်ဘဲ တိုင်းပြည်နဲ့ လူထုထိခိုက်နိုင်ပါတယ်။ မိမိတို့လည်း ပျက်စီးမှာ ဖြစ်ပြီး တိုင်းပြည်မပျက်စီးရေးအတွက် အကြမ်း ဖက် အဖျက်သမားသောင်းကျန်းသူ သတင်း တွေကို လုံခြုံရေးတပ်ဖွဲ့အား အသိပေးခြင်းဖြင့် ပူးပေါင်းကူညီကြရင် တိုင်းပြည်ငြိမ်းချမ်းသာယာ ပြီး ပြည်သူတွေလည်း စိတ်ချမ်းသာမှာဖြစ် ပါကြောင်း။ ။
- Log in to post comments