ညီညွတ်မျှတစွာစားသုံးတတ်ရေး အသိပညာပေး၊ ပြုပြင်ဆောင်ရွက်

 

“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော မြန်မာတို့၏ ဆိုရိုးစကား အရ အစာအာဟာရကို ညီညွတ်မျှတစွာ စားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံ သည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ ရှေးကပင် သိနားလည် ခဲ့ကြပုံပေါ်သည်။ သို့ရာတွင်  စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံ ကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက် တတ်မှုအရာတွင် အားနည်းလှသည်။ 


၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကလေး ၁၀၀၀ မွေးဖွားလျှင် ၆၂ ဦး သေဆုံးနေသည်ဟု ဆိုသည်။ လေ့လာတွေ့ရှိချက်များအရလည်း မြန်မာနိုင်ငံတွင် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးမှုနှုန်းသည် ဒုတိယမြောက် အမြင့်မားဆုံးဖြစ် ကြောင်း၊ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ(Iron Deficiency Anaemina- IDA)ကြောင့် ကျန်းမာရေးချို့တဲ့မှုနှုန်းတွင် ပဉ္စမမြောက် အမြင့်မားဆုံးဖြစ်သည်ဟု ဆိုသည်။ ကလေး ၂၉ ရာခိုင်နှုန်း သည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းကိုခံစားနေကြရပြီး ကိုယ်ဝန် ဆောင်မိခင်တစ်သိန်းကျော် နှစ်စဉ်သေဆုံးနေခြင်းမှာ အာဟာရမပြည့်ဝ ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အထက်ဖော်ပြပါ ကိန်းဂဏန်းအချက် အလက်များမှာ နှစ်ကာလအနည်းငယ်  ကွာခြားလျက်ရှိပြီဖြစ်သော်လည်း အဓိကအားဖြင့် အာဟာရချို့တဲ့မှုသည်  မိမိတို့  နိုင်ငံအဖို့  အလေးထား ဆောင်ရွက်သွားရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်ကို တွေ့ရှိနိုင်သည်။


“မိမိတို့နိုင်ငံသည်   စိုက်ပျိုးမြေဧရိယာကျယ်ပြန့်ခြင်း၊   လူဦးရေ သင့်တင့်မျှတခြင်း၊ ရာသီဥတုသမမျှတခြင်းတို့ရှိသည့်အတွက် အခြေခံ အားဖြင့်  စားနပ်ရိက္ခာဖူလုံ လုံခြုံမှုရှိသည်ဟုဆိုနိုင်သော်လည်း နိုင်ငံသား တစ်ဦးချင်းစီအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအစာ များကို သင့်တင့်မျှတအောင် ရွေးချယ်စားသုံးနိုင်မှုအလေ့အထ အားနည်း သည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့တာဝန်ကျရာ ဒေသအသီးသီးကို သွားရောက်တာဝန် ထမ်းဆောင်သည့်အခါ  စားသောက်နေထိုင်သည့်ပုံစံကို   ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အသိပညာပေးခြင်း၊ ပြုပြင်ပေးခြင်းများကိုဆောင်ရွက် သွားကြရန် အလေးအနက်ထား  မှာကြားလိုကြောင်း”  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်က  တပ်မတော်ဆေးတက္ကသိုလ်  ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၄)  သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုနှင့်စပ်လျဉ်း၍ အရေးကြီးရောဂါ တစ်ခုဖြစ်သည့် သံဓာတ်ချို့တဲ့မှုမှာ စားသောက်မှုပုံစံတကျဖြင့် ကာကွယ် နိုင်သည်။ သံဓာတ်သည် သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်ပြီး သံဓာတ် ချို့တဲ့ပါက သွေးအားနည်းရောဂါကိုခံစားရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင် များ သွေးအားနည်းပါက ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားစဉ်၊ မွေးဖွားပြီး ကာလများတွင် အသက်အန္တရာယ်ကြုံတွေ့နိုင်ပြီး လမစေ့၊ ပေါင်မပြည့် သော ကလေးမွေးတတ်သည်။ ကလေးများသွေးအားနည်းပါက ခန္ဓာကိုယ် ကြီးထွားမှု၊ ပညာသင်ကြားမှုတို့တွင်  နှောင့်နှေးစေနိုင်ပြီး  ရောဂါရလွယ် သည်။ ကလေး၊ လူကြီးများ  သွေးအားနည်းပါက အားအင်ချည့်နဲ့ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းနှင့်ရောဂါပြင်းထန်သည့်အခါ နှလုံးရောဂါအထိ ဖြစ်ပွားနိုင်သည်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါမှကာကွယ် ရန် အသား၊  အသည်းနှင့် သွေးခဲကဲ့သို့  သံဓာတ်အထူးကြွယ်ဝသည့် အစားအစာများ၊  ဟင်းနုနယ်၊ မုန်ညင်း၊ ကန်စွန်း၊ ကင်းပုံ၊ ချဉ်ပေါင်စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးကဲ့သို့သော သံဓာတ် အတော် အတန်ကြွယ်ဝသည့်အစားအစာများကို တတ်နိုင်သမျှ၊ နေ့စဉ် စားသုံးသင့်သည်။ အသားဓာတ်နှင့် အချဉ်ဓာတ်(ဗီတာမင်စီ) တို့သည် ဟင်းသီးဟင်းရွက်နှင့်ပဲတို့မှ သံဓာတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်အောင်ကူညီပြီး လက်ဖက်ရည်အချို၊ ရေနွေးကြမ်းအဖန်ရည်၊ လက်ဖက်သုပ် စသည်တို့က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ် စေသည်။ အပျိုဖော်ဝင်အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့မှာ သံဓာတ်ဆေးပြားကို  သတ်မှတ်ပမာဏအတိုင်း သောက်ခြင်းဖြင့် သံဓာတ် ချို့တဲ့မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ 


အာဟာရချို့တဲ့မှုသည်  လူတစ်ဦးချင်းစီနှင့်   မိသားစုဝင်များဆီသို့ ရောဂါအမျိုးမျိုးတို့ကို ဖိတ်ခေါ်ရာရောက်သည့်အတွက် အာဟာရပြည့်ဝ စေရန် စားသောက်မှုပုံစံကျဖို့  လိုသည်။  အာဟာရပြည့်ဝစွာစားသုံးနိုင် ရေးအတွက်   မိသားစုဝင်ငွေရရှိရေး   ကြိုးပမ်းဆောင်ရွက်ရန်  လိုအပ် သကဲ့သို့ မိမိတို့ဝင်ငွေနှင့်ကိုက်ညီသည့်အစားအစာကို အာဟာရပြည့်ဝစွာ  စားသုံးနိုင်ရေးအတွက် ကျန်းမာရေးအသိသုတလည်း လိုအပ်မည်ဖြစ်ပါ ကြောင်း။     ။