ကိုယ်ကျန်းမာစိတ်ချမ်းသာမှု ကိုယ်တိုင်ပြု

အယ်ဒီတာ့အဘော်

===========

 

ကိုယ်ကျန်းမာစိတ်ချမ်းသာမှု ကိုယ်တိုင်ပြု

 

============================

 

လူ့ဘဝသက်တမ်းတစ်ခုသည် ခဏတာမျှဖြစ်သည်။ တစ်နည်းဆိုလျှင် လူ့ဘဝသည် အလွန်တိုတောင်းလှသည်။ ရက်၊ လ၊ နှစ်တို့သည် တရွေ့ရွေ့အလျင်အမြန်ကုန်ဆုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ကြုံတွေ့နေကြရ သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုဒဏ်သည် ပြင်းထန်ဆဲဖြစ်ပြီး အန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်လာစေရေးအတွက် အထူးသတိထား ဆောင်ရွက်နေရသည်။

ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့် ကြုံတွေ့လာရသည်မှာ နှစ်တစ်ဝက်မကတော့ပြီ။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင် ကျော်လွှားနေကြသည်မှာ နှစ်တစ်ဝက်နီးပါးရှိပြီ။ တစ်နှစ်တာကာလဟူသည် မည်မျှပင်မကြာလှသည်ဖြစ်၍ တစ်ခဏနှင့် ကုန်ဆုံးမည်ဖြစ်သည်။ ထိုကာလ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ယခုနှုန်းထား အတိုင်း ကြံ့ကြံ့ခံတွန်းလှန်ရင်း ဝိုင်းဝန်းလက်တွဲဆက်လက်ဆောင်ရွက် သွားနိုင်မည်ဆိုပါက မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးအတွက် စိတ်အေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသော နိုင်ငံမဟုတ်သဖြင့် ပြည်သူ များ၏ ကျန်းမာရေးအတွက် စိတ်အေးနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးမှုဖြင့် မလုံလောက်ဘဲ ပြည်သူများအနေဖြင့် ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို မိမိတို့ကိုယ်တိုင် အလေးထားလိုက်နာ ဖန်တီးနေထိုင်တတ်အောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ မည်သူမပြု မိမိမှု၊ မိမိကိုယ်သာ မိမိကိုယ်တိုင် အားကိုးအားထား ပြုရမည်ဆိုသည့်အတိုင်း မိမိကိုယ်တိုင် တာဝန်ကိုလေးစားတတ်ခြင်း၊ အလေ့အကျင့်ကောင်းများကို လုပ်ဆောင်တတ်သည့် စည်းကမ်းလိုက်နာခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင် ဖန်တီးကြရမည် ဖြစ်သည်။ ယနေ့ကာလတွင် နိုင်ငံသားများသည် ကိုယ်ခံအားကောင်းမွန်ရေး၊ ရောဂါဘယကင်းရှင်းရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတို့ကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၂၀ ခန့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံနေရသည်။ ထိုရောဂါသည် ရာသီမရွေး ကမ္ဘာအနှံ့ပျံ့နှံ့သော ရောဂါဖြစ်၍ ကျန်းမာရေးဆိုင်ရာ ထိန်းသိမ်းမှုများကို ထိထိရောက်ရောက် မလုပ်နိုင်ကြပါက ရောဂါပျောက်ကွယ်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထိုအခါ သန်းပေါင်းများစွာသော ကမ္ဘာ့ပြည်သူများ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘဝများနှင့် ကြာရှည်ကြုံတွေ့နေရမည် ဖြစ်သည်။ ထိုရောဂါကြောင့် ကမ္ဘာ့ ပြည်သူခုနစ်သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ ကျန်းမာရေးဘက်ဆိုင်ရာ နှင့်အတူ ပြည်သူများအားလုံး အထူးဂရုစိုက် မဆောင်ရွက်နိုင်ပါက ရှေ့ဆက်၍ ကူးစက်သေဆုံးတိုးပွားနေမည် ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းထားနိုင် သည့် အနေအထားရှိသည်ဆိုရာ၌ ပြည်သူများအား နေ့စဉ်ရောဂါစစ်ဆေးပေးနိုင်သည့်အချက်သည် အဓိကသော့ချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သံသယရှိသောသူများကို ရောဂါစစ်ဆေးနိုင်သည့် အနေအထားရှိသော်လည်း ပြည်သူအားလုံးကို လွှမ်းခြုံကာ စစ်ဆေးနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ပြည်သူ များတွင် မည်သူရောဂါရှိမှန်းမသိ ဖြစ်နိုင်သဖြင့် ယခုအခါ၌ အန္တရာယ်မရှိ သော်လည်း ရောဂါအန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်ကို သတိချပ် ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများကိုယ်တိုင် သတိမပေါ့၊ ကျန်းမာရေး ကို အထူးဂရုစိုက်ဖို့ တာဝန်ရှိသူများက အကြိမ်ကြိမ် သတိပေးနေရခြင်း ဖြစ်သည်။

ယခုအခါ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံဖြစ်နေပြီး ဘရာဇီးနိုင်ငံသည် ဒုတိယအများဆုံး ဖြစ်ပွားသောနိုင်ငံဖြစ်လာသည်။ လူဦးရေ သန်းတစ်ထောင် ကျော်ရှိသော မြန်မာနိုင်ငံအနောက်ဘက် အိမ်နီးချင်းနိုင်ငံကြီးသည် ရောဂါ ကူးစက်ခံရမှု တတိယမြောက်အများဆုံးနိုင်ငံဖြစ်လာသည်။ အိန္ဒိယနိုင်ငံ သည် ကမ္ဘာတွင်ရောဂါဖြစ်ပွားစက နိုင်ငံအတွင်း အပြင်းအထန်ထိန်းချုပ် ကန့်သတ်မှုများပြုလုပ်ခဲ့သောနိုင်ငံအဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှစ၍ ဖြေလျှော့မှုများ ပြုလုပ်ပေးပြီးနောက် လူစုလူဝေးများ ဖြစ်ပေါ်လာရာမှ ရောဂါကူးစက်မှုများ အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်မားလာခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူများ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေရေးအတွက် ရောဂါဘယကင်းဝေးအောင် ဆောင်ရွက်ကြရပေမည်။ ရောဂါကင်းဝေးရေး အတွက် ကျန်းမာရေးဌာနအနေဖြင့် အရေးပေါ်ကာကွယ်ကုသမှုများကိုသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ ပြည်သူများအားလုံး အခြေခံကျန်းမာရေး၊ ရောဂါဘယကင်းဝေးရေး၊ ရောဂါကူးစက်မှုမခံရရေးအတွက် ကိုယ်တိုင်အသိ၊ ကိုယ်တိုင်သတိဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့် လုပ်နည်း ကိုင်နည်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။ ။