သွေးလွန်တုပ်ကွေး ကာကွယ်ရေး အမျိုးသားရေးအသွင် ပူးပေါင်းပါဝင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ပြီးခဲ့သည့်နှစ်က မိမိတို့နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၄၀၀၀ ကျော်ရှိခဲ့ပြီး ယင်းအနက်မှ ၁၃၂ ဦး အဖိတ် အစဉ် ရှိခဲ့သည်ဟု ဆိုသည်။ ယခုနှစ်တွင်လည်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် ကိုဗစ်-၁၉ ကို အာရုံစိုက်နေကြသည့်တိုင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုအရေ အတွက်က ကိုဗစ်-၁၉ ရောဂါထက် ပိုမိုများပြားနေပြီး ပေါ့ဆ၍ မရကြောင်း သတိပေးနေသကဲ့သို့ပင် ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါက ရာသီအလိုက် ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး မုတ်သုံမိုးနှင့်အတူ နှစ်စဉ်ဖြစ်ပွားသည့်ရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်သည့် ခြင်ကျားက မိုးရွာသွန်းသည့်ကာလ သစ်ပင်ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်သလို ရေအိုင်များ၊ မိုးရေတင်ကျန်နေသည့် နေရာများ၊ ပိတ်ဆို့နေသည့် ရေမြောင်းများ စသည်တို့တွင် ပေါက်ပွားကြသည်။ မြန်မာနိုင်ငံတွင် ခြင်အမျိုးအစားသုံးမျိုးရှိရာ ၎င်းခြင်တို့က ရောဂါအမျိုးမျိုးတို့ကို သယ်ဆောင်လာကြခြင်း ဖြစ်သည့်အတွက် ခြင်နှိမ်နင်းရေး ပြုလုပ်ခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်ရာလည်း ရောက်သည်။ အနိုးဖလိ(Anopheles)ခြင်က ငှက်ဖျားရောဂါကိုလည်းကောင်း၊ အေးဒီးစ်(Aedes)ခြင်က သွေးလွန်တုပ်ကွေး၊ အဝါရောင်အဖျား၊ ချီကန်ဂန်နာရောဂါတို့ကို လည်းကောင်း ၊ ကျူးလက်စ် (Culex) ခြင်က ဂျပန်ဦးနှောက်ရောင် နှင့် ဆင်ခြေထောက်ရောဂါတို့ကိုလည်းကောင်း သယ်ဆောင် ကြခြင်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေသည့် ခြင်ကို ခြင်ကျား ဟူ၍လည်း သိထားကြပြီး ၎င်းခြင်တို့က ရေကြည်ရေသန့်၊ ရေငြိမ်တွင်ပေါက်ပွားကြခြင်းဖြစ်သည်။ ရေသိုလှောင်သည့် ရေစည်၊ စဉ့်အိုး၊ ရေပုံး၊ ပန်းအိုး၊ ဘုရားညောင်ရေအိုး၊ အိမ်ပတ်ဝန်းကျင်မှ ရေအိုင်နေသည့် နေရာများ၊ ရေတင်ကျန် နေသည့် အိုးခွက်၊ ကားတာယာဟောင်းများ စသည်တို့မှာ ခြင်ကျားတို့ ပေါက်ပွားရာနေရာများဖြစ်သည်။ ခြင်နှိမ်နင်းရေး ပြုလုပ်ရာတွင် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းက ပို၍ ထိရောက်ခြင်းကြောင့် ခြင်မပေါက်ပွားနိုင်ရန် ရေအိုး ရေစည် များကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ မလိုအပ်သော အိုးဟောင်း ခွက်ဟောင်းများမှ ရေများကို သွန်၍ ရေမတင်အောင် မှောက်သင့်က မှောက်၊ ခွဲသင့်က ခွဲ၊ မြေမြှုပ်သင့်က မြှုပ် စသည်ဖြင့် ပြုလုပ်ရခြင်း၊ ပန်းအိုးများမှ ရေများကို နေ့စဉ်မှန်မှန် လဲခြင်း၊ ရေစည် ရေကန်များထဲမှ ပိုးလောက်လမ်းများကို ရေစစ်ဖြင့် စစ်ခြင်း စသည့်နည်းလမ်းများဖြင့် ခြင်နှိမ်နင်းရေး ပြုလုပ်ကြသည်။ ဖုံး၊ သွန်၊ လဲ၊ စစ် ဟူ၍လည်း သိကြသည်။ ခြင်မခိုအောင်းစေရန်အတွက်မူ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များကို ရှင်းလင်းကြရန် လိုသည်။ ရန်ကုန်ကဲ့သို့သော လူဦးရေထူထပ်သိပ်သည်းပြီး အိမ်တံစက်မြိတ်ချင်းဆက် နေထိုင်ကြရသည့် လူနေရပ်ကွက် များတွင် ခြင်နှိမ်နင်းရေးလုပ်မည်ဆိုပါက အိမ်တိုင်း၊ မိသားစု တိုင်းက စုပေါင်းပါဝင် စုပေါင်းဆောင်ရွက်နိုင်မှသာ ထိရောက် မည်ဖြစ်သည်။

ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ရှစ်သောင်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၅၀ ကျော် ရှိခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရာမှာ ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သလို ပြည်သူများပါဝင်ဖို့လိုသည်။ ပြည်သူအများပါဝင်ပြီး အမျိုးသားရေးအသွင် ပူးပေါင်းဆောင်ရွက် ကြသည်နှင့်အမျှ မည်သည့်ကူးစက်ရောဂါပင်ဖြစ်စေ ကာကွယ် နှိမ်နင်းနိုင်မည်သာဖြစ်ပါကြောင်း။ ။