ရဟန်းဟူသည် တရားကို ကောင်းစွာကျင့်ခြင်း၊ မှန်စွာကျင့်ခြင်း၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း ၏၊ မညှဉ်းဆဲခြင်းသည် ကောင်း၏။ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်းကျင့်နေသူ၊ သံသရာမှ လွတ်မြောက်အောင် ကျင့်နေသူ၊ ကိလေသာအနှောင်အဖွဲ့ကင်းသူ၊ ငြိမ်းချမ်းအောင်နေသူ ဖြစ်ပြီး လောကတ္ထစရိယ-လောက၏အကျိုးစီးပွား၊ ဉာတတ္ထစရိယ-မိမိလူမျိုး၊ မိမိမျိုးနွယ်တို့၏ အကျိုးစီးပွား၊ ဗုဒ္ဓတ္ထစရိယ- မိမိ ကိုယ်တိုင် သံသရာမှလွတ်မြောက်ကြောင်းတို့အတွက် ဖြည့်ကျင့် ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘုရား၊ တရား၊ သံဃာကို အမြတ်ဆုံးသော ရတနာသုံးပါးအဖြစ် အထွတ်အမြတ်ထားကြသည့်အလျောက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား ဗုဒ္ဓသာသနာ အရှည်တည်တံ့စေရန် ကျင့်ဆောင်သူ၊ စောင့်ရှောက်ထိန်းသိမ်းသူများအဖြစ်လည်း အလေးအမြတ်ပြုကြ သည်။
ဖန်ရည်ဆိုးသော သင်္ကန်းကို ဝတ်ရုံခြင်း၊ ဦးခေါင်းမှ ဆံပင်၊ မုတ်ဆိတ်တို့ကို စွန့်ပယ်ရိတ်တုံးထားခြင်းဟူသော အချက်နှစ်ချက် တစ်နည်း အသွင်အပြင်အားဖြင့်ပင် ရဟန်းကို ရိုသေလေးစား ရှိခိုးထိုက်ကြောင်း ဗုဒ္ဓက ဆုံးမတော်မူခဲ့သည်။ တရားကျင့်ပြီး အနာဂါမ်ဖြစ်နေသည့် အရိယာလူပုဂ္ဂိုလ်သည်ပင် ယနေ့မှ သင်္ကန်း ဝတ်ထားသည့် ပုထုဇဉ်ကိုရင်သာမဏေလေးကို ရှိခိုးရမည်ဟုဆို ထားရာ ဦးပြည်းတုံး၍ သင်္ကန်းဝတ်ရုံထားသော အသွင်အပြင်သည် သာမန်လူတို့ထက်သာလွန်၍ ရှိခိုးခံထိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
မိလိန္ဒပဉှာတွင် မိလိန္ဒမင်းကြီးက လူဒုဿီလနှင့် ရဟန်း ဒုဿီလ တို့၏ ကွာခြားချက်အား အရှင်နာဂသေနကို မေးမြန်းခဲ့ရာ “မင်းကြီး-ရဟန်းဒုဿီလ၏ ဆယ်ပါးသော ဂုဏ်တို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲသည်။ ဆယ်ပါးသောအကြောင်းတို့ဖြင့်လည်း လွန်ကဲစွာ မြတ်သောအလှူကို သုတ်သင်နိုင်သည်။ ဘုရား၌ ရိုသေ ခြင်းရှိ၏။ တရား၌ ရိုသေခြင်းရှိ၏။ သံဃာ၌ ရိုသေခြင်းရှိ၏။ သီတင်း သုံးဖော်၌ ရိုသေခြင်းရှိ၏။ ပါဠိသင်ကြားခြင်း၊ အဋ္ဌကထာသင်ကြား ခြင်း၌ လုံ့လထုတ်၏။ ကြားနာရခြင်းများ၏ သီလပျက်သော်လည်း ပရိသတ်အတွင်းသို့ရောက်သော် အသွင်ကို ဆောင်၏။ ကဲ့ရဲ့ခြင်းမှ ကြောက်၍ ကိုယ်နှုတ်ကို စောင့်ရှောက်၏။ စိတ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုသည်လည်း ဖြစ်၏။ သာမန်ရဟန်းအဖြစ်သို့ရောက်၏၊ မကောင်းမှုကို ပြုသော်လည်း ပုန်းကွယ်၍ ပြုသည်။ ဤအကြောင်း ဆယ်ပါးကြောင့် ရဟန်းဒုဿီလသည် လူဒုဿီလထက်လွန်ကဲ သည်”ဟူ၍ ပြန်လည်ဖြေကြားခဲ့ပြီး “သင်္ကန်းကို ဝတ်ရုံခြင်း၊ အရိယာ တို့နှင့်တူစွာ ခေါင်းတုံးခြင်း၊ ရဟန်းသံဃာသို့ သက်ဝင်ခြင်း၊ ဘုရား တရား သံဃာကို ကိုးကွယ် ဆည်းကပ်ခြင်း၊ ကမ္မဋ္ဌာန်းကျောင်း၌ နေထိုင်ခြင်း၊ ဗုဒ္ဓသာသနာ တည်တံ့မှုကို လိုလားခြင်း၊ ဓမ္မတရားကို ဟောကြားခြင်း၊ တရားသာလျှင် မှီရာရှိခြင်း၊ ဗုဒ္ဓသည် အမြတ်ဆုံးဟု မှန်စွာယူဆခြင်း၊ ဥပုသ်ကို ဆောက်တည်ခြင်း”ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် အလှူကို သုတ်သင်နိုင်သည်ဟူ၍လည်း အရှင် နာဂသေနကဟောတော်မူခဲ့သည်။ ရေသည် ပူသော်လည်း မီးကိုငြိမ်း စေသည်။ ဘောဇဉ်သည် အရသာမရှိသော်လည်း ဆာလောင်ခြင်းကို ပယ်နိုင်သည်။ ထို့နည်းတူစွာပင် ရဟန်းဒုဿီလသည် အကျင့်ပျက် သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်သည် ဟူ၍လည်း ရှင်းပြခဲ့သည်။
မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍ ရဟန်းသံဃာများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံကြရကြောင်း သတင်းများတွင် မကြာခဏတွေ့နေရသည်။ သတ်ဖြတ်သူက စွပ်စွဲမှု အမျိုးမျိုးဖြင့် သတ်ဖြတ်ကြပြီး အကြမ်းဖက်အားပေး မီဒီယာများက လည်း မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရခြင်းဖြစ်ကြောင်းဖြင့် ရဟန်းသံဃာသတ်ဖြတ်မှုအား မှန်ကန်သည်ဟူသော အနက် အဓိပ္ပာယ်သက်ရောက်အောင် ရေးသားထုတ်လွှင့်ကြသည်ကို တွေ့ရ သည်။ ခေါင်းတုံးတုံးပြီး သင်္ကန်းရုံထားပါက ကိုရင်ငယ်ပင်ဖြစ်စေ၊ အကျင့်သီလပျက်ယွင်းနေသူဖြစ်စေ အသွင်အလျာအားဖြင့် လူဝတ် ကြောင်တို့ထက်သာလွန်နေကြောင်း မြတ်စွာဘုရားက ဟောကြား ထားချက်အရ ပြစ်မှား၍မရကြောင်း၊ ဒါယကာတို့က စင်ကြယ်ပါက အလှူဒါနထမြောက်၍ ကုသိုလ်အကျိုးပေးကြောင်း သိနားလည်ကြရ မည်ဖြစ်သည်။ ဒုဿီလရဟန်းကိုပင် မပြစ်မှားကောင်းသည်ဖြစ်ရာ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာတို့နှင့် ပြည့်စုံသော ရဟန်းသံဃာတို့အား ညှဉ်းဆဲနှိပ်စက်ပုတ်ခတ် သတ်ဖြတ်မှုမှာကား ပဉ္စာနန္တရိယ ခေါ် ကြီးမားလှစွာသော ကံကြီးထိုက်သည့် ပြစ်မှုဖြစ်ပါကြောင်း။ ။