ယုံကြည်ချက်ဖြင့် အောင်မြင်မှုခရီးဆက်

အယ်ဒီတာ့အာဘော်

============

 

ယုံကြည်ချက်ဖြင့် အောင်မြင်မှုခရီးဆက်

========================

 

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ် သည်။ ယခုနှစ်ကြုံတွေ့ရသည့်အရေးကိစ္စများအနက် တစ်ကမ္ဘာလုံး ကြုံတွေ့နေရဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးတို့သည် အရေး ကြီးဆုံးဖြစ်သည်။ နိုင်ငံအတွင်း အခြားအရေးကြီးကိစ္စများရှိသော်ငြား လည်း ကိုဗစ်နှင့်ရွေးကောက်ပွဲသည် လတ်တလော၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

 

အဆိုပါအရေးကိစ္စနှစ်ခုကို အောင်မြင်စွာကျော်ဖြတ်လုပ်ကိုင်နိုင်ရေးမှာ ပြည်သူပြည်သားများအားလုံး နိုးကြားတက်ကြွစွာ ပါဝင်လာရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ လက်ရှိ၌ ကိုဗစ်-၁၉ ရောဂါကို ထိန်းထား နိုင်သည့်အနေအထားရှိပြီး ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ နိုးကြားထက်သန်စွာ ဆောင်ရွက်ပေးနေမှုကြောင့် အလားအလာကောင်းများ ရှိလာခြင်းဖြစ်သည်။ ထိုအခြေအနေရှိသဖြင့် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာတွင်ပါ မော်ကြွား ဂုဏ်ယူနိုင်ပြီဖြစ်ရာ ရောဂါဘေးတွင် ပါဝင်ဆောင်ရွက်ကြသူများအားလုံးအား ကျေးဇူးတင်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို များစွာ ထိခိုက်စေသဖြင့် ရောဂါအရှင်း ပျောက်ကင်းအောင် ဆက်လက်ကြိုးပမ်းရ မည်ဖြစ်သည်။ ယခုလက်ရှိတွင် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသ ရေးအဆင့်သာရှိပြီး ရောဂါလုံးဝပျောက်ကွယ်ရေးအတွက် ကာကွယ်ဆေးရရှိ ရေးသည် အရေးကြီးသဖြင့် နိုင်ငံများက ကြိုးပမ်းရှာဖွေစမ်းသပ်နေကြသည်။ ကာကွယ်ဆေးပေါ်လျှင် ကိုဗစ်-၁၉ ပြဿနာကို ကျော်လွှားနိုင်မည်ဖြစ်၍ ကာကွယ်ဆေးကို နိုင်ငံကြီးများက ရှာဖွေဖော်ထုတ်နေရာ အလားအလာ ကောင်းများ ရှိနေပြီဖြစ်သည်။ သို့သော် ကာကွယ်ဆေးမရသေးမီစပ်ကြား ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်ထိန်းသိမ်း လိုက်နာကြရန် အရေးကြီးသည်။

 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်အတွက် အရေးပါသည့်အချက်ဖြစ် သည်။ ရွေးကောက်ပွဲများကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ တော့မည်ဖြစ်ရာ ထိုကာလတွင် ကိုဗစ်ရောဂါကင်းဝေးပါက ရွေးကောက်ပွဲ လုပ်ငန်းများ ပိုမိုချောမွေ့သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲများ အောင်မြင် ရန်မှာ အခြေခံအားဖြင့် တရားမျှတမှုနှင့် လွတ်လပ်မှုရှိရမည်ဖြစ်သည်။ ယင်းကိုရရှိနိုင်ရန် ဦးစွာမဲပေးခွင့်ရှိသူပြည်သူတိုင်း မဲပေးနိုင်သည့်အခွင့် အရေးကို ယူကြရမည်ဖြစ်သည်။ ယခုအခါ မဲဆန္ဒရှင်စာရင်းများတွင် မဲပေး ခွင့်ရှိသူများ ပါဝင်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြီးလျှင် မဲပေး နိုင်ရေးတွင် ပါဝင်ကြရမည်ဖြစ်သည်။

မဲပေးပိုင်ခွင့်သည် အသက် ၁၈ နှစ် ပြည့်သော နိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်အတွက် တန်ဖိုးရှိသော အခွင့်အရေးဖြစ်သည့်အပြင် နိုင်ငံသား တစ်ယောက်၏ အရေးကြီးသော တာဝန်လည်းဖြစ်သည်။ ထိုတာဝန်နှင့် အခွင့်အရေးကို ရယူနိုင်ရန်အတွက် ကူညီပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူနိုင်ငံသား တစ်ဦးတစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရအောင် ဆောင် ရွက်ပေးရမည်မှာ ပထမတာဝန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသိပေးထားသည်။

 

ယခုအခါ ထိုအရေးကြီးကိစ္စနှစ်ရပ်ကို ဆောင်ရွက်နေသောအခါတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၌ စိန်ခေါ်မှုအမျိုးမျိုးပေါ်ပေါက် လာသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများ၊ ပြဿနာများရှိမည်သာဖြစ်သည်။ အထူးသဖြင့် မမှန်ကန်သည့် ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် နှောင့်ယှက်ဟန့်တား မှုများလည်း ပေါ်ပေါက်လာတတ်သည်။ ယခုကာလတွင် ပြည်သူများမှာ ကိုဗစ်-၁၉ ရောဂါနှင့် နောက်ဆက်တွဲဂယက်များကို ဖြေရှင်းနေရပြီး လူမှုစီးပွားဘက်တွင် အလေးပေးနေရာ၌ ရွေးကောက်ပွဲကို အာရုံလျော့ပါး အောင် နှောင့်ယှက်မှုများကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ရွေးကောက်ပွဲသည် ယခုနှစ်တွင် နိုင်ငံအတွက် အရေးအကြီးဆုံးအရေးများဖြစ်၍ ထိုအရေးနှစ်ခုကို ကျော်ဖြတ် ရာ၌ အလုပ်တစ်ခု အောင်မြင်ရန် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမည်၊ အလုပ်နှင့်ပြဿနာကို ရင်ဆိုင်ကျော်လွှားနိုင်ရန် မိမိတွင်အရည် အချင်းရှိသည်ဟု ယုံကြည်ရမည်၊ မိမိတစ်ယောက်တည်း၏ အရည်အချင်း မဟုတ်ဘဲ စုပေါင်းအရည်အချင်းရှိသည်ကိုလည်း ယုံကြည်ရန် လိုအပ်သည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အတိုင်း ကြိုးပမ်း အားထုတ်ပါက အောင်မြင်မှုလမ်းပွင့်မည်ဟု ယုံကြည်ပါကြောင်း။ ။