
တန်ဆောင်မုန်းလသည် မိုးအကုန် ဆောင်းအကူး ကြားကာလ ဖြစ်သည်။ ရာသီဥတုသည် ပုံမှန်အားဖြင့် သာသာယာယာရှိသည်။ ကောင်းကင်၌ မိုးတိမ်ကင်းစင်သဖြင့် ကျေးလက်တောရွာများတွင် ညအချိန်၌ ကြည်လင်တောက်ပသောလရောင်ကို အပြည့်အဝခံစားခွင့် ရရှိသလို အနည်းငယ်လည်း အေးစိမ့်လာပြီဖြစ်သည်။ နံနက်စောစော လမ်းလျှောက်သည့်အခါ စိမ်းစိုသောမြက်ခင်းပြင်ပေါ်တွင် ဖြူဖြူ ဖွေးဖွေး ဆီးနှင်းစက်လေးများကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ် ရာပင်ဖြစ်သည်။ လမ်းလျှောက်ရင်း သန့်ရှင်းလတ်ဆတ်သော ဆောင်းလေအေးအေးကို ရှူရှိုက်ရသည့်အခါ ပိုမိုလန်းဆန်း တက်ကြွလာစေပါသည်။
တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိ ကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး”ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့သည်။ တန်ဆောင် မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာရာသီဟုခေါ်သည်။ ရာသီ ရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ အမှန်စင်စစ်မှာမူ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ပင်ဖြစ်သည်။
စေတနာသဒ္ဓါတရား ထက်သန်
ပုံမှန်အားဖြင့် နှစ်စဉ်တန်ဆောင်မုန်းလရောက်ပြီဆိုလျှင် လူကြီး၊ လူငယ်၊ လူလတ် အရွယ်ပေါင်းစုံသည် အလှူအတန်းများ၊ ပွဲတော်များအတွက် မမောမပန်းအလုပ်ရှုပ်နေကြသည်။ အားလုံး၏ တူညီသောစိတ်စေတနာသည် ကောင်းမှုကုသိုလ်ပြုလုပ်ရန် ဖြစ်သည်။ ချစ်စရာမြန်မာ့ဓလေ့ပင်ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစဉ်အလာကြီးမားသော မြန်မာ့ရိုးရာပွဲတော်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသေးဘဲ လူဦးရေ ကန့်သတ်ချက်ဖြင့်သာ ပြုလုပ်နေရဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာတို့သည် မလှူရလျှင် မနေနိုင်သောသူများဖြစ်ကြသည်။ အလှူရေစက် လက်နှင့်မကွာသည်မှာ မြန်မာများသာဖြစ်ကြသည်။ ထို့ကြောင့် အလှူအတန်းပြုလုပ်ရာတွင် ကမ္ဘာ့အဆင့် (၁) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် ပြက္ခဒိန်တစ်နှစ်လုံး လအလိုက် အလှူအတန်းပြုလုပ်သည့် ပွဲတော်များ ကျင်းပလျက်ရှိသည့် နိုင်ငံကို ပြရမည်ဆိုလျှင် မြန်မာနိုင်ငံတွင်သာရှိမည်ဟု ထင်ပါသည်။ အကြောင်းမူကား မြန်မာတို့သည် လအလိုက်ရာသီပွဲတော်များကျင်းပပြီး အလှူအတန်းပြုလုပ်ကြသည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များကို သားစဉ်မြေးဆက်လက်ဆင့်ကမ်း ထိန်းသိမ်းထားကြသော ကြောင့်သာဖြစ်သည်။ ထိုသို့ပွဲတော်များကျင်းပခြင်းသည် လူမျိုး တစ်မျိုး၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်း ထားသလို အခြားတစ်ဖက်တွင်လည်း လုပ်ငန်းခွင်၌ ပင်ပန်းနေကြ သည့် ပြည်သူများကို စိတ်အပန်းပြေစေခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလရောက်ပြီဆိုလျှင် ပွဲတော် များစွာ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်၊ ကျီးမနိုးပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ပံ့သကူပွဲတော်များကို ကျင်းပလေ့ရှိကြသည်။ ထိုပွဲတော်များစွာအပြင် တန်ဆောင်မုန်းလပြည့်နေ့သည် သာမည ဖလ အခါတော်နေ့လည်း ဖြစ်သည်။ ထိုပွဲတော်အားလုံးကို လွှမ်းခြုံ ကြည့်မည်ဆိုလျှင် အလှူအတန်းနှင့်ဆက်စပ်လျက်ရှိသည်။ အမှန် စင်စစ်မှာမူ မြန်မာတို့၏ စေတနာသဒ္ဓါတရား ထက်သန်ရက်ရောမှု ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
သာမညဖလအခါတော်နေ့
တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလအခါတော်နေ့ ဖြစ်သည်။ သာမညသည် သာမဏေ၊ ရသေ့၊ ရဟန်းပြုလုပ်ခြင်းဟု အနက်အဓိပ္ပာယ်ရရှိသည်။ ဖလသည် အကျိုးကျေးဇူးပင်ဖြစ်သည်။ ဆိုလိုသည်မှာ သာမညဖလသည် ရသေ့ရဟန်းပြုလုပ်ရခြင်း၏ အကျိုး ကျေးဇူးဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ သုံးလောကထွတ်ထား ဗုဒ္ဓ မြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ် မင်းကြီးကို သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး)ကို ဟောကြားတော်မူခဲ့သည်။ အဇာတသတ်မင်းသည် ထိုသုတ္တန် ဒေသနာတော်ကိုနာကြားရပြီးနောက် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သည့် ဥပသကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုအခါ ဖခင် ဘုရင် ဗိမ္ဗိသာရမင်းကြီးအပေါ် ကျူးလွန်ခဲ့သည့်ပြစ်မှုများကြောင့် အိပ်မပျော်စားမဝင်ဖြစ်နေသော အဇာတသတ်မင်းသား၏ ရောဂါ ဝေဒနာများ ချုပ်ငြိမ်းသွားခြင်း၊ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အသက်ပေးကြည်ညိုသူဖြစ်လာခြင်း၊ မဟာအဝီစိငရဲသို့မကျရောက် တော့ဘဲ လောဟကုမ္ဘီငရဲ၌သာ ကျရောက်ခြင်း၊ နောင်အခါ ဝိဇီတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုရမည့်ပုဂ္ဂိုလ် ဖြစ်ခြင်း စသည့်အကျိုးတရားများ ခံစားရသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပလာခြင်း ဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့် နေ့ရောက်လျှင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီပုထိုးများတွင် သာမည ဖလသုတ္တန်ကိုလည်း ရွတ်ဖတ်ပူဇော်ကြသည်။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
ကထိန်သင်္ကန်းအလှူသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် မလှူ မဖြစ် လှူဒါန်းသင့်သော အလှူဒါနတစ်ခုဟုပင် ဆိုနိုင်ပါသည်။ “သင်္ကန်းတွင် ကထိန်၊ ကျောင်းမှာ သိမ်” ဆိုသောစကားအတိုင်းပင် ကထိန်သင်္ကန်းသည် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သံဃာကိုသာ ရည်မှန်းလှူဒါန်းရခြင်းဖြစ်သည်။ ကထိန်သင်္ကန်းသည် သံဃာများကိုသာ ရည်မှန်းလှူဒါန်းရသောကြောင့် သံဃိကဒါနမြောက်ခြင်း၊ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်နေ့အထိသာ လှူဒါန်းရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာ တော်များအား လာဘ်လာဘဖြစ်ထွန်းစေကာ ချမ်းသာစေခြင်း၊ လှူဒါန်း သူအား အကျိုးငါးပါးတိုးပွားစေခြင်းနှင့် သံဃာများအား ဝိနည်းသိက္ခာ ငါးပါးဖြင့် သင့်ရောက်နိုင်သော အာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါန တစ်ခုပင်ဖြစ်သည်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အကျိုး တရားများသည် ရေးသား၍ ကုန်နိုင်မည်မဟုတ်ချေ။ အနှစ်ချုပ် လိုက်မည်ဆိုလျှင် အမြတ်ဆုံးဒါနတစ်ခုပင်ဖြစ်သည်။
မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲ
မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော်ကတည်းကပင် ရှိခဲ့သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသည့် နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်းလုပ်ငန်းတို့ကို ညတွင်း ချင်းအပြီး ဆောင်ရွက်ခဲ့ကြသည်။ နံနက် ၅ နာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း (ကထိန်သင်္ကန်း) ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည် မျက်မှောက် ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နှစ်စဉ်တန်ဆောင် မုန်းလဆန်း ၁၄ ရက်နေ့ညနေပိုင်းတွင် ရွှေတိဂုံ၊ စွယ်တော်မြတ်စေတီ အပါအဝင် တန်ခိုးကြီးဘုရားများတွင် ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိပြီး မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်း ကြရန် ဖြစ်သည်။ နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟု မခေါ်ဆိုနိုင်တော့ပေ။ ထို့ကြောင့် ရက်ကန်းရက်လုပ် ကြသည့် လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံးမမော မပန်းရက်လုပ်ကြရသည်။ ထိုလုပ်အားဒါနအတွက် အကျိုးတရားကား ရေးသား၍ ကုန်ခန်းနိုင်မည်မဟုတ်ချေ။
ဆီးမီးထွန်းပွဲတော်
တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကောင်းကင်ယံ၌ မိုးတိမ် ကင်းစင်ပြီး ကြယ်တာရာများစုံညီစွာ ထွန်လင်းတောက်ပလေ့ရှိသည်။ ရာသီဥတုသည် လွန်စွာသာယာလှပလျက်ရှိသည်။ ထိုသို့ မိုးလေ ကင်းလွတ်သောညချမ်းတွင် ဗုဒ္ဓအလောင်းတော်၏ ဆံတော်ကို ဌာပနာပြီး တာဝတိံသာနတ်ပြည်တွင် တည်ထားသည့် စူဠာမဏိစေတီ တော်ကို ရည်မှန်းကာ ဗုဒ္ဓါနုဿတိပွားများလျက် ဆီမီးများဖြင့် ပူဇော်ကန်တော့ကြခြင်း ဖြစ်သည်။ ထို့အပြင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းတို့ကိုလည်း ဆောင်ရွက် ကြသည်။ သာဓကအနေဖြင့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ ညမီးကြီးမီးပုံးပျံများ လွှတ်တင်ပူဇော်ကြ သည်။ မြင်ရသူအားလုံး ပီတိဖြစ်ဖွယ်ရာပင်ဖြစ်သည်။ ထို့အပြင် မိမိတို့နေအိမ်များတွင်လည်း မြတ်စွာဘုရားကိုရည်မှန်းပြီး ဆီမီး ပူဇော်လှူဒါန်းကြပါသည်။ ဆီမီးလှူဒါန်းခြင်းအားဖြင့် အကျိုးများစွာ ကို ရရှိစေပါသည်။
မဲဇလီဖူးသုပ်ဝေငှခြင်း
ထို့အပြင် ကြတ္တိကာနက္ခတ်စောင့်နတ်သားသည် တန်ဆောင် မုန်းလပြည့်နေ့တွင် လူ့ပြည်သို့ ဆင်းသက်လာသည်ဟုလည်း ယုံကြည်သက်ဝင်ကြသည်။ ထို့ကြောင့် ရှေးယခင်ကတည်းက မင်းနှင့် ပြည်သူတို့သည် ထိုနတ်သားကို ဆီမီးထွန်းညှိပူဇော်ခဲ့ကြသည်ဟု ဆိုသည်။ ကြတ္တိကာနက္ခတ် စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည် မဲလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟုဆိုသည်။ v စာမျက်နှာ ၁၀ မှ
ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည် ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှအလှူအတန်းပြုကြသည်။ တစ်အိမ်နှင့်တစ်အိမ် အပြန်အလှန်ဝေငှစားသောက်ကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ပင်ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်း ထက်ဆုံး၊ အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်း ဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံဖော်စပ်လေ့ရှိကြသည်ဟုဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း မဲဇလီးဖူးသုပ် ကိုတော့ လုပ်စားနိုင်သလို အိမ်နီးချင်းများကိုလည်း ဝေငှနိုင်ပါသည်။
ပံ့သကူအလှူ
မြန်မာတိုင်းရင်းသားများသည် တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲအလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသော ဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ”မှ ဆင်းသက်လာခြင်းဖြစ်သည် ဟုဆိုသည်။ အနီးစပ်ဆုံးအဓိပ္ပာယ်သည် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်ပြီး တွေ့ရှိသူက အလိုရှိသလို သုံးစွဲနိုင်သောပစ္စည်းဟူ၍လည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက် ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန်ပစ်ထားခြင်းဖြစ်သည်။
တူကာနွှဲပျော် တန်ဆောင်တိုင်ပွဲတော်
အထူးသဖြင့် တန်ဆောင်တိုင်ပွဲတော်ကာလတွင် လူငယ်များသည် အပျော်ကျူးတတ်ကြသည်ကိုလည်း တွေ့ရှိရသည်။ ထို့ကြောင့် အချို့ ရပ်ရွာများ၌ တန်ဆောင်မုန်းလပြည့်ညတွင် ပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းထားကြရသည်။ လပြည့်ညတွင် ဟင်းသီးဟင်းရွက်နှင့် စားပင်သီးပင်များ၊ အိမ်မွေးကြက်၊ ဘဲများ ပျောက်လေ့ရှိသည်။ လူငယ် များသည် အပျော်သဘောဖြင့်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ဆုံးရှုံးသူ တွင် နစ်နာမှုများ ရှိပါသည်။ ပစ္စည်းပိုင်ရှင်မကျေနပ်လျှင် ခိုးမှုမြောက်နိုင် သဖြင့် လူငယ်များအနေဖြင့် လွန်ကဲစွာအပျော်လွန်ကျူးခြင်းမှ ရှောင်ကြဉ်ကြရပါမည်။
ဆိုရလျှင် မြတ်ဗုဒ္ဓသည် တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ်မင်းကြီးအား သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုရခြင်းအကျိုး)ကို ဟောကြားတော်မူခဲ့သည်။ ထို့အပြင် တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်းဆက်ကပ်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲတော်၊ ဆီမီးထွန်းပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ပံ့သကူပွဲတော်များဖြင့် ထူးခြားလေးနက်လျက်ရှိ သည်။ ထိုသို့လေးနက်သောအခါသမယတွင် ဗုဒ္ဓဘာသာမြန်မာတစ်ဦး အနေဖြင့် မလှူဒါန်းလိုက်ရသည့်အဖြစ်မျိုး မကြုံရလေအောင်၊ အခွင့်အခါကောင်းကို လက်လွှတ်မခံရလေအောင် တတ်နိုင်သည့် အလှူဒါနကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းသင့်ပေသည်။ လတ်တလောအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် တိုင်အောင် တန်ဆောင်တိုင်ကာလတွင် လောကီလောကုတ်နှစ်ဖြာ သောအကျိုးတရားများအပြင် အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့်ကထိန်သင်္ကန်းအလှူဒါနကို မိမိတို့၏ချွေးနှဲစာ ဖြင့် ကိုယ်တိုင်ကိုယ်ကျပါဝင်လှူဒါန်းနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)
- Log in to post comments