အမျိုးသားနေ့နှင့် သမိုင်းသင်ခန်းစာ

Type
1

 

ဒေါက်တာခင်မောင်ညွန့်

 

ရွှေတိဂုံကုန်းတော်သို့ ဘုရားဖူးရောက်လျှင် စနေ ထောင့်     ညောင်ပင်ကြီးရှေ့၌    ပုံဆန်းဆန်း ကျောက်တိုင်သစ်      တစ်ခုကို   တွေ့ရမည်။ ကျောက်တိုင်ပေါ်ရှိ   မြန်မာစာတန်းကို  ဖတ်လျှင် အောက်ပါအတိုင်း တွေ့ရမည်။

 


ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန် ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ  အက်ဥပဒေကို  သပိတ်မှောက် ရန်    သစ္စာအဓိဋ္ဌာန်ပြုသော    နေရာပေတည်း။ ကျောင်းသားကြီး     ၁၁  ဦး၏       အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

 


(၁)ဘခင်၊(၂)ဘိုးကွန်း၊(၃)ဘဦး၊(၄) အောင်ဒင်၊ (၅) ထွန်းဝင်း၊ (၆) ဖေသိန်း၊ (၇) ဘရှင်(သံတွဲ)၊ (၈) ဘရှင်(ထားဝယ်) ၊ (၉) ကေညီပိတ်၊ (၁၀) လှတင်၊ (၁၁) မောင်ဧ။


အထူးဂရုပြုလေ့လာထားသင့်


ကျောက်တိုင်၏      အခြားသုံးမျက်နှာတွင် အင်္ဂလိပ်၊    ပြင်သစ်နှင့်   ဆလာဘို( ရုရှားနှင့် ရောင်းရင်းစကား)  ဘာသာနှင့်  အထက်ပါစာသားကို   တိုက်ရိုက်ဘာသာပြန်   ရေးထိုးထားသည်။  ယင်း ကျောက်တိုင်ကို အမှုမဲ့အမှတ်မဲ့  ဖြစ်နေကြပေလိမ့် မည်။ သို့သော် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကား    အမျိုးသားနေ့ကျောင်းပိတ်ရက် ဖြစ်ကြောင်း      ကျောင်းသားတိုင်း     သိကြ၏။ အမျိုးသားနေ့အကြောင်း     ဟောပြောပွဲများ နားထောင်ဖူးကြပေမည်။ ၁၉၇၀ ပြည့်နှစ်  နိုဝင်ဘာ လ  ၂၃  ရက်နေ့က အမျိုးသားနေ့ ရွှေရတုသဘင်      ကျင်းပခဲ့သည်။ ယခုနှစ်တွင်    တန်ဆောင်မုန်း လပြည့်ကျော်   ၁၀  ရက်သည်    နိုဝင်ဘာ ၁၉ ရက် နေ့တွင်    ကျသည်။      အမျိုးသားနေ့သမိုင်းကို      ကျောင်းသားတိုင်း သိအပ်၏။ အထူးသဖြင့် သမိုင်း  ဘာသာသင်ယူသော   ကျောင်းသားများသည်     သင်ခန်းစာအဖြစ်    အထူးဂရုပြုလေ့လာထားသင့်သည်။

 


အမျိုးသားနေ့သမိုင်းနှင့်         ပတ်သက်ပြီး     မှားတတ်သော  အချက်များကို   ရှင်းလိုသည်။ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်၊ ပြည်ထောင်စုနေ့   ဖေဖော်ဝါရီ ၁၂ ရက်၊  တောင်သူလယ်သမားနေ့  မတ်လ ၂ ရက်၊ တော်လှန်ရေးနေ့ (ဝါ) တပ်မတော်နေ့ မတ်လ ၂၇ ရက်၊ အလုပ်သမားနေ့(ဝါ)   မေဒေးနေ့   မေလ  ၁ ရက်၊ အာဇာနည်နေ့   ဇူလိုင် ၁၉ ရက်    စသည်ဖြင့်  သမိုင်းဝင်နေ့ကြီးများကို   အင်္ဂလိပ်လ၏ ရက်များနှင့်သတ်မှတ်ထားခဲ့သော်လည်း အမျိုးသား နေ့ကို  တန်ဆောင်မုန်းလပြည့်ကျော်   ၁၀  ရက်ဟု      မြန်မာလ၏   ရက်နှင့်   သတ်မှတ်ထားပါသည်။   မြန်မာသက္ကရာဇ်   ၁၂၈၂   ခုနှစ်က    တန်ဆောင်မုန်း လပြည့်ကျော်  ၁၀ ရက်သည်  ဒီဇင်ဘာ ၅  ရက်နေ့ တွင်ကျသည်။ ထို့ကြောင့်  ဒီဇင်ဘာ  ၅  ရက်ကို အမျိုးသားနေ့ဟု မမှတ်သင့်။ နှစ်စဉ် မြန်မာလ၊ ရက်နှင့် အင်္ဂလိပ်လ၊ ရက် ထပ်တူမကျပါ။  မြန်မာလို တန်ဆောင်မုန်းလပြည့်ကျော်   ၁၀  ရက်ကိုသာ မှတ်ထားရပါမည်။

 


အမျိုးသားလွတ်မြောက်ရေး


တန်ဆောင်မုန်းလပြည့်ကျော်  ၈  ရက်ကို အမျိုးသားနေ့ဟု   ထင်ယောင်ထင်မှား   ဖြစ်တတ် ကြသည်။ ၈ ရက်နေ့ကား ဖော်ပြပါကျောင်းသားကြီး ၁၁ ဦးတို့က  သပိတ်မှောက်ရန်  စည်းဝေးဆုံး ဖြတ်သောနေ့ဖြစ်၏။ သပိတ်မှောက်သော နေ့ကား တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်သဖြင့် ယင်းနေ့ကိုသာ အမျိုးသားနေ့ဟု တွင်သည်။ ထို့ပြင် အမျိုးသားနေ့ ဖြစ်လာစေသော ၁၉၂၀ သပိတ်ကို ၁၉၃၆    ရန်ကုန်တက္ကသိုလ်   ကျောင်းသားသပိတ်နှင့် ၁၉၃၈ ကျောင်းသားအရေးတော်ပုံနှင့် ရောထွေး တတ်ကြသေးသည်။     ၁၉၂၀ သပိတ်ကို “၁၉၂၀ ပြည့်နှစ်   ရန်ကုန်ယူနီဗာစီတီဘွိုင်းကော့”    ဟုတွင် သည်။ ထိုခေတ်က သပိတ်မှောက်ခြင်းကို အင်္ဂလိပ် စကား “ဘွိုင်းကော့” ဟု မြန်မာတို့ နှုတ်ကျိုးအောင် ခေါ်ခဲ့ကြသည်။

 

ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သောအားဖြင့်       မှောက်သောသပိတ် ဖြစ်သည်။ ၁၉၃၆  ရန်ကုန်တက္ကသိုလ်   ကျောင်းသား သပိတ်ကား အိုးဝေမဂ္ဂဇင်းစာတည်း ကိုအောင်ဆန်း အား ‘လွတ်နေသော ငရဲခွေးကြီး’ (Hell Hound At Large) ခေါ် အင်္ဂလိပ်စာတိုတစ်ပုဒ်  ကိစ္စကြောင့် ကျောင်းအုပ်ကြီး မစ္စတာစလော့စ်က ကျောင်းထုတ် ပစ်သော  လတ်တလောအကြောင်းမှစ၍    မှောက် သောသပိတ်ဖြစ်သည်။    ၁၉၃၈  ကျောင်းသား အရေးတော်ပုံမှာ    ထိုနှစ်ရေနံမြေသပိတ်ကြီး နောက်ဆက်တွဲဖြစ်သည်။  ရေနံမြေသပိတ်တပ်သား များ   ရန်ကုန်အထိ   ချီတက်လာပြီး အတွင်းဝန်ရုံးများ ကို ဝိုင်း၍ဆန္ဒပြသည်။ တက္ကသိုလ် ကျောင်းသားများ ကလည်း    ထောက်ခံသည့်အနေဖြင့် သပိတ်မှောက် ဆန္ဒပြရာ မြင်းစီးပုလိပ်က ရိုက်နှက်နှိမ်နင်းသည်။     ကျောင်းသားကိုအောင်ကျော်သည် အရိုက်ခံရသော ဒဏ်ရာနှင့် ကွယ်လွန်ရာ ကျောင်းသားအရေးတော် ပုံကြီး    ပေါက်ကွဲလေသည်။   ယင်းသပိတ်မှောက် မှုသုံးရပ်စလုံး အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးသမိုင်းတွင်   သူ့နေရာနှင့်သူ  အရေးပါ ကြပါသည်။ ရောထွေးမသွားရန်  ဂရုပြုလေ့လာရပါမည်။  

 


ပိတ်မှောက်ရန်ဆုံးဖြတ်ကြ


ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို  ဘာ့ကြောင့် ကန့်ကွက်သနည်း၊  ၁၉၂၀   မတိုင်မီက   ရန်ကုန် ကောလိပ်သည်      ကလကတ္တားတက္ကသိုလ် လက်အောက်တွင်ရှိသည်။ ထိုတက္ကသိုလ်ကစာမေးပွဲ စစ်ပြီးဘွဲ့ပေးသည်။ ၁၉၂၀ တွင်   မြန်မာနိုင်ငံ၌   သီးခြားတက္ကသိုလ်တည်ထောင်ရန် ၁၉၂၀   ရန်ကုန် ယူနီဗာစီတီ    အက်ဥပဒေတစ်ရပ်   ပြဋ္ဌာန်း၏။ တက္ကသိုလ်အုပ်ချုပ်ရေးစည်းမျဉ်းကို အိန္ဒိယပါရဂူ တစ်ဦးကရေးဆွဲပေးပြီး  တက္ကသိုလ်အား  အစိုးရ စီမံမှုအောက်မှာထားသည်။ အောက်စဖို့၊ ကင်း ဘရစ်ချ်    တက္ကသိုလ်များကဲ့သို့    ရန်ကုန်တက္ကသိုလ် ကိုလည်း     ကျောင်းအိပ်ကျောင်းစားနေရသော      တက္ကသိုလ်လုပ်ထား၏။ ထို့ကြောင့်    ကျောင်းသား တစ်ယောက်အဖို့  ကျောင်းနေစရိတ်မှာ တစ်နှစ် လျှင်ငွေ  ၄၀၀ ခန့်ကုန်ကျ၏။  ထိုခေတ်က ရဲသား တစ်ဦး၏  လခမှာ   ၇ ကျပ်/၈ ပဲ   ရှိသည်။   ချမ်းသာသူများနှင့် လခကြီးစားသားသမီးများသာ တက္ကသိုလ်ပညာသင်နိုင်သည်။ လူလတ်တန်းစား များပင် ထိုမျှစရိတ် ကိုမတတ်နိုင်ချေ။ မြန်မာနိုင်ငံ တွင်  တည်ထောင်ထားသော   တက္ကသိုလ်သည်   မြန်မာတို့အတွက် မဟုတ်တော့ဘဲ  ကြေးရတက်နှင့်  နိုင်ငံခြားသား သားသမီးများအတွက်  ဖြစ်လေပြီ။   ဤတွင်  ယင်းအက်ဥပဒေကို  ကန့်ကွက်သည့်အနေ ဖြင့်  ရွှေတိဂုံဘုရားရင်ပြင်  စနေထောင့်၊ ယခု ကျောက်တိုင်ထူထားသောနေရာ၌   ဖော်ပြပါ ကျောင်းသားကြီး   ၁၁   ဦးတို့က  သပိတ်မှောက်ရန်  ဆုံးဖြတ်ကြသည်။  တန်ဆောင်မုန်းလပြည့်ကျော်  ၁၀  ရက်နေ့တွင် သပိတ်မှောက်ရာ     တစ်ပြည်လုံးက ထောက်ခံကြ၏။

 


ရွှေတိဂုံ ပစ္စယံရှိဇရပ်များကို  သပိတ်စခန်း ပြုကြပြီး  နိုင်ငံရေးတရားဟောကြ၏။  အင်္ဂလိပ် အစိုးရပေးသော ပညာရေးမှာ စာရေး၊ စာချီ၊ မြို့အုပ်၊ မြို့ပိုင် အစရှိသော  လခစား    အမှုထမ်းဖြစ်ရေး အတွက်လောက်သာ ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားကြီးလည်နေနိုင်ရန် လခစားအမှုထမ်းပေး နေကြရသော     အင်္ဂလိပ်အစေအပါး ကျွန်များသာ ဖြစ်စေသည်။ ထို့ကြောင့် ‘ကျွန်ပညာရေး’ သည် အမျိုးသားလွတ်မြောက်ရေးအတွက် အကျိုးမပြု။ ကျွန်စိတ်သာ မွေးပေးသည်၊ အမျိုးသားလွတ်မြောက် ရေးအတွက် ‘အမျိုးသားပညာရေး’သာ တည်ထောင် ရမည်ဟု   ဆုံးဖြတ်ကြပြီး   ‘အမျိုးသားပညာရေး ကောင်စီ’ဖွဲ့ကြ၏။ မြန်မာစာ၊ မြန်မာသမိုင်း၊ မြန်မာ ယဉ်ကျေးမှု၊ မြန်မာတိုင်းရင်းသားတို့၏ အရေးကို ဦးတည်သော   ပညာရေးစနစ်ကို   ချမှတ်သည်။ အမျိုးသားကောလိပ်ဖွင့်ပြီး     သပိတ်မှောက် ကျောင်းသားများအား   စာသင်ပေးသည်။  ထို ကောလိပ်မှ  ဘွဲ့ရသူများအား  ဘီအေ(နတ်) B.A. (Nat.) ဘွဲ့တပ်စေသည်။ နတ်(Nat.) မှာ National College  နေရှင်နယ်ကောလိပ်ကို  အတိုကောက် ရေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မြို့ကြီးပြကြီး များတွင်လည်း         အမျိုးသားအထက်တန်း ကျောင်း များ  (နေရှင်နယ်ဟိုက်စကူးကျောင်း)  ဖွင့်ကာ    အမျိုးသားပညာရေးကို    သင်ကြားပေးသည်။ 

 


၁၉၂၀   သပိတ်ကား   ကိုလိုနီပညာရေးကို ပထမဆုံးထိုးနှက်ပြီး အမျိုးသားပညာရေးနှင့် အစား ထိုးရန် ကြိုးပမ်းသော လုပ်ရပ်ဖြစ်၏။ ကိုလိုနီပညာ ရေး ပြိုကွဲမသွားသေးသော်လည်း အမျိုးသားပညာ ရေးစနစ်    သန္ဓေတည်လာပြီး   ကိုလိုနီပညာရေးနှင့် စင်ပြိုင်လာသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရ က အမျိုးသားကျောင်းအချို့ကို အထောက်အပံ့ ပေးရသည်အထိ အမျိုးသားပညာရေးကို  အသိ အမှတ်ပြုလာရသည်။ အမျိုးသားကျောင်းများသည် နောင်တစ်ခေတ်တွင်    အမျိုးသားခေါင်းဆောင်  ဖြစ်လာမည့်    လူငယ်များမွေးထုတ်ပေးရာဌာနများ ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုး သားကျောင်းထွက်ပင်   ဖြစ်၏။ ဤသပိတ်ကြီးကား    ပညာရေးနယ်ပယ်အတွင်းမှ ပြုလုပ်သော နယ်ချဲ့ ဆန့်ကျင်ရေး   လုပ်ရပ်တစ်ခုလည်းဖြစ်ရာ   မြန်မာ့ အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် အရေးပါ သော   ကွင်းဆက်တစ်ခုဖြစ်ကြောင်း  သတိချပ်ရာ သည်။ 
၁၉၇၃၊  နိုဝင်ဘာလထုတ်  (ကျောင်းသားလူငယ် ဖတ်ရှုဖွယ် အတွဲ-၂၊ အမှတ်-၂) တွင် ပါရှိသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။