အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)

Type
5

 

ရှင်စောဖြူ(စာပေဗိမာန်)

 

    *   အနောက်နေသည်
        စေတီတစ်ဆူ၊ ထုံးဖြူဖြူကို
        ပူဇော်ကန်တော့၊ ခပ်ဖျော့ဖျော့။
   *    ညောင်ပင်အိုသည်
        လေကိုလက်ခံ၊ ရွက်ခတ်သံနှင့်
        တေးထံတျာနော့၊ ခပ်ပျော့ပျော့။


ကျွန်မ  အလယ်တန်းကျောင်းသူဘဝ ကပင် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ‘ခြင်းပွဲ’ ဆိုသည့်   ကဗျာနှင့်  ထိတွေ့ခဲ့ရ သည်။ ကျောင်းဝင်းအတွင်း   ထုံးဖြူဖြူ စေတီအနီး     ညောင်ပင်ခြေရင်းတွင် အပေးအယူ ခြေညီညီဖြင့် တက်ကြွဖွယ် ခြင်းဝိုင်းဖွဲ့ကြပုံမြင်ကွင်းကို စိတ်မျက်စိထဲ မြင်လာအောင်  ကဗျာက  ဖွဲ့ထားသဖြင့် ထိုကဗျာကို စွဲနေမိသည်။ 

 


ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)


စိတ်၏ အစာ၊ ဦးနှောက်၏ အာဟာရ ဟုဆိုနိုင်သည့်  စာကောင်းပေမွန်လက်ရာ များကို   ဖန်တီးရေးသားခဲ့သော  စာပေ ပညာရှင်ကြီးများကို   ချီးမြှင့်မြှောက်စား ခြင်းမှာ    မင်္ဂလာတရားတော်နှင့်ညီပေ သည်။ ၂၀၁၄ ခုနှစ်အတွက်  အမျိုးသား စာပေတစ်သက်တာဆုရှင်   သုံးဦးပေါ် ထွက်ခဲ့ရာ ဆရာကြီး ဦးဝင်းဖေ(မြဇင်)၊ ဆရာကြီး ဦးခင်မောင်စိုး(မောင်ပေါ်ထွန်း)နှင့် ဆရာကြီး ဦးကိုလေး(ကိုလေး-အင်းဝ ဂုဏ်ရည်) တို့ဖြစ်သည်။ 
ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကို အဖ ဦးချွန်၊ အမိ ဒေါ်မမကြီးတို့က ၁၉၃၆  ခုနှစ်     ဩဂုတ်   ၁၁ ရက်တွင် အင်းဝမြို့၊    ဈေးချို-ပန်းပဲတန်းရပ်၌ မွေးဖွားခဲ့သည်။   မွေးချင်းသုံးယောက် အနက်မှ အကြီးဆုံးဖြစ်သည်။  ၁၉၄၂ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း မန္တလေးမှ   အင်းဝသို့  စစ်ရှောင်ပြေးလာ သော  အမ်အေဒေါ်အုန်း၊    မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့    တည်ထောင်သော  အင်းဝ ဂုဏ်ရည်ကျောင်းတွင်   ပညာသင်ယူခဲ့သည်။ 

 


အင်းဝဂုဏ်ရည်        ကျောင်းသည် မန္တလေးအမျိုးသားကျောင်းဆရာများ၏ သင်ကြားပေးမှုကြောင့်  Scott လှုပ်ရှားမှု၊ အားကစားလှုပ်ရှားမှု၊    ဂီတလှုပ်ရှားမှု စသည့်    ဘက်စုံသင်ကြားပေးသော အဆင့်မြင့်ကျောင်း   တစ်ကျောင်းဖြစ် သည်။  စစ်ကြီးပြီးသောအခါ  ဗန်းမော်မှ ကျောင်းအုပ်ဆရာကြီး ဦးဂျင်၏ Private English School တွင် အင်္ဂလိပ်စာ သင်ယူ ခဲ့သည်။   ပြာသာဒ်ကျောင်းဆရာတော် ဦးဩဘာသထံတွင်လည်း တစ်ပြိုင်တည်း ပညာသင်ယူခဲ့သည်။ 

 


၁၉၅၂ ခုနှစ်တွင် စစ်ကိုင်းမြို့ အထက် တန်းကျောင်း၌ ပညာဆက်လက်သင်ယူခဲ့ သည်။  ၁၉၅၃-၁၉၅၄ ပညာသင်နှစ်တွင် တံတားဦးမြို့၌ အထက်တန်းကျောင်း ဖွင့်သောအခါ  ပြောင်းရွှေ့သင်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင်   တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ  မန္တလေးတက္ကသိုလ်တွင်   Pure Science ဘာသာတွဲကို Inter Part B အထိ သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ် အဆောင်များ     စာကြည့်တိုက်မှူး၊ စစ်ကိုင်းခရိုင်အသင်း  ဉာဏဗလမှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း တို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ 

 


ဆဋ္ဌမတန်း ကျောင်းသားအရွယ်တွင် ကဗျာများ     စတင်ရေးသားခဲ့သည်။ မန္တလေးမြို့တွင်   ထုတ်ဝေသော  မြန်မာ့ လမ်းစဉ်သတင်းစာပါ ‘ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ကဗျာဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။  ၁၉၅၈   ခုနှစ်တွင် ဆရာမ ဒေါ်ညွန့်ညွန့်နှင့်  အိမ်ထောင်ကျ ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင်  တံတားဦး မြို့ တောင်ဘီလူးကျောင်း၌ ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင် သိပ္ပံ၌  အလယ် တန်းပြဆရာဖြစ်သင်တန်းသို့   တက် ရောက်ခဲ့သည်။ ၁၉၆၅-၁၉၆၇ ခုနှစ်တွင် တံတားဦးမြို့   မြေငူရွာ  အလယ်တန်း ကျောင်း၌ အမှုထမ်းခဲ့သည်။ 

 

ရရှိခဲ့သော  စာပေဆုများမှာ ၁၉၆၅ ခုနှစ်အတွင်း  ဗီယက်နမ်နှင့်   သွေးစည်း ညီညွတ်ရေးအတွက်  ငုယင်ဗန်ထရွိုင်း ငွေဒိုင်းဆု၊ ၁၉၆၅ ခုနှစ် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု၊ ၂၀၁၂ ခုနှစ် မွန်းတည့် အမီ  ကဗျာစာအုပ်ဖြင့်  တော်ဘုရားလေး စာပေဆု (ကဗျာ)ဆု၊ ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ   တစ်သက်တာဆုနှင့် ၂၀၁၅ ခုနှစ်အတွက် ‘အိုအမေ’ ကဗျာဖြင့် ရွှေဘိုမြို့ ပန်းကဗျာ စာပေဆုအသီးသီး ရရှိခဲ့သည်။

 


အထက်ဗမာနိုင်ငံ     စာရေးဆရာ အသင်းကြီးက    ကြီးမှူးကျင်းပသော ဓမ္မဗိမာန် စာတမ်းဖတ်ပွဲ၌ ပါဝင်ခဲ့သည်။ ပထမဦးဆုံး ကဗျာစာအုပ်မှာ ‘လမ်းသစ်’ ကဗျာစာအုပ်ဖြစ်ပြီး    ‘နဒီငါးသွယ်’၊ ‘မွန်းတည့်အမီ’    ကဗျာစာအုပ်များ ထုတ်ဝေခဲ့သည်။   ဟံသာဝတီသတင်းစာ နှင့် စာနယ်ဇင်းများတွင် ဆောင်းပါးများကို လည်းကောင်း၊ သာရမဂ္ဂဇင်းတွင် ဝတ္ထုတို များကိုလည်းကောင်း ရေးသားခဲ့သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက စေလွှတ်သော   စာပေဟောပြောပွဲများ၌ စာပေရေးရာများ ဟောပြောခဲ့သည်။ ၂၀၁၃ ခုနှစ် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသော   မြန်မာစာပေဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် လည်းကောင်း၊ ၂၀၁၄ ခုနှစ်   အမျိုးသား ဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသော နိုဘယ် စာပေပွဲတော်တွင်    ကဗျာဆွေးနွေးသူ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ 

 


လမ်းသစ်ကဗျာများ


ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) သည် ၁၉၆၅ ခုနှစ်တွင်  လမ်းသစ်ကဗျာ စာအုပ်ဖြင့်  အမျိုးသားစာပေဆု  ကဗျာ ပေါင်းချုပ် ပထမဆု ရရှိခဲ့သည်။ ထိုစာအုပ် ကို  ဆုချီးမြှင့်ရခြင်းအတွက်  ဆုရွေးချယ် ရေးအဖွဲ့၏ မှတ်ချက်မှာ  “လမ်းဟောင်းမှ  ခွဲထွက်၍ လမ်းသစ်ကို   ထွင်ပြီးသွားရန်  ရေးသား သီကုံးသဖြင့် ‘လမ်းသစ်ကဗျာ များ’ ဟု အမည်ပေးထားသည်။  အရင်းရှင် စနစ်ဆန့်ကျင်ရေးလမ်းကြောင်း၊ ဆိုရှယ် လစ် စနစ်    တည်ဆောက်ပြီးမည့်အချိန်ကို မျှော်မှန်းသော     လမ်းကြောင်းစသည့် လမ်းကြောင်းသစ်ကို  စာဆိုက  သူနှင့် တစ်ပါတည်း   လိုက်ပါကြရန်  လှုံ့ဆော် စည်းရုံးထားလေသည်။ အချုပ်အားဖြင့် ဆိုသော်   နိုင်ငံ၏  ပညာရေး၊  စီးပွားရေး၊ ကျန်းမာရေး အခြေအနေအရပ်ရပ် စသည် တို့ကို   ကောင်းသည်ကို  ကောင်းသည့် အတိုင်း၊   မကောင်းသည်ကို  မကောင်း သည့်အတိုင်း မူလရုပ်သွင် ပေါ်လွင်အောင် ဖွဲ့နွဲ့သီကုံးထားလေသည်” ဟု ‘လမ်းသစ် ကဗျာများ’ စာအုပ်ကို ခြုံငုံသုံးသပ်ထား သည်ကို တွေ့ရှိရပေသည်။

 


ထိုစာအုပ်တွင်   ကဗျာအပုဒ်ပေါင်း ၇၀ မျှ ပါဝင်၍ ကဗျာဆရာကြီးတင်မိုးနှင့် ဆရာ မောင်စွမ်းရည်တို့၏ အမှာစာများ ကိုလည်း တွေ့ရှိရသည်။ ဆရာတင်မိုးက “ကိုလေးသည်  လမ်းဟောင်းက  အပြစ် အနာအဆာတို့ကို ကဗျာဖြင့် ထိုးဆိတ်ပြီး နောက်  ပစ္စည်းမဲ့တို့၏   လမ်းသစ်ကို ဂုဏ်တင်ထား၏။ ထိုသို့ ပစ္စည်းမဲ့တိုက်ပွဲ ၏ဂုဏ်ကို   သိဒ္ဓိတင်ရာတွင်  ကိုလေး၏ ကဗျာဉာဏ်သည်      မည်မျှထက်လေ သနည်း။ သူ့ကလောင်ထက်သည်နှင့်အမျှ ပစ္စည်းမဲ့ဘက်သားများ တိုးပွားလာပေ လိမ့်မည်..” ဟု   ထင်မြင်ချက်ပေးထား သည်။ ဆရာမောင်စွမ်းရည်၏ အမှာစာ တွင် “ယနေ့  မြန်မာစာပေလောကတွင် ကဗျာရေးသူတွေ အလွန်များပြားပါသည်။ သည့်အတွက်လည်း ကဗျာသည် ကဝိတို့ လက်မှ    လူတန်းစားအမျိုးမျိုးလက်သို့ ရောက်ရှိလာပြီဖြစ်၍   ကျွန်တော်တို့ ဝမ်းသာရပါသည်။ သို့သော် ယုတ်စွအဆုံး ကိုယ်ပြောလိုရာကို   ထိရောက်ပီပြင်စွာ ပြောနိုင်သည်ဆိုသည့်    ကဗျာမျိုးပင် အလွန်နည်းပါးလှပါသည်။  ထို့ကြောင့် ကိုလေး၏  ကဗျာများတွင် အခြားသော ကဗျာဂုဏ်ရည်တို့ကို  ထားဘိဦး၊   ပီပြင် ကြည်လင်မှု  ဂုဏ်ရည်ရှိနေသည်နှင့်ပင် ကျွန်တော်တို့အနေနှင့်   ကျွန်တော်တို့ သူငယ်ချင်းအတွက်   အားတက်ဂုဏ်ယူ နေရပါပြီ” ဟု   ထိုစဉ်က  (၁၉၆၅ ခုနှစ် ဝန်းကျင်)  ကဗျာလောက   အခြေအနေကို ခြုံငုံသုံးသပ်ကာ   မုဒိတာစကားဆိုထား သည်ကို တွေ့ရပါသည်။

 


ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ‘လမ်းသစ်ကဗျာများ’သည်     အတွေး အရေးရှင်း၍ ရပ်တည်ချက်ပြတ်သားသော ကဗျာများအဖြစ်      ထိတွေ့ရပေသည်။ ထိုစာအုပ်မှ ‘ခြင်းပွဲ’ ကဗျာသည် အလယ် တန်းကဗျာလက်ရွေးစင်တွင်  ထည့်သွင်း ပြဋ္ဌာန်းခံရသလို ‘လမ်းသစ်ကဗျာ’ သည် လည်း အထက်တန်းကျောင်းသုံး လက်ရွေးစင်အဖြစ် ပြဋ္ဌာန်းခံခဲ့ရသည်။ 

 


အင်းဝဂုဏ်ရည်


“ကိုလေး၏     ကဗျာစာအုပ်ကို ကောက်၍ကိုင်လိုက်မိလျှင် စာဖတ်သူတို့ သည် ပထမဆုံး  ကိုလေး၏ နောက်က ‘အင်းဝဂုဏ်ရည်’ ဆိုသည့်    စာတန်းငယ် ကို     ‘ဘယ်လိုသဘောနှင့်   ပါလိမ့်’  ဟု တွေးမိကြပေလိမ့်မည်” ဟု     ဆရာ မောင်စွမ်းရည်၏ အမှာထဲကလိုပင် ကဗျာ ဖတ်သူ  ကျွန်မသည်လည်း   တွေးမိ၏။ ဆရာစွမ်း    ညွှန်းဆိုထားသည့်အတိုင်း လမ်းသစ်ကဗျာစာအုပ်တွင်   ‘အင်းဝ ဂုဏ်ရည်’၏  ဗျုပ္ပတ်ကို ဖော်ညွှန်းထား သည့်   ကဗျာတစ်ပုဒ်ကို  တွေ့ရသည်။ ထိုအင်းဝဂုဏ်ရည် ကဗျာထဲတွင် -


    “စစ်ကိုတိမ်းသည့်
    တစိမ်းပြင်ပြင်၊ ပညာ့ရှင်တို့
    သားရင်းမိဘ၊ များဆန္ဒကြောင့်
    ‘အင်းဝဂုဏ်ရည်’
    နာမည်ကြိုင်လှောင်း၊ စာသင်ကျောင်းကို
    စုပေါင်းတည်ထောင်ကြချေပြီ”
ဟူ၍ ဆရာကိုလေးက  ထည့်သွင်းဖွဲ့ဆို ထား၏။ ဆရာကိုလေးသည် သူဖြတ်သန်း ကျင်လည်ခဲ့ရသည့် ငယ်ဘဝပုံရိပ်များ၊ သူတက်ခဲ့ရသည့်   ထိုအင်းဝဂုဏ်ရည် ကျောင်းကို  တစ်သက်တာမမေ့နိုင်ဘဲ စွဲလမ်းခဲ့ရသည့်  ခံစားချက်ကို ထိုကဗျာ တွင် တွေ့ရသည်။

 


အင်းဝဂုဏ်ရည်ဟူသော  ကဗျာသည် ဆရာ၏ငယ်ဘဝပုံရိပ်များကို ရုပ်ရှင်ကြည့် ရသလို   အကြောင်းအရာအားလုံးတို့ကို ကဗျာတစ်ပုဒ်အဖြစ်  ရေးဖွဲ့တင်ပြထားပါ သည်။ စစ်အတွင်းကာလ လေယာဉ်ပျံများ ဖြင့် ဗုံးများ၊ စက်သေနတ်များနှင့် အဆက် မပြတ်ပစ်ခတ်နေသောကြောင့်   တဲများ ပြာကျ၊ အိမ်များ မီးလောင်ကာ တိုက်များ ပြိုကျနေပုံ၊   ခြေပြတ်လက်ပြတ်ဖြစ်ကြသူများနှင့် သေဆုံးသွားသူများ  အလောင်း ချင်းထပ်နေပုံများကို ကပ်ဆိုးကျနေသော နေ့များအဖြစ် စစ်အတွင်း၏  ဒုက္ခတရား ပုံရိပ်များကို ကြောက်လန့်ဖွယ်ဖတ်ရှုရပါ သည်။  ထိုသို့    စစ်တွင်းကာလကြုံရချိန် တွင် -


“စစ်လမ်းကျရာ၊ မြို့မှခွာ၍
 တောရွာကျေးလက်၊ စေတီပျက်တွင်
 တွယ်ဖက်မှီခို၊ လူဖြင့်စိုပြီ..” ဟု စစ်ပြေး ဒုက္ခသည်များ၏ ဘဝကိုလည်း ထိတွေ့ရ သည်။

 


မြစ်များ   ရစ်ခွေစီးဆင်းနေသော၊ မြေဆီလွှာများကောင်းပြီး  စိမ်းလန်းနေ သော မန်ကျည်းပင်အိုများ၊ ရွက်ချင်းယှက် နေသော  ကုက္ကိုပင်၊   သရက်ပင်များ၊ ကျေးငှက်သာရကာများနှင့် နေပြောက် ထိုး၍မရအောင်   လှချင်တိုင်းလှနေသည့်  ယခင်က   ‘အင်းဝမြို့ဟောင်း’   ကို ကွက်ကွက်ကွင်းကွင်း  ထင်ထင်ရှားရှား မြင်ရအောင် ထိထိမိမိ မီးမောင်းထိုးပြပြီး စစ်လမ်းကျသောမြို့များမှ   ပြည်သူများ စစ်ဘေးရှောင်ရန်  တိုးဝှေ့ရောက်လာပုံ၊ ဗုံးခိုကျင်းများတွင် ခက်ခဲစွာ စားသောက် ရပုံ၊ ဗုံးသံငြိမ်သွားသော်လည်း ဖက်ဆစ် တို့၏    ဓားကိုဆွဲကိုင်ပြီး   လူများကို နှိပ်စက်ပုံများကို မြင်ယောင်လာစေအောင် ရေးဖွဲ့ထားသည်။ 
‘ကကြီးမှအ၊ ရေး၍ပြလည်း သားလှခ မျာ၊ မသိပါက ရင်နာစရာကောင်းလှပါ တကား’ ဟူ၍ ကမ္ဘာစစ်မီး တောက်လောင် နေသဖြင့် စာမတတ်သော သားသမီးများ ဖြစ်လာမည်ကို    သောကရောက်နေကြ သည့် မိဘများနှင့် စစ်ကိုမလိုလားသော ပညာတတ်များ   စုပေါင်းပြီး   ‘အင်းဝ ဂုဏ်ရည်’ ဟူသော စာသင်ကျောင်းကို တည်ထောင် ခဲ့ကြသည်။   ဂုဏ်ယူစရာပင်  ဖြစ်သည်။ မြို့သား တောသား မခွဲခြားဘဲ ပညာသင်ပေးပုံ၊      လေယာဉ်ပျံသံ၊ အမြောက်သံများနှင့် ဂျပန်တို့၏ နှိပ်စက် သံများကြားလျှင်ပင်  ကျောင်းမပျက်ကြပုံ၊  ကျောင်းစာများကို ပျော်ရွှင်စွာ သင်ယူရင်း  ပန်းပေါင်းတစ်ရာပွင့်သလို ပညာတတ် များ မွေးဖွားနိုင်ခဲ့ပုံကို ရေးဖွဲ့ထားပါသည်။

 


ဆရာသည်       ဤကျောင်းတွင် တက်ရောက်စာသင်ခဲ့သော ကျောင်းသား တစ်ဦးဖြစ်သည်။ ဆိုးရွားသောခေတ်တွင် လူဖြစ်ခဲ့သော်လည်း သူတစ်ပါးအောက် မကျရအောင် ၊ သူတစ်ပါးကြိုးဆွဲရာ မက ရအောင်၊ လူညွန့်မတုံးရအောင် မည်သို့ အခက်အခဲရှိရှိ   ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုး    ရပ်တည်ခဲ့သူဖြစ် သည်။ မိခင်ကျောင်းတော်ကြီး၏ ဂုဏ် ကျေးဇူးများကို ကဗျာပန်းဖြင့် ဦးထိပ်ထား ရေးဖွဲ့ကန်တော့ခြင်းပင်ဖြစ်သည်။ ဆရာ ၏ အမိမြေကိုချစ်သောစိတ်၊ မျိုးချစ်စိတ်၊ သစ္စာတရား၊    မေတ္တာတရားများကို အထင်းသားမြင်တွေ့နိုင်ပါသည်။
စာပေလောကတွင် ဆရာ့ကို ချစ်စနိုး ဖြင့် ‘ဆရာကို’ ဟု ခေါ်ကြသည်။ ကိုလေး (အင်းဝဂုဏ်ရည်) ဟူသော ကဗျာဆရာ ကြီးဖြစ်လာမည့် သျှောင်ထုံးနှင့် ကောင် ကလေးမှာ   ဒုတိယကမ္ဘာစစ်ကြီးနှင့် ယှဉ်တွဲကာ အမျိုးသားလွတ်မြောက်ရေး နှစ်ကာလများထဲမှ     အင်းဝဂုဏ်ရည် ကျောင်းတော်သား ဖြစ်ခဲ့ပါသည်။ အင်းဝ ဂုဏ်ရည်ဟူသောအမည်သည်  လေးနက် သော   အဓိပ္ပာယ်ကို    ဆောင်သည်။ ဖက်ဆစ်ဆန့်ကျင်ရေး   အထိမ်းအမှတ် တစ်ခုဖြစ်သည်ဟု     မှတ်သားသိရှိခဲ့ရပါသည်။ 

 


‘ကဗျာသည်    ကမ္ဘာတစ်ခုလုံး၏ ပဲ့တင်သံ’ ဟု     မာယာကော့စကီးက အဓိပ္ပာယ်ဖွင့်ဆိုထားသလို ဆရာသည် အလွှာပေါင်းစုံမှ လူနေမှုဘဝ၊ လူနေမှု စရိုက်၊ လူတို့၏ အနေအထိုင်၊ အပြုအမူ များကို  ထိထိမိမိ    ရေးဖွဲ့တတ်သော လေးစားဖွယ်ဆရာဖြစ်သည်။   ယနေ့ ဖြစ်ပေါ်နေသော  လူတို့၏ ဒုက္ခသုက္ခများ၊ ကျောင်းဆရာများအကြောင်း၊ ကျေးလက် များအကြောင်း၊     လယ်သမားဘဝ အကြောင်း၊ မွေးမိခင်များ    အကြောင်း၊ မြို့ပြတည်ရှိမှုအကြောင်း၊    သဘာဝ လောကကြီးအကြောင်းမှသည် နောက် ဆုံး    သင်္ခါရအကြောင်းများပါ   မကျန် ဆရာ၏  ကဗျာများထဲမှတစ်ဆင့်  ခံစား ထိတွေ့ခဲ့ရသည်။     

 


လမ်းသစ်ကဗျာ        စာအုပ်တွင် အကြောင်းအရာစုံ၊    ဘဝပုံရိပ်လွှာစုံ နှစ်သက်ဖွယ်ကဗျာ   အများအပြားပင် ပါဝင်သည့်အနက်   ကဗျာဖတ်သူတစ်ဦး အနေဖြင့် ကျွန်မအနှစ်သက်ဆုံး ကဗျာ တစ်ပုဒ်ကို ထုတ်ပြပါဆိုလျှင်.. ‘ချည်တိုင် ဟောင်း’ ဆိုသည့် ကဗျာလေးကို ထုတ်ပြ ချင်မိပါသည်။ ကျေးလက်ဇာတိ လယ် သမား၏   သားသမီးအဖြစ်  ရိုးကလေး တစ်ခု၊   မိရိုးဖလာခံစားမှု၊  ဓမ္မရိပ်မှ လောကီနယ်အတွင်း  သက်ဆင်းရုန်းကန် ရန် ခြေလှမ်း ‘ချည်တိုင်ဟောင်း’ ဟူ၍။

 


ထိုကဗျာလေးကို   ခံစားမိပြီး  ဆရာ ဦးကြည်နိုင်ကလည်း  “ကဗျာဆရာက ချည်တိုင်ဟောင်းဟု အမည်ပေးထားပါ သည်။ သို့သော်လည်း ကျွန်တော့်စိတ်ထဲ၌ ထိုအမည်ကို   ကဗျာဆရာပေးသည် မထင်။ ကဗျာထဲမှ ကိုရင်ကလေးကပေး သည်   ထင်မိ၏။  ထိုအတွက်လည်း ထိုကဗျာလေးကို   ပိုမိုနှစ်သက်မိခြင်း ဖြစ်မိပါသည်။ ထိုကဗျာလေးနှင့် ထိတွေ့ရ သည်မှာ ကွဲကွာနေသော ငယ်သူငယ်ချင်း တစ်ဦးနှင့်  ပြန်လည်ဆုံစည်းရသကဲ့သို့ ဖြစ်မိပါ၏။ ရှေးဟောင်းနှောင်းဖြစ် တစ်ဝ ကြီး ပြောဖြစ်ကြသကဲ့သို့  မိမိ၏ ဇာတိ ရပ်ရွာ၊ ငယ်ဘဝ၊ နုရွယ်ဘဝ စသည်ဖြင့် ပြန်လည်အမှတ်ရကာ ကြည်နူးဆွတ်ပျံ့ မိရပါ၏” ဟု   ကဗျာခံစားမှုကို  ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလထုတ် ပန်မဂ္ဂဇင်းတွင် ရင်ဖွင့်တင်ပြခဲ့ဖူးသည်ကို   မှတ်မိနေပါ သည်။
စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို မိမိ၏ ဘဝဖြတ်သန်းမှုအရ   ဟဒယနှင့်ညီလျှင် ပိုမိုခံစားရနိုင်ကြောင်း    ထင်ရှားလာပါ သည်။ အနုပညာ၏ မြစ်ဖျားသည် ခံစားမှု မှ စခဲ့လေသလားဟု  စူးစမ်းကြည့်မိပါ၏။ ချည်တိုင်ဟောင်းကဗျာသည် ကဗျာချစ်သူ တို့    စွဲလမ်းနှစ်သက်မြတ်နိုးခဲ့ရသည့် ဆရာ၏  ကဗျာလက်ရာတစ်ပုဒ်ပင်ဖြစ်ပါ သည်။  ပြုခဲ့ဖူးသည့်   ကံများကြောင့် သံသရာစက်ဝန်းမရပ်သရွေ့   ချည်တိုင် ဟောင်းဆီသို့ပင်  အဖန်ဖန် အထပ်ထပ် ခြေဦးလှည့်မိကြသည့် ပုထုဇဉ်လူသား တို့၏ ဖြစ်အင်ကို လယ်သမားမိသားစုနှင့် ပမာပြုကာ      ရေးဖွဲ့ထားသည်ဟုလည်း ခံစားမိပါသည်။     ဆရာရေးဖွဲ့ခဲ့သည့် ကဗျာတို့တွင်   သော့လုံး၊  ထေ့လုံးများ ပါလာတတ်သည်။ ခေတ်ကို ထင်ဟပ်စေ သည့်အမြင်၊  လောက၏   သဘောတံတွာ ကို ဆင်ခြင်တုံတရားဖြင့်  ရှုမြင်ခဲ့ပုံများ ကိုလည်း သိမြင်ခံစားရပါသည်။ 

 


ဆရာကိုလေး(အင်းဝဂုဏ်ရည်) ၏ ကဗျာရွတ်သံကို နားဆင်ဖူးသည့် ဆရာ ဆူးငှက်ကလည်း   “ဆရာကိုလေးထံမှ အသံလုံးကောင်းကောင်း ပီပီသသ ခံ့ခံ့ ညားညား လေးလေးနက်နက် ကြားလိုက် ရသောအခါ ‘ဪ မြန်မာကဗျာရွတ်တယ် ဆိုတာ  ဒီလိုကိုး’ ဟု  ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ နဘေနရီနှင့်  မြန်မာ စကားလုံး အသံထွက်ကိုလည်း အလေး အနက် သိလိုက်ရပါ၏။ မြန်မာစကားလုံး တစ်လုံးချင်းစီ၏ တန်ဖိုးနှင့်  ကျစ်လျစ်မှု ကိုလည်း တွေးဆမိသည်” ဟူ၍ ဆရာ့ အတွက် အမှတ်တရ  ဂုဏ်ပြုစကားဆိုဖူး ပါသည်။

 


အင်းဝက လူထုကဗျာဆရာ သို့မဟုတ် ကို‌လေး (အင်းဝဂုဏ်ရည်)


ဆရာကိုလေး(အင်းဝဂုဏ်ရည်) အသက် (၈၀) ပြည့် အမှတ်တရစာအုပ် ပဉ္စဂံစာအုပ် တိုက်က  ၂၀၁၆ ခုနှစ်    ဩဂုတ်လတွင် ထွက်ရှိလာသည်ကို တွေ့ရပါသည်။ ထို စာအုပ်တွင်   ဆရာဒဂုန်တာရာ၊  ဆရာ မောင်သစ်လွင်(လူထု)၊ ဆရာအံ့မောင်၊ ဆရာမောင်သာနိုး၊ ဆရာမောင်စွမ်းရည်မှ စ၍ ဆရာကိုလေး (အင်းဝဂုဏ်ရည်)နှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်များအပြင်    လူငယ်၊ လူလတ်ကဗျာဆရာ၊    စာရေးဆရာ၊ အယ်ဒီတာ စသည်ဖြင့်  အများအပြားပင် အမှတ်တရ ရေးသားထားကြသော ကဗျာ များ၊ ဆောင်းပါးများ၊ စာစုများကို ထိတွေ့ ရပါသည်။ 

 

ဆရာ၏ စာပေသဘောတရား၊ ကဗျာ အယူအဆ၊ စာပေဝမ်းစာ၊ ဂန္ထဝင်ဝမ်းစာ၊ စာပေခံယူချက်၊ စာပေအာဝဇ္ဇန်း၊ ဆရာ၏ ပုံဟန်စရိုက်၊   အမူအရာပုံရိပ်များကိုပါ မြင်လာရပါသည်။ ဆရာ၏ သက်ရှိရုပ်ပုံ လွှာဟုပင် ဆိုရလောက်ပါသည်။ 

 

“ဆရာ့ခန္ဓာကိုယ်ထဲတွင်   အညာ ကျေးလက်ရနံ့နှင့်            အမျိုးသားရေး စိတ်ဓာတ်များ  ကိန်းအောင်းလျက်ရှိသည်။ ကိုယ့်မြေ၊   ကိုယ့်ဒေသ၊  ကိုယ့်လူမျိုးနှင့် ကိုယ့်နိုင်ငံကို   တိုးတက်ကြီးပွားစေချင် သည်။ စကားပြောရာမှာလည်း ပွင့်ပွင့် လင်းလင်း၊ ရိုးရိုးရှင်းရှင်း၊ ဟိတ်ဟန်မကြီး၊ လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရသည့်ဘဝကို မြတ်နိုးသည်။ တစ်ဦးနှင့်တစ်ဦး အပြန် အလှန်  ယုံကြည်လေးစားမှုကို  တန်ဖိုး ထားသည်။     ကိုယ့်အပေါ်ကျရောက်လာ သမျှ  အလေးအဖိများကို  အရွှင်အသော များဖြင့် ဖြေဖျောက်၍ ခွင့်လွှတ်ခြင်းသည် ဆရာ၏ လောကအမြင်” ဟူ၍ ဆရာ ညိုထွန်းလူက   ဆရာ၏အသက်  (၈၀) ပြည့် မွေးနေ့အမှတ်တရအဖြစ်  ဂုဏ်ပြု ရေးသားထားလေသည်။

 


ဆရာသည်  အသက်အရွယ်ကြီးရင့် လာသော်လည်း        ကျန်းမာနေဆဲ၊ ဖျတ်လတ်နေဆဲ၊ စိတ်အာရုံက လန်းဆန်း နေဆဲဖြစ်ပြီး         စာပေအတွက်ဆိုလျှင် မြောက်ဖျား ရှင်ဗွေယန်၊ တနိုင်း၊ ဖားကန့် နှင့် တောင်ဖျား  မြိတ်၊   ထားဝယ်အထိ မြန်မာနိုင်ငံ တစ်နံတစ်လျား မမောနိုင် မပန်းနိုင် ခရီးများနေတတ် သူဖြစ်သည်။ ဆရာ၏ စာပေဟောပြောချက်များကို နားထောင်ရသူအဖို့ ဟောပြောချက်များမှ တစ်ဆင့်   အရွှင်အလန်းများ  ကူးစီးလာ သည်။ ဆရာ၏ ငယ်မူပြန်သည့်နှလုံးသား သည် ပရိသတ်ကို ကြည်နူးလန်းဆန်းသွား စေသည်။ အဖိုးမဖြတ်နိုင်သည့်သုတရသ အစုံကို ရရှိသွားစေသည်။

 

ဆရာသည်  ပြည်သူ့အကျိုးအတွက် ကဗျာရေးဖွဲ့သူ၊   ဂန္ထဝင်ဝမ်းစာပြည့်သူ တစ်ဦးဟု   ဆိုနိုင်လေသည်။  ဆရာ၏ မိတ်ဆွေရောင်းရင်းများ အင်းဝမြို့ဟောင်း သို့   လာရောက်လည်ပတ်ကြသည့်အခါ တိုင်း ဆရာက မြို့ဟောင်းနေရာများကို စိတ်အားထက်သန်စွာ လိုက်လံပြသတတ် သည်။ သမားရိုးကျ ရှင်းလင်းပြသခြင်း မဟုတ်ဘဲ  သံနေသံထားဖြင့်  ရှေးရေး အင်းဝဖွဲ့ကဗျာများကို ရွတ်ဆိုကာ သမိုင်း ကြောင်းကို     ဖွင့်ဆိုရှင်းပြတတ်သည်။ ဆရာရွတ်ဆိုနေသည့်ကဗျာများကို ခံစား ကြည့်ရင်း  ဟိုးအဝေးဆီက သမိုင်းတို့ကို သိရသလို ယခုပစ္စုပ္ပန်နှင့်လည်း ပြန်လည် ၍ဆက်နွှယ်    ပေါင်းစည်းသွားတတ် ကြောင်း အချို့ဆရာများက ပြန်ပြောပြ သဖြင့် သိရ၏။

 


“ဆရာ့မှာ  ဂန္ထဝင်ကဗျာဝမ်းစာတွေ အပြည့်ရှိသည်။ ဆရာရေးသည့်ကဗျာတွေ ကတော့  ဂန္ထဝင်နှင့်  လေးလံနေတာမျိုး မရှိတာကိုလည်း      သတိထားမိသည်။ ဆရာ့ကဗျာတွေ ဖတ်မိတိုင်း ‘ဘဝ အနာ ကို ဆရာ့ကဗျာတွေနဲ့ ထွန်းစေမကွဲ့လို့’ ကြားသယောင်ယောင် ရှိလေသည်” ဟူ၍ ဆရာနေဝင်းမြင့်က ဆိုလေသည်။

 


ဆရာသည်   အသက်  ၁၀နှစ်  အရွယ် ကတည်းက ‘လောကမာန်အောင်’ ပိုဒ်စုံ ရတုမှ အစပြု၍ ယနေ့အချိန်အထိ ကဗျာ ပုဒ်ရေထောင်ချီ          ရေးလာခဲ့သည်ဟု မှတ်သားမိသည်။ ကဗျာဆရာများ၊ စာပေ မြတ်နိုးသူများက ဆရာ့ကို မြန်မာကဗျာ အိမ်ဦးခန်းတွင်ထားပြီး အလေးအမြတ်ပြု နေကြသည်ကို    မြင်တွေ့ရခြင်းအားဖြင့် ဆရာ၏ကဗျာများ မည်မျှလေးစားဖွယ် ဖြစ်ကြောင်းကို  အထူးမှတ်ကျောက်တင် ရန် မလိုတော့ပေ။ ဆရာသည် ကဗျာဆရာ သမဂ္ဂအသင်းကြီး၏ သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။


(ဆက်လက်ဖော်ပြပါမည်)