အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် မှန်ကန်စွာဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်

 

အဂတိလိုက်စားမှုများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြောင်းပြန် အချိုးကျသည်။ အဂတိလိုက်စားမှု ထူပြောများပြားလေလေ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနိမ့်ကျလေလေဖြစ်ရာ အဂတိလိုက်စားမှု များကို ဟန့်တား တိုက်ဖျက်နိုင်ရန် လိုအပ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ရေတိုလုပ်ငန်းမျိုးမဟုတ်ဘဲ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းမျိုးလည်း ဖြစ်သည်။ ရေရှည်ဆောင်ရွက်သွားရမည်ဟုဆိုရာတွင်   နိုင်ငံ၏ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက အဂတိလိုက်စားမှုကို ကိုယ်ကျင့်တရား ပျက်ပြားမှု၊ လူ့အဖွဲ့အစည်းကို နိမ့်ကျစေသည့်အပြုအမူအဖြစ် သိမြင် ရှောင်ကြဉ်ကြသည့် အခြေအနေသို့ ရောက်ရှိစေရမည်ဖြစ်သည်။

 


အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် နိုင်ငံရေးပါတီများ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ၊ ဥပဒေနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၊ သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းများစသည့်အဖွဲ့အစည်းများနှင့် လုပ်ငန်းဌာနများ ပူးပေါင်းလက်တွဲ၍ ရေရှည်တိုက်ဖျက်ခြင်း၊   အဂတိလိုက်စားမှုဆိုင်ရာပြစ်မှုများကို လျင်မြန်စွာ ကိုင်တွယ်စိစစ်၍ အလျင်အမြန်၊ ခြွင်းချက်မရှိ အပြစ်ပေး အရေးယူခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံသားများ အား တိုင်ကြားခွင့်၊ ပါဝင်ခွင့်ပေးခြင်းနှင့်  တိုင်ကြားသူ၏ လုံခြုံရေး အတွက် အာမခံချက်ပေးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့် တရားကောင်းမွန်ရေး၊ အများအကျိုးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ မြင့်မားစေရေး၊ အဂတိလိုက်စားသည့် အပြုအမူ များကို ရှောင်ကြဉ်ရေး၊ အကောင်းမြင်စိတ်ဖြင့် ဘဝကို တန်ဖိုးထား ရေး၊ အလိုလောဘ မကြီးရေးတို့ကို ငယ်စဉ်ဘဝကပင် မိသားစု အတွင်း၊ ကျောင်းသင်ခန်းစာများနှင့် ဘာသာတရားအဆုံးအမများမှ တစ်ဆင့် သွန်သင်ဆုံးမထားခြင်း စသည့်နည်းလမ်းများကို ကျင့်သုံး ရန်လိုအပ်သည်။

 


မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည်  သန့်ရှင်းသောအစိုးရနှင့်  ကောင်းမွန်သောအုပ်ချုပ်ရေး အတွက် အဓိကအရေးပါသည့်လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည့်အတွက် အမျိုးသားရေးအသွင်ဖြင့်     အကောင်အထည်ဖော်လျက်ရှိသည်။ အစိုးရယန္တရားအတွင်းရှိ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း ဌာနများတွင်  အကျင့်ပျက်ဝန်ထမ်းများက  အဂတိလိုက်စားမှုကို တိုက်ရိုက်သော်လည်းကောင်း၊   သွယ်ဝိုက်၍သော်လည်းကောင်း ပြုလုပ်လေ့ရှိကြသကဲ့သို့ ဝန်ဆောင်မှုကို ရယူသူများဘက်ကလည်း အကြောင်းအမျိုးမျိုးဖြင့် လာဘ်ပေး၍ ဝန်ဆောင်မှုကို ရယူလေ့ရှိကြ ရာ အဂတိလိုက်စားမှုမှာ နက်နက်ရှိုင်းရှိုင်းပင် အမြစ်တွယ်နေတတ်ပြီး အစိုးရဌာနနှင့် အဖွဲ့အစည်းအချို့တို့မှာ နာမည်ဆိုးများပင် ထွက်ခဲ့ကြသည်။

 


အဂတိလိုက်စားမှု တားမြစ်ထိန်းချုပ်ရေးအတွက် “အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်”(Public Feedback Programme-PFP) နည်းပညာကို အသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး အစိုးရဌာနမှ ဝန်ဆောင်မှုရယူသူ၏ အတွေ့အကြုံနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ ပြည်သူများထံမှ တုံ့ပြန်လာသည့် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဖြေရှင်းခြင်းတို့အား ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၃ ခုတို့တွင်   နိုဝင်ဘာ ၁  ရက်နေ့မှစတင်  ဆောင်ရွက်နေပြီဖြစ် သည်။ အဆိုပါ PFPနည်းပညာသည် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုအရည်အသွေးကောင်းမွန် တိုးတက်စေရေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးတို့ကို  အထောက်အကူပြုနိုင်မည် ဖြစ်သည်။ အစိုးရရုံး၊ ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့သော ပြည်သူ များအနေဖြင့် မိမိတို့၏ ဖုန်းသို့ Short Code “1111”မှ SMS ပေးပို့ မေးမြန်းလာသည်များကို မှန်ကန်စွာဖြေကြားပေးခြင်းဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင်  ပူးပေါင်းပါဝင်ကြရေး တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။       ။