အမျိုးသားရေးစိတ်ဓာတ် မြင့်မားစွာ လွှင့်ထူ

 

 

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရတနာပုံ မင်းနေပြည်မှ သီပေါဘုရင်နှင့် မိဖုရားတို့ကို နယ်ချဲ့အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံ သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ချိန်မှစကာ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့သည်။ အောက်မြန်မာနိုင်ငံ အနေဖြင့်မူ ၃၃ နှစ်စောကာ အင်္ဂလိပ်လက်အောက် ကျရောက်  နေခဲ့ပြီး ရခိုင်နှင့် တနင်္သာရီတို့မှာ နှစ်ပေါင်း ၆၀ ကျော်ပို၍ပင် စော၍ ကိုလိုနီနယ်မြေများဖြစ်ခဲ့သည်။ သူ့ကျွန်ဘဝတွင် မြန်မာ နိုင်ငံ၏ အပြောင်းအလဲတစ်ခုမှာ ပညာရေးစနစ်ပင် ဖြစ်သည်။
မြန်မာဘုရင်များခေတ်တစ်လျှောက်လုံး မြန်မာနိုင်ငံ၏ ပညာ ရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးဖြစ်ပြီး ဗုဒ္ဓဘာသာ အခြေခံနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စာအရေး အဖတ် တို့ကို သင်ကြားပေးခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ အင်္ဂလိပ်လက် အောက်ကျရောက်ခါစ မြန်မာနိုင်ငံတွင် မြန်မာလူမျိုး ၈၅ ရာခိုင် နှုန်းမှာ စာရေးစာဖတ်တတ်ခဲ့ကြသော်လည်း ၁၉၂၀ ပြည့်နှစ်သို့  ရောက်သည့်အခါ မြန်မာလူမျိုး ၃၅ ရာခိုင်နှုန်းသာ စာရေးစာဖတ် တတ်သည့်အခြေအနေသို့ ရောက်ရှိသွားသည်။ အဓိကအချက်မှာ မြန်မာနိုင်ငံကို သိမ်းပိုက်ထားသည့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ၏ ပညာရေးအတွက် ငွေကြေးထောက်ပံ့မှုမရှိခဲ့ခြင်းကြောင့် ဖြစ် သည်။ ပညာရေးနိမ့်ကျသွားခြင်းကြောင့် မြန်မာတို့၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့လည်း နိမ့်ကျသွားခဲ့ရပြီး တစ်ဆက်တည်း မှာပင် တစ်ချိန်က ဘုန်းတော်ကြီးကျောင်းပညာရေးခေတ်တွင် မြင့်မားခဲ့သည့် အမျိုးသားယဉ်ကျေးမှုလည်း နိမ့်ပါးခဲ့ရသည်။ အမျိုးသားဇာတိမာန်များလည်း ပညာသားပါပါ ချိုးနှိမ်ခံခဲ့ကြ ရသည်။
ကိုလိုနီခေတ် အင်္ဂလိပ်နယ်ချဲ့တို့က ပေးသည့်ပညာရေးသည် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်နိုင်မည့် ပညာ ရေးမျိုးမဟုတ်ဘဲ ကိုလိုနီအုပ်ချုပ်ရေးယန္တရားတွင် အသုံးပြုနိုင် မည့်  အဆင့်နိမ့်ပညာရေးမျှသာဖြစ်သည်။  ကိုလိုနီအုပ်ချုပ်ရေးယန္တရားတွင်လည်း အဆင့်မြင့်ရာထူးမျိုးကို မရရှိဘဲ စာရေးရာထူး မျှကိုသာ ရရှိနိုင်ကြသည်။ ဗြိတိသျှတို့၏ နေမဝင်အင်ပါယာကြီးကို အထင်ကြီးစေပြီး အုပ်စိုးသူအစိုးရကို သစ္စာရှိစေရန် ဖန်တီးထား သည့်   အင်ပါယာသစ္စာတော်ခံအတွေးအခေါ်များကို   ဖြန့်ဝေ သင်ကြားပေးသည့်  ပညာရေးဖြစ်သည်။ ၁၉၁၇ ခုနှစ်တွင် အိန္ဒိယ ရှိ နယ်ပယ်အချို့ကို ဒိုင်အာခီ ခေါ် ပူးတွဲအုပ်ချုပ်ရေးပေးသည့်အခါ မြန်မာနိုင်ငံတွင် ဘီအေဘွဲ့ရသူ ၄၀၀ မရှိသေး၍ ဒိုင်အာခီနှင့် မတန်သေးဟုဆိုကာ မပေးဘဲထားခဲ့သည်။ ၁၉၀၀     ပြည့်လွန်နှစ် များမှ တဖြည်းဖြည်းစတင်လာသည့် အမျိုးသားရေးအသွင်ဆောင် သော လှုပ်ရှားမှုများသည် တစ်စတစ်စ ရင့်ကျက်လာကာ ၁၉၂၀ ပြည့်နှစ် အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားသပိတ်ကို ပေါ်ထွန်းလာစေခဲ့သည်။
၁၉၂၀ ပြည့်နှစ်၊ မြန်မာသက္ကရာဇ်အားဖြင့် ၁၂၈၂  ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ကျောင်းသားသပိတ်  သည် ကိုလိုနီပညာရေးစနစ်ကို အကြောင်းပြုသော်လည်း အနှစ် သာရအားဖြင့် ကိုလိုနီနယ်ချဲ့အစိုးရကို တစ်မျိုးသားလုံးအဆင့် ဖြင့် ပထမဦးဆုံး ဆန့်ကျင်အာခံခြင်းပင် ဖြစ်သည်။ ကျွန်ပညာရေး ကိုဆန့်ကျင်၍ အမျိုးသားပညာရေး၊ အမျိုးသားရေးစိတ်ဓာတ်၊  အမျိုးသားရေးဇာတိမာန်တို့ အုံကြွမြင့်မားခဲ့သည်။ ယင်းမှဆက်၍ တောင်သူလယ်သမားအရေးတော်ပုံ၊ ဒို့ဗမာအစည်းအရုံးလှုပ်ရှားမှု များ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့် ရေနံမြေအလုပ် သမားအရေးတော်ပုံ စသည့်အမျိုး သားလွတ်မြောက်ရေးအရေး တော်ပုံများ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာခဲ့ပြီး လွတ်လပ်ရေး ပန်းတိုင်ဆီသို့ ရောက်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံအဖို့ အမျိုးသားရေးစိတ်ဓာတ်က အရေးကြီး သည်။ နိုင်ငံနှင့်လူမျိုး တည်တံ့ခိုင်မြဲရေးအတွက် အရေးပါသော အရာလည်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်သည် လူမျိုးကြီး ဝါဒ၊ လူမျိုးခွဲခြားရေးဝါဒတို့နှင့် လားလားမျှမဆိုင်သော်လည်း အမျိုးသားရေးစိတ်ဓာတ်ကို ဖျက်ဆီးရန်အလို့ငှာ ကောက်ကျစ် သောအကြံဖြင့် ယိုးစွပ်နေမှုများရှိနေသည်ကို သတိချပ်ကြရမည်။ နိုင်ငံကိုချစ်ခြင်း၊ လူမျိုးကိုချစ်ခြင်းသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း တွင် ရှိနေသောအရာဖြစ်သကဲ့သို့ ရှိသင့်ရှိအပ်သောအရာလည်း  ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် ခိုင်မာမြဲမြံမြင့်မားစွာ လွှင့်ထူ ၍ နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေးအတွက် မျိုးဆက်တိုင်းက ထမ်းရွက်ကြရန် တာဝန်ရှိအပ်ပါကြောင်း။      ။