ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်မှ တိုင်းပြည်ငြိမ်းချမ်း

“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက်  နိုင်ငံသားတိုင်းတွင်   ပြည်ထောင်စု စိတ်ဓာတ်ထားရှိမွေးမြူသွားကြရန်    အလွန်အရေးကြီးကြောင်း”      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံစဉ်မှာကြားခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ဖြင့် စုစည်းတည်ထောင် ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံးသည် အတူနေ မိသားစုသဖွယ် ပြည်ထောင်စုကြီးအတွင်း၌ အေးအတူပူအမျှ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နှစ်ပေါင်းထောင်ချီ အတူတကွနေထိုင်ခဲ့ကြသည်။ အတူတကွ စုပေါင်းနေထိုင်ကြစဉ် နယ်ချဲ့လက်အောက်ရောက်ခဲ့သောအခါ၌ ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူရန် တိုင်းရင်းသားပြည်သူအားလုံး အတူလက်တွဲ၍ တော်လှန်ခဲ့ကြသည်။
ပြည်ထောင်စုကြီးအတွင်း တစည်းတလုံးတည်းနေထိုင်ခြင်းကြောင့် တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောခဲ့သည်။ ပြည်ထောင်စုကြီးအတွင်း တစည်းတလုံးတည်း နေထိုင်ခြင်းကြောင့် ဆုံးရှုံးသွားသောလွတ်လပ်ရေးကို လက်တွဲညီညာရယူနိုင်ခဲ့ သည်။ စည်းလုံးညီညွတ်ခြင်းသည် ကောင်းခြင်းများနှင့်ပြည့်စုံစေပြီး အန္တရာယ် ရန်စွယ်ဟူသမျှကိုလည်း   တွန်းလှန်ဖယ်ရှားနိုင်သည်။  ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားပါက၊ ပြည်ထောင်စုစိတ်ဓာတ် ပါးလျားလျော့နည်းလာပါက မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှု၊ မခိုင်မြဲမှုများဖြစ်ပေါ်လာပြီး တိုင်းပြည်ပျက်စီးနိုင်သည်။
ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်သည် အလွန်အရေးကြီးပြီး နိုင်ငံသား အားလုံး ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးသည်။ “ပြည်ထောင်စုစိတ်ဓာတ်” ဆိုသည်မှာ  ပြည်ထောင်စုကြီးတစ်ခုလုံးကို   မိသားစု တစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာ  လက်ခံမှတ်ယူထားသည့် သဘောထားခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသားအချင်းချင်း တစ်ဦးကို တစ်ဦးရိုင်းပင်းကူညီလိုခြင်း၊  အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊   အချင်းချင်းစာနာထောက်ထားခြင်းနှင့် နားလည်သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံကောင်းများဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလူငယ် မောင်မယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ 
ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားလူမျိုးများအားလုံး မည်သည့် နေရာတွင် နေထိုင်သည်ဖြစ်စေ ငါတို့သည် ဤပြည်ထောင်စုကြီးအတွင်း အတူတကွ စုပေါင်းနေထိုင်ကြသော မိသားစုဝင်များဖြစ်သည်ဟူသော တူညီသည့်စိတ်ထားများ ထားရှိကြရန်လိုအပ်သည်။ အဆိုပါစိတ်ဓာတ်သည် ပြည်ထောင်စုကြီးကောင်းကျိုး အတွက် မွေးမြူထားရမည့်စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်များ မွေးမြူနိုင်ခြင်း မရှိပါက တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ပြင်ပမှ စွက်ဖက်နှောင့်ယှက်မှုများ ပိုများလာမည်ဖြစ်သည်။ 
မျက်မှောက်ကာလတွင် ပြည်ထောင်စုကြီးပြိုကွဲရေးကို စနစ်တကျကြိုတင် စီမံဆောင်ရွက်နေကြရာ ယခုအခါ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး လက်နက်စွဲကိုင်တိုက်ခိုက်သတ်လာကြသည်အထိ  ဖြစ်ပေါ်နေသည်ကိုတွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲစေရေးအတွက် စည်းလုံးညီညွတ်မှုကို မမေ့လျော့ရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ မပျောက်ကွယ်ရန် အထူးသတိပြုကြရ မည်ဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး  (၃)   ပါးကို   အလေးအနက်ထားပြီး   တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံ ကောင်းများ ပွားများထွန်းကားလာအောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်သည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ပင်ကိုအားဖြင့် ရိုးသားဖြူစင် ကြသောမိသားစုများဖြစ်သည်။    ရိုးသားသောတိုင်းရင်းသားများ၏   ရှိရင်းစွဲ ပြည်ထောင်စုစိတ်ဓာတ်များ ပါးလျားပျောက်ကွယ်လာအောင် သွေးထိုးလှုံ့ဆော် နှောင့်ယှက်မှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူငယ်လူရွယ်မျိုးဆက်သစ်များတွင် ပြည်ထောင်စုစိတ်ဓာတ် မကွယ်ပျောက်အောင်၊ ပြည်ထောင်စုစိတ်ဓာတ် ထုံမွမ်းနေရေးသည် အရေးကြီးသည်။  
လက်ရှိအချိန်အခါကာလတွင် မသမာသူအဖျက်သမားများက တိုင်းပြည် ပျက်စီးရေးကို   ကြိုးပမ်းအားထုတ်နေသဖြင့် ပြည်ထောင်စုသားအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်   ရှင်သန်အားကောင်းလာရေး    အထူးလိုအပ်နေသည်။ တိုင်းရင်းသားပြည်သူများအတွင်း ပြည်ထောင်စုစိတ်ဓာတ်များ ပွားများလာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပြီး ပြည်ထောင်စုမပြိုကွဲရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာဝပြောရေးကို  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။