
နေပြည်တော် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းကျေးရွာ၌ ကျော်မိုးနိုင် (ခ) မောင်နိုင် (ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေးငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီး ခြင်း၊ နေအိမ်အတွင်းရှိ လူများအား တုတ်၊ ဓား များ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်း စသည့်ဥပဒေမဲ့လုပ်ရပ် များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)ဖြင့် လည်းကောင်း၊ ရဲထက်(ဘ)ဦးသိန်းဦးသည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက် အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊ (၂/၂၀၂၁)အရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ မောင်မောင် ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေး ဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ ရဲထက်အောင်(ခ)ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီလ မှစ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ အပြစ်မဲ့ပြည်သူ များအား ဒလန်ဟု စွပ်စွဲပြောဆို သတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်း များကို ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် လည်း ကောင်း၊ အောင်မင်းသူ (ခ)ကိုသူ(ဘ)ဦးထိန်ဝင်း အပါအဝင် ရှစ်ဦးသည် ဧပြီ ၂၈ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက် ရောက်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံး များအား ဖောက်ခွဲဖျက်ဆီး ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက် ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာ အမှတ်၊(၂/၂၀၂၁)အရ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ် တစ်သက် ” အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
သေဒဏ်အမိန့်ချ
အလားတူ ဩဂုတ် ၈ ရက် တွင် ထက်ပိုင်စိုး(ခ)ဖိုးထက်(ဘ)ဦးစိုးညွန့် အပါအဝင် ခြောက်ဦး တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်၊ သုခမြိုင် လမ်းနေ အုပ်ချုပ်ရေးမှူးတစ်ဦး နှင့် အမှတ် (၅၇) ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးတို့ကို သေနတ် ဖြင့် ပစ်ခတ်ပြီး ဝိုင်းဝန်း လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ခင်ဝင့်ကျော်မောင် (ဘ) ဦးသန်းဦး အပါအဝင် ရှစ်ဦး တို့သည် ဩဂုတ် ၁၉ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ် (၉၀) ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦး ကို သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း ကြောင့် လည်းကောင်း၊ ဇင်မင်းကျော် (ဘ) ဦးကျော်မြင့် အပါအဝင် ခုနစ်ဦးတို့သည် ဇူလိုင် ၆ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၈၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေး မှူးနှင့် ယာဉ်မောင်းဖြစ်သူ တို့ကို သေနတ်ဖြင့် ဝိုင်းဝန်း လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ခ)/ ၃၄ ဖြင့် နိုဝင်ဘာ ၂၃ ရက် တွင် ၎င်းတို့ ၂၁ ဦးကို “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိ ရသည်။
အမိန့်ချမှတ်
ထို့အတူ သန်းဝင်းနိုင်(ခ)ပွကြီး(ဘ)ဦးအုန်းကျော် သည် စက်တင်ဘာ ၂၅ ရက်တွင် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် သ/မ ဝန်း (၂၆)ရပ်ကွက်(ကျူး)၌ အရက် သေစာသောက်စားပြီး တစ်ရပ် ကွက်ထဲနေသူနှင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုကို ကျူး လွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂) ဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းအား “ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ” အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံ ရသူများအနက်မှ ထွက်ပြေး လွတ်မြောက်နေသူများကို ၎င်း နှင့် စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ခုံရုံးဖွဲ့ စစ်ဆေး
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကို ပူးတွဲထုတ်ပြန်ထားကြောင်း နှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံ ရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်