
မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် စပိန်ကလပ် ဗီလာရီးရဲအသင်းနှင့် အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မန်ယူအသင်းသည် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီး နှစ်ရက်အကြာ ယာယီနည်းပြ မိုက်ကယ်ကာရစ် တာဝန်ယူကိုင်တွယ် သည့် ပထမဆုံးပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ယခုပွဲစဉ်တွင် ရပ်တန့်နိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် နိုင်ပွဲရရှိသည့်အသင်းအနေဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည့်အတွက် ပွဲမှာ အပြန်အလှန် ထိုးဖောက်မှုများဖြင့် အကြိတ်အနယ်ရှိခဲ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ သည်။ ပထမပိုင်းပွဲချိန်အများစုတွင် အိမ်ရှင်ဗီလာရီးရဲအသင်းက မန်ယူအသင်းကို ဖိအားပေးထိန်းချုပ်ကစားနိုင်ခဲ့သည်ကို တွေ့ရ သည်။ သို့သော်လည်း ဗီလာရီးရဲအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှု၊ ဂိုးကန်သွင်းချက်များကို မက်ဂွိုင်းယားဦးဆောင်သည့် ခံစစ်နှင့် ဂိုးသမားဒီဂီယာတို့ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် ဗီလာရီးရဲ အသင်း ဂိုးမရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၆၆ မိနစ်တွင် မန်ယူ အသင်းသည် ကစားအားကျလာသည့် ဗန်ဒီဘိခ်နှင့် မာရှယ်တို့ကို အနားပေးကာ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ သည်။
အဆိုပါ ကစားသမားနှစ်ဦး အပြောင်းအလဲပြုလုပ်ပြီးနောက် မန်ယူအသင်း၏ ကစားအား သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ဗီလာရီးရဲအသင်းဘက်သို့ ဖိအားပေးကစားနိုင်ခဲ့ကာ သွင်းဂိုးများ ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၇၈ မိနစ်တွင် မန်ယူ အသင်းအဖွင့်ဂိုးရရှိခဲ့ပြီး စီရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့သည်။ စီရော်နယ်ဒိုသည် ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင် သည့် မှတ်တမ်းတစ်ရပ်ကို ဆက်လက်ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) အပြီးတွင် အသင်းအတွက် ခြောက်ဂိုး သွင်းယူပေးထားသည်။
ထို့အပြင် ယခုပွဲစဉ်တွင် ပွဲထွက်ခွင့်ရရှိခဲ့သည့် ဆန်ချိုသည် ပွဲချိန် ပြည့်ခါနီးတွင် မန်ယူအသင်းတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ သည်။ ဆန်ချို၏ အဆိုပါသွင်းဂိုးသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲတွင် ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်ယူ အသင်းသည် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယန်းဘွိုင်းစ် အသင်းနှင့် ဒီဇင်ဘာ ၉ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားသော ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များတွင် ဘိုင်ယန်မြူးနစ်က ဒိုင်နမိုကိဗ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဆီဗီလာက ဝုဖ်ဘတ် ကို နှစ်ဂိုး-ဂိုးမရှိ၊ လိုင်လီက ဆောလ်ဘတ်ကို တစ်ဂိုး-ဂိုးမရှိ၊ ချယ်ဆီးက ဂျူဗင်တပ်စ်ကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဘာစီလိုနာနှင့် ဘင်ဖီကာအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေ၊ ယန်းဘွိုင်းစ်နှင့် အတ္တလန္တာအသင်းတို့ ပွဲစဉ်တွင် တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သလို မယ်လ်မိုနှင့် ဇင်းနစ်အသင်းတို့ ပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည်။
အောင်ဇော်