
ရန်ကုန် နိုဝင်ဘာ ၂၄
မကြာမီယှဉ်ပြိုင်ရတော့မည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲအတွက် တူရကီနိုင်ငံ၌ လေ့ကျင့် ပြင်ဆင် နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက် (ယနေ့) ညပိုင်းတွင် တူရကီနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ်သည်။
ဆူဇူကီးဖလားပြိုင်ပွဲတွင် တစ်အုပ်စုစီ ကျရောက်နေသည့် မြန်မာနှင့် အင်ဒိုနီးရှားအသင်း သည် ပြိုင်ပွဲမတိုင်မီ ခြေစမ်းခြင်းဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီပြင်ဆင် ထားသည့် ခြေစွမ်းမည်မျှရှိကြောင်း တွေ့မြင်ရမည့်ပွဲလည်းဖြစ်သည်။ မြန်မာနှင့် အင်ဒို နီးရှားအသင်းသည် ၂၀၁၉ ခုနှစ် မတ်လတွင် မန္တလေးမြို့၌ ခြေစမ်းကစားပြီးနောက်ပိုင်း နှစ်နှစ် ခွဲကျော်အကြာမှ ခြေစမ်းပွဲ ပြန်လည်ကစားခြင်း ဖြစ်သည်။ ယင်းနှစ်သင်းစလုံးသည် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် တူရကီနိုင်ငံ၌နေထိုင်ကာ ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အသင်းအတွက် အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲမှာ ဆူဇူကီးပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုဖြစ်လာနိုင်ပြီး စင်ကာပူနိုင်ငံသို့ မထွက်ခွာမီ အပြီးသတ် လူစာရင်းထုတ်ပြန် ဖွယ်ရှိနေသည်။
ရဲရင့်လွင်