
မြင့်မောင်စိုး
နုဝမ်ခေါင်...
ကျွန်တော်ရောက်ခဲ့ဖူးသည့် နုဝမ်ခေါင်။ မြန်မာ ပြည် မြောက်ဖျား၊ ကချင်ပြည်နယ် ပူတာအိုဒေသမှာ ရှိသည်။ အလွန်ဝေးလံခေါင်သီသော ဒေသဖြစ် သည်။ ရေခဲပြင်များဖုံးလွှမ်းရာ ပူတာအိုဒေသ မဂွေဇ - ခေါင်လန်ဖူးသွားရာလမ်းတွင် ရှိသည်။
ခြေကျင်ခရီးသွားများ တစ်ထောက်နားခိုရာစခန်း ဖြစ်သည်။ စိမ့်စမ်းရေတံခွန် လျှိုမြောင်တောကြား လှပခမ်းနားသော တောမြိုင်ဘုံနန်းဖြစ်သည်။ သို့သော် ကျွန်တော်သွားရောက်ခဲ့စဉ်က နုဝမ်ခေါင် သည် ဆိုင်ကယ်မရောက်၊ကားမပေါက်၊ ခြေကျင် လမ်းလျှောက်မှသာ ရောက်နိုင်သည်။ ခြေဖဝါးနုနု သွေးခြေဥအောင်သွားခဲ့ရသော တောလမ်းခရီး ကြမ်းဖြစ်သည်။
ခေါင်လန်ဖူးသို့သွားရောက်စဉ် နုဝမ်ခေါင်သို့ ရောက်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ဇွန်လကဆိုလျှင် ဘာလိုလိုနှင့် နှစ်နှစ်တောင်ကျော်ခဲ့ပြီ။ ထိုစဉ်က ပညာရေးဝန်ကြီးဌာနမှ ဦးဂျေရဲဆာ၊ မြန်မာ့အသံ ရိုက်ကူးရေးအဖွဲ့နှင့်အတူ ပညာရေးဝန်ထမ်းများ၏ ဝေးလံခေါင်ဖျားဒေသများတွင် ခက်ခက်ခဲခဲ တာဝန်ထမ်းဆောင်နေရသော ပညာရေးဝန်ထမ်း များ၏ဘဝကို ရေးသားရိုက်ကူးရန် သွားရောက်ခဲ့ ခြင်းဖြစ်သည်။
အချိန်ကာလ ရွှေ့လျားတိုက်စားကုန်လွန်ခဲ့ပြီဖြစ်သော်လည်း နုဝမ်ခေါင်မှ ဗိုလ်တဲစောင့် အဘိုးဟဲခီအား သတိတရရှိနေဆဲဖြစ်သည်။ သူသည်ဘဝပေးအခြေအနေအရ ဗိုလ်တဲစောင့် တာဝန်ကိုထမ်းဆောင်နေရသော်လည်း သူ၏ဒေသ ကို ချစ်မြတ်နိုးသော စိတ်ဓာတ်၊ ကောင်းစားလို သောစိတ်၊ ဖွံ့ဖြိုးစေလိုသောစိတ်သည်ကား ထိပ်ဆုံး မှာရှိနေသည်။
“အဘိုးက ဒီ နုဝမ်ခေါင်မှာ ဗိုလ်တဲစောင့်လုပ် လာတာ တစ်လ ၁၅ ကျပ်ကတည်းက၊ ခုဆို နှစ် ၃၀ ကျော်ပြီလေ။ ဗိုလ်တဲစောင့်အလုပ်ကို လုပ်ကိုင် ရင်း လမ်းမကောင်းရင် လမ်းပြင်ပေးတယ်။ တံတား ကျိုးနေရင် သွားပြင်ပေးတယ်။ အခုလည်း မဂွေဇ-ခေါင်လန်ဖူးလမ်းဖောက်ဖို့ လွန်ခဲ့တဲ့လေးနှစ် လောက်ကတည်းက ဒေသခံတစ်ဦးအနေနဲ့ လမ်းအူကြောင်း ရှာပေးနေတာပါ။ အဘိုးတို့ဒေသ က သွားရေးလာရေးခက်ခဲတော့ အစစအရာရာ နောက်ကျပါတယ်။ ဒီအတွက် လမ်းကို တကယ် ပေါက်စေချင်ပါတယ်။"
အသက် ၈၀ ကျော်အရွယ်ရှိနေပြီဖြစ်သော အဘိုး ဟဲခီက ပြောပြခြင်းဖြစ်သည်။ သူသည် အသက်အရွယ်အရ ကြီးရင့်နေပြီဖြစ်သော်လည်း သန်မာနေဆဲ၊ ကျန်းမာနေဆဲ၊ သွားနိုင်လာနိုင် လှုပ်ရှားသွားလာနိုင်ဆဲပင်ဖြစ်သည်ကို တွေ့ရ သည်။ အဘိုးဟဲခီမှာ ခေါင်လန်ဖူးသို့ ကားလမ်း ပေါက်ရေးအတွက် အလွန်စိတ်အားထက်သန် နိုးကြား တက်ကြွနေသူတစ်ဦးဖြစ်သည်။ ထို့အတွက် ကြောင့် လည်း မဂွေဇ - ခေါင်လန်ဖူးလမ်းဖောက်လုပ် ရေးအတွက် ငွေကျပ် ၁၅ သိန်း ပေးလှူခဲ့ကြောင်း သိရသည်။ ထိုငွေကြေးပမာဏသည် တောနေ လူတန်းစားများအတွက် များပြားလှသောအရေ အတွက်ဖြစ်သည်။ အဘိုး ဟဲခီ၏ စိတ်စေတနာ သဒ္ဓါတရားနှင့် ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ကို ထင်ဟပ်ပေါ်လွင်စေ၏။ သူ့ဒေသကို ဖွံ့ဖြိုးစေလို၏။ တိုးတက်စေလို၏။ ကောင်းစားစေလို၏။ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီလို၏။ အဘိုး၏ စိတ်နေ စိတ်ထားသည် အလွန်လေးစားဖွယ်ကောင်း၏။
နုဝမ်ခေါင် ဗိုလ်တဲစခန်းတွင် အဆောက်အအုံ နှစ်လုံးရှိသည်။ ခရီးသွားများနားနေတည်းခိုရန် ဗိုလ်တဲအဆောက်အအုံသည် တောင်ကုန်းထိပ် အမြင့်တစ်နေရာတွင်ရှိသည်။ နောက်တစ်လုံးမှာ ဗိုလ်တဲစောင့်ကြီးတို့မိသားစု နေထိုင်သော နေအိမ် ဖြစ်သည်။ အိမ်ကို ကုန်စုံဆိုင်လေးနှင့် တွဲထား သည်။ ထိုကုန်စုံဆိုင်လေးတွင် ခရီးသွားများ အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အချိုရည် အမျိုးမျိုး၊ မုန့်ခြောက်အမျိုးမျိုး ရောင်းချပေးသည်။
ခရီးသွားလာကြသော ခရီးသွားအများစုသည် ကျောင်းဆရာ ဆရာမများဖြစ်ကြသည်။ ကျောင်း ဆရာများက ဗိုလ်တဲပေါ်တွင် နားခိုအိပ်စက်ကြ သည်။ ဆရာမများမှာ ဗိုလ်တဲစောင့်ကြီး၏ နေအိမ် ဧည့်ခန်းတွင် အိပ်ကြသည်။ ထိုဧည့်ခန်းအလယ်တွင် မီးဖိုကြီးတစ်ဖိုရှိသည်။ ထိုမီးဖိုကြီးတွင် ချက်ပြုတ် စားသောက်ရင်း အိပ်စက်အနားယူကြသည်။ နံနက်မိုးလင်း၍ ချက်ပြုတ်စားသောက်ပြီးလျှင် ပိုလျှံသောငါးသေတ္တာ၊ ခေါက်ဆွဲခြောက်တို့ကို အလေးခံ၍ သယ်မသွားတော့ဘဲ ဗိုလ်တဲစောင့်ကြီး နှင့် မိသားစုကိုပေးခဲ့ကြသည်။
အချို့ဆရာ ဆရာမများသည် ခေါင်လန်ဖူးဒေသ တွင် နှစ်များစွာတာဝန်ကျနေ၍ နုဝမ်ခေါင်က မကြာခဏ ဝင်ထွက်သွားလာရာနေရာဖြစ်သည်။သို့အတွက်ကြောင့်လည်း ဗိုလ်တဲစောင့်ကြီးနှင့် ဆရာဆရာမများသည် မိသားစုသဖွယ် ရင်းနှီးနေ ကြသည်။ တာဝန်ထမ်းဆောင်ရန် အသစ်စက်စက် ရောက်ရှိလာသော ဆရာမလေးများအဖို့တော့ နုဝမ်ခေါင်သည် ငိုပွဲဆင်ရာ နေရာဖြစ်သည်။ ပေပေါင်း ၇၀၀၀ မြင့်သည့် ဆန်းလွှတ်ချက် တောင်ကြားကိုဖြတ်ကျော်ရ၍ အလွန်ပင်ပန်းလွန်း သည်ကတစ်ကြောင်း၊အိမ်နှင့်မိဘများကို ခွဲခွာရ၍ ဝမ်းနည်းသည်ကတစ်ကြောင်း ဆရာမလေးများ မျက်ရည် မဆည်နိုင်ဖြစ်ကြရသည်။ နုဝမ်ခေါင်မှာ ငိုကြသည်။
ခေါင်လန်ဖူးဒေသသည် တောင်တန်းများ ထူထပ်ရာဒေသဖြစ်သည့်အလျှောက် သွားလာရေး ခက်ခဲသည်။ တစ်နေရာမှတစ်နေရာသို့ ခြေကျင် ခရီးဖြင့်သာ သွားကြရသည်။ ခေါင်လန်ဖူးကို ဗဟိုပြု ၍ မြို့နယ်အတွင်းရှိ ကျေးရွာကျောင်းများမှ ဆရာ ဆရာမများသည် ခေါင်လန်ဖူးသို့ ရုံးကိစ္စ၊ ကျောင်း ကိစ္စနှင့် လစာထုတ် လာရောက်ကြရသည့်အခါ ခြေကျင်ခရီးဖြင့်သာ မိုင်ပေါင်းများစွာ တစ်တော ဝင် တစ်တောင်တက် သွားလာကြရသည်။ တစ်ည အိပ် ၊ နှစ်ညအိပ် သွားလာရသည်များလည်း ရှိသည်။ လမ်းခရီးတွင် နားခိုစရာနေရာသည် ဗိုလ်တဲများဖြစ်သည်။ ခေါင်လန်ဖူးတစ်ခွင်တွင် နုဝမ်ခေါင်ကဲ့သို့ ဗိုလ်တဲစခန်းများစွာရှိသည်။ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဝင်ထွက်နားခိုရာ စခန်းများဖြစ်သည်။
ကျေးရွာ ကျောင်းများမှ ခေါင်လန်ဖူးသို့ အကြောင်းကိစ္စတစ်ခု နှင့် သွားမည်ဆိုလျှင် လမ်းတွင်ချက်ပြုတ် စားသောက်ရန် ဆန်ထုပ်လေးများ အပြန်ခရီး အတွက် ဗိုလ်တဲစခန်းများ၌ ချိတ်ဆွဲထားခဲ့ကြရ သည်။ မိမိချိတ်ဆွဲထားခဲ့သော ဆန်ထုပ်ငယ်ကို အခြားခရီးသွားတစ်ဦးတစ်ယောက်က ဖြုတ်ယူ သွားခြင်းမရှိ။ စည်းကမ်းရှိကြသည်ဟု ဆိုသည်။ တောင်တန်းဒေသနေ ခရီးသွားတို့၏ ရိုးသားမှုဖြစ် သည်။ လေးစားဖွယ်ကောင်းသော စိတ်ဓာတ် ဖြစ်သည်။
ယခုအခါ ခေါင်လန်ဖူးဒေသ၏ ခက်ထန်ကြမ်း တမ်းလှသည့် လမ်းပန်းဆက်သွယ်ရေး တစ်စိတ် တစ်ဒေသဖြစ်သော မဂွေဇ-ခေါင်လန်ဖူးလမ်းသည် တစ်ကြောင်းထိုး ကားလမ်းပေါက်သွားခဲ့လေပြီ။ အကြောင်းသည်ကား နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှစတင်ပြီး မဂွေဇ - ခေါင်လန်ဖူးလမ်း စီမံကိန်းအတွက် မြေပြင်အနေအထား၊ သဘာဝ ရာသီဥတုအခြေအနေတို့ အပါအဝင် အခြေခံ အချက်အလက်များကို ကွင်းဆင်းသုံးသပ်ကာ နိုင်ငံတော်အစိုးရသို့တင်ပြ၍ လုပ်ငန်းခွင့်ပြုချက် နှင့် ရန်ပုံငွေလျာထားရေးဆိုင်ရာကိစ္စများကို စီမံ ဆောင်ရွက်ခဲ့သည်။
မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်နိုင် ရေးအတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက် ရရှိပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာရှိ/စစ်သည်များ၊ ဌာနေပြည်သူ့စစ်များ ပူးပေါင်း၍ Feasibility Survey ဆောင်ရွက်ခြင်း၊ စီမံကိန်းရေး ဆွဲခြင်း၊ လုပ်ငန်းများ အသေးစိတ်ပေါင်းစပ်ညှိနှိုင်း ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ဖာလုံလမ်းကို အပိုင်းလေးပိုင်းခွဲ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စတင်ဖောက်လုပ်ချိန်မှ လေးနှစ်နှင့် ရှစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုးကားလမ်းကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
ခေါင်လန်ဖူးဒေသနေပြည်သူများနှင့် နုဝမ်ခေါင် က အဘိုးဦးဟဲခီ၏ အနှစ်နှစ်အလလက မျှော်လင့် ခဲ့သော အိပ်မက်သည် အဟုတ်ဖြစ်ခဲ့လေပြီ။ ပူတာအိုမြို့မှ ခေါင်လန်ဖူးသို့ တိုက်ရိုက် ကား၊ ဆိုင်ကယ်တို့ဖြင့် သွားလာနိုင်ကြပြီဖြစ်သည်။ ဒေသ နေ ဆရာ ဆရာမလေးများ အထိုက်အလျောက် သွားရေးလာရေးအဆင်ပြေလာတော့မည်။ သို့သော် တစ်ရံ တစ်ခါက ခေါင်လန်ဖူးသို့ ခက်ခဲကြမ်းတမ်း စွာ ခြေကျင်ခရီးရှည်ကြီး သွားလာခဲ့ရပုံများကတော့ အမှတ်တရရှိနေပါသေး။ ။
- Log in to post comments