နောက်ထပ်ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်

 

ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့နှံ့မှုနှုန်းသည်  ယခုရက်သတ္တပတ် အတွင်း   နှစ်ရာခိုင်နှုန်းကျော်ကျော်ခန့်သာ  ရှိနေသည့်အတွက် ရောဂါကူးစက်မှုကို  အကြောင်းပြု၍  ထားရှိခဲ့ရသည့် ကန့်သတ် တားဆီးမှုများလည်း လျှော့ချလာသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ လေးမြို့နယ်၊ ကချင်ပြည်နယ်မှ  လေးမြို့နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ တစ်မြို့နယ်စီ၊ မန္တလေးတိုင်းဒေသ ကြီးမှ ခြောက်မြို့နယ်နှင့် ရှမ်းပြည်နယ်မှ ကိုးမြို့နယ်တို့ကို မိမိ နေအိမ်တွင် နေထိုင်ရန် ( Stay at Home) အစီအစဉ်တွင် အကျုံး ဝင်ခြင်းမှ ပယ်ဖျက်ပေးလိုက်သည်။

 


မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၁၀ ဒသမ ၄ သန်းနှင့် ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၉ သန်း ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် နှစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည့်တိုင် ကမ္ဘာ့ နိုင်ငံတိုင်းကို ကောင်းကောင်းခြိမ်းခြောက်နေဆဲဖြစ်သည်။ နိုင်ငံ့ လူဦးရေ   ၈၀ ရာခိုင်နှုန်းခန့်အထိ   ကာကွယ်ဆေးထိုးထားနိုင် သည့် ဥရောပနိုင်ငံတစ်ခုတွင်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည့်သတင်းက ကာကွယ်ဆေးထိုးထားရုံ မျှဖြင့် ကိုဗစ်-၁၉ ကူးစက်မှုကို စိတ်ချလက်ချဟန့်တားမထားနိုင်သည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ  ကူးစက်မှုရပ်တန့်သွား နိုင်ရေးအတွက် Herd Immunity ခေါ် အစုလိုက် ကိုယ်ခံစွမ်းအားသည် စုစုပေါင်းလူဦးရေ၏ ရာခိုင်နှုန်း အချိုးအစားတစ်ရပ်ရပ်တွင် ရရှိထား ရန်လိုသည်။ အစုလိုက် ကိုယ်ခံစွမ်းအားကို ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတို့တွင် သဘာဝ အလျောက် ရရှိနိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ  ကူးစက်မှုရပ်တန့် ရေးအတွက် အစုလိုက်ကိုယ်ခံစွမ်းအားရရှိမှု   လိုအပ်ချက်ကို မူလက ၇၀ ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့ရာမှ နောက်ပိုင်းတွင် တိုးမြှင့်ခန့်မှန်းလာ ကြရသည်။   ဤသည်မှာ   ကိုဗစ်-၁၉ ၏   ရောဂါကူးစက်မှုနှုန်းကို လေ့လာစောင့်ကြည့်ပြီး တွေ့ရှိချက်များအပေါ် အခြေခံ၍ ပြင်ဆင်ခန့်မှန်းကြရခြင်းကြောင့်ပင် ဖြစ်သည်။
ယခုအခါ တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ်က ယခင်မျိုးကွဲများနှင့်မတူဘဲ ကွဲပြား ခြားနားကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့ကို အကြီးအကျယ်  ဒုက္ခပေးခဲ့သည့်   ဒယ်လ်တာမျိုးကွဲထက် ယခု တောင်အာဖရိကတွင် တွေ့ရှိရသည့် မျိုးကွဲက နှစ်ဆပြင်းထန်ကြောင်း၊ လက်ရှိအချိန်တွင် ဂရိအက္ခရာအမည်မရရှိသေးဘဲ B.1.1.529 အဖြစ် သတ်မှတ်ထားသည့် အဆိုပါ ကိုဗစ်-၁၉ မျိုးကွဲသစ်သည်   ယခင် ဗီဇပြောင်းမျိုးကွဲများနှင့် လွန်စွာမတူကွဲပြားသည့်အတွက် လက်ရှိ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများ မထိရောက်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် တောင်အာဖရိကအပြင် ဘော့ဆွာနာ၊ အစ္စရေးနှင့်   ဟောင်ကောင်တို့တွင်ပါ  တွေ့ရှိရကြောင်းသတင်းက ရင်ပူစရာပင်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရင်ဆိုင်ခဲ့ရသော ဒယ်လ်တာသည်ပင် မူလ ကိုဗစ်-၁၉ ထက် များစွာ ပြင်းထန်ခဲ့ရာ ဒယ်လ်တာထက် ပိုမိုပြင်းထန်မည်ဆိုပါက မတွေးဝံ့ စရာပင်ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ ထိန်းချုပ် နိုင်သည့် အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာပြီဟု ဆိုနိုင်သော် လည်း ၎င်းရောဂါရောက်မလာမီက  မူလအခြေအနေမျိုးမဟုတ်သည် ကို   သတိပြုကြရမည်ဖြစ်သည်။   သတိလက်လွတ်နေမိသည်နှင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သကဲ့သို့ ပြင်ပမှ ဝင်ရောက် လာနိုင်သည့် အန္တရာယ်ကိုလည်း အချိန်တိုင်း ဂရုပြုစောင့်ကြည့်နေ ကြရန် လိုသည်။ လူတစ်ဦးချင်းစီတိုင်းက ကူးစက်ရောဂါကာကွယ် ရေး အခြေခံစည်းမျဉ်းများကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေကြောင်း။            ။