
နေပြည်တော် နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏အန္တရာယ်ကိုကြောက်ရွံ့ ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ သုံးဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး လက်ခံ စောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်အတွင်းရှိ PDF အကြမ်း ဖက်သမားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ဆက်ကြေးတောင်းခံခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံပါက “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲကာ သတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက် လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် သမားများက လူနေအိမ်များအတွင်း ဝင်ရောက်ကာ ချောင်းမြောင်း တိုက်ခိုက်ခြင်းများကဲ့သို့ အကြမ်းဖက် မှု လုပ်ရပ်များကြောင့် ကျေးရွာအတွင်းနေထိုင် လျက်ရှိသော ပြည်သူများသည် ၎င်းတို့၏နေအိမ်များ တွင် မနေထိုင်ရဲတော့ဘဲ ကျေးရွာဘုန်းကြီးကျောင်း ဝင်းအတွင်း၌ သွားရောက်ရှောင်တိမ်းနေထိုင်ခဲ့ရသည်။
ထိုသို့ ကျေးရွာသားများ၏ ရှောင်တိမ်းနေထိုင် ခြင်းအား လက်ခံစောင့်ရှောက်ထားရှိသည့် ရွာသစ် ကုန်း ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်း ဖက်သမား အင်အား ၅၀ ခန့်က နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် သေနတ်၊ ဓားများ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး အဆိုပါ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရှောင်တိမ်းနေထိုင် သူများအနက်အချို့ကို သတ်ဖြတ်ကာ ဘုန်းကြီး ကျောင်းအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရွာသစ်ကုန်းဘုန်းကြီး ကျောင်းဆောင်တစ်လုံးနှင့် ပစ္စည်းထားသိုသည့် စတိုခန်းတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီး ကျောင်းအတွင်း ရှောင်တိမ်းနေထိုင်လျက်ရှိသည့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးကုလား(ခ)ဦးတင်မျိုးမောင်(၃၇နှစ်) (ဘ) ဦးကျောက်အုန်းတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဦးအုန်းကွန့် (၆၅ နှစ်) (ဘ) ဦးမင်းမောင်တွင် လည်ကုပ်ပြတ်ရှ ဒဏ်ရာ နှစ်ချက်၊ ဝဲလက်ချောင်းများ ပြတ်ရှဒဏ်ရာ များ၊ ဦးမာ(၇၀ နှစ်) (ဘ)ဦးပုတွင် ရင်ညွန့်ကျည်ထိမှန် ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့သူများနှင့် ကျောင်းဝင်းအတွင်း နေထိုင် လျက်ရှိသော အိမ်ထောင်စု ငါးစု၊ လူဦးရေ ကျား လေးဦး၊ မ ၁၃ ဦး ပေါင်း ၁၇ ဦးတို့ကို ခေါ်ဆောင်၍ ခင်ဦး-ရေဦးကားလမ်းအတိုင်း ရေဦးမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ရာ မကျီးတောကျေးရွာထိပ် ကြာပန်း အဝိုင်းလမ်းဆုံအရောက်တွင် အကြမ်းဖက်သူများက လမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်နှင့်လူတို့ထိခိုက် ပျက်စီးမှုမရှိဘဲ ဆက်လက်ထွက်ခွာလာခဲ့ရာ ည ၉ နာရီခွဲတွင် ရေဦးမြို့သို့ ရောက်ရှိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သူများ၏ အန္တရာယ် ကိုကြောက်ရွံ့၍ ဘုန်းကြီးကျောင်းအတွင်း ခိုအောင်း နေထိုင်သူများအား ရက်စက်စွာသတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက်သမားများအား နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်