
နေပြည်တော် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ “ မြန်မာ့ ရှေ့ဆောင်” ဘဏ်မှ ငွေကျပ် ၁၀၉၂ သိန်း အား အမျိုးသားနှစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက် လမ်းမတော်လမ်းရှိ “မြန်မာ့ရှေ့ဆောင်” ဘဏ်သို့ အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်းနှစ်ဦးအနက် တစ်ဦးကို သေနတ်အတို (စိစစ်ဆဲ) ဖြင့် ထောက်၍ ဓားစာခံအဖြစ် ဘဏ်အတွင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားသည်။ ကျန် အမျိုးသားတစ်ဦးက ဓားကိုင်၍ ဘဏ်အတွင်းသို့ အနောက်မှလိုက်ပါဝင်ရောက်လာကာ ၎င်းလက်အတွင်းမှ အသင့်ယူဆောင်လာသည့် ဆာလာအိတ်တစ်လုံးအား ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးထံပေးပြီး ငွေများထည့်ခိုင်းသဖြင့် ဘဏ်ဝန်ထမ်းအမျိုးသမီးမှ ဘဏ်ကောင်တာ အတွင်းထားရှိသည့် ငွေကျပ် ၁၀၉၂ သိန်း ကို ဆာလာအိတ်အတွင်း ထည့်ပေးခဲ့သည်။
ထို့နောက် အဆိုပါ အမျိုးသားနှစ်ဦး သည် ငွေများထည့်ထားသည့် ဆာလာ အိတ်ကိုယူဆောင်ကာ ဘဏ်အတွင်းမှ ထွက်လာပြီး ဆိုင်ကယ်ဖြင့် ပျော်ဘွယ် မြို့ဘက်သို့ ထွက်ခွာသွားခဲ့သည်။
ဖြစ်စဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ် မှ ငွေကျပ် ၁၀၉၂ သိန်းကို လုယက် ယူဆောင်သွားသည့် အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ စစ်ဆေး ရှာဖွေခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်