
နေပြည်တော် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်” ဘဏ်၌ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အမျိုးသား နှစ်ဦးက ဘဏ်လုံခြုံရေး ဝန်ထမ်းအား သေနတ်ဖြင့်ချိန်ရွယ်ကာ ဘဏ် အတွင်း ဝင်ရောက်၍ ငွေကျပ်သိန်း ၁၀၀၀ ကျော်အား ဓားပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဓားပြတိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်မှု များပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၆ ရက် ညပိုင်း၌ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့သူများ ဖြစ်သည့် အဆိုပါဘဏ်မှ ဝန်ထမ်း များဖြစ်သော ရမည်းသင်းမြို့နေ လက်ထောက်ကြီးကြပ်ရေးမှူး များဖြစ်သည့် ကျော်ကျော်ဦး (၃၃ နှစ်)နှင့် ဝေဖြိုးလှိုင်(၃၁ နှစ်)၊ ဘဏ်ခွဲ ဒုမန်နေဂျာ ဖြစ်သူ သန်းဇော်ကို (၄၃ နှစ်)တို့အား ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် များအရ နိုဝင်ဘာ ၂၇ ရက်တွင် လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင် စီစဉ်သူဖြစ်သည့် ရမည်းသင်းမြို့ ဝါးတိုးရပ်ကွက်နေ ဖုန်းပြုပြင်ရေးလုပ်ငန်း လုပ်ကိုင် သူ ကျော်စိုးသိန်း(၂၉ နှစ်)ကို ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ဘဏ်အတွင်း ဝင်ရောက်လုယက် ခဲ့သူများဖြစ်သည့် ရမည်းသင်းမြို့၊ အလယ်ကုန်းအုပ်စု၊ ပေါက်ကုန်း ကျေးရွာနေ ကျော်ခိုင်ဦး(၄၂နှစ်) နှင့် ညောင်ပင်သာကျေးရွာနေ ဇော်ကြီး(၃၈ နှစ်)တို့ကို လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီး၊ ဓားဦးချွန် နှစ်ချောင်းတို့နှင့်အတူ အလယ် ကုန်းကျေးရွာရှိ ဇော်ကြီး၏ နေအိမ် ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ကျော်စိုးသိန်း၏ ထွက်ဆိုချက်အရ ဘဏ်မှလုယက် ရရှိခဲ့သည့် ငွေများအား ၎င်း၏ ညီအရင်းတော်စပ်သူ ရမည်းသင်း မြို့ ကြည်တော်ကုန်းရပ်ကွက်နေ ရမည်းသင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ယာဉ် မောင်း မောင်တိုး (ခ) တိုးတိုးနှင့် အတူသယ်ဆောင်၍ ၎င်း၏ အဒေါ် ဖြစ်သူရမည်းသင်းမြို့ ဝါးတိုး အရှေ့ရပ်ကွက်နေ ဒေါ်ကျင်ဌေး၏ နေအိမ်၌ သွားရောက်သိမ်းဆည်း ခဲ့ပြီး ဒေါ်ကျင်ဌေးနှင့် ၎င်း၏သမီး ဖြစ်သူ သန္တာဖွေး(ခ)ဖွေးဖွေး တို့က လက်ခံသိမ်းဆည်းပေးထား ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဒေါ်ကျင်ဌေး(၅၄ နှစ်)နှင့် မသန္တာ ဖွေး (ခ)ဖွေးဖွေး (၂၄ နှစ်)တို့ကို ၎င်းတို့၏နေအိမ်၌ လက်ခံ ထိန်းသိမ်းထားရှိသည့် ငွေကျပ် ၁၀၁၅ သိန်းတို့နှင့်အတူ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မောင်တိုး(ခ)တိုးတိုး (၃၁နှစ်)အား ရမည်းသင်း မြို့ မြို့မရပ်ကွက် ကြည်တော် ကုန်းရပ်ရှိ ၎င်း၏နေအိမ်၌ လုယက်မှု ကျူးလွန်ရာမှရရှိသည့် ငွေကျပ် သိန်း ၅၀ နှင့်အတူ နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် များအရ ၎င်းတို့၏ လောင်းကစား ပြုလုပ်ခြင်းများအတွက် ငွေကြေး လိုအပ်ချက်များအရ ဘဏ် လုယက်မှုအား ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပြီး လုယက် မှု မကျူးလွန်မီ လွန်ခဲ့သော ၁၀ ရက်ခန့်က မြန်မာ့ရှေ့ဆောင်ဘဏ် မှ ဝန်ထမ်းများဖြစ်သည့် သန်းဇော် ကို၊ ကျော်ကျော်ဦး၊ ဝေဖြိုးလှိုင်၊ ဘဏ်အတွင်း ဝင်ရောက်လုယက် ခဲ့သူ ကျော်ခိုင်ဦးနှင့် စီစဉ် ပေါင်းစပ်ပေးသူ ကျော်စိုးသိန်း တို့သည် မြန်မာ့ရှေ့ဆောင်ဘဏ် အား ဝင်ရောက်လုယက်မည်ဖြစ် ကြောင်း၊ ထိုသို့ လုယက်ရာတွင် ဘဏ်အတွင်း ငွေထုပ်ပိုးပေးမှု ကိစ္စရပ်များ၊ အခြေအနေစောင့် ကြည့်ပေးခြင်း၊ လုယက်ရန် အတွက် အချိန်သတ်မှတ်ပေးခြင်း နှင့် အချက်ပေးဆက်သွယ်မှု များအား ကျော်ကျော်ဦးပါ ဘဏ် ဝန်ထမ်း သုံးဦးမှ ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝင်ရောက် လုယက်ရန်အတွက် ကျော်စိုးသိန်းနှင့် ကျော်ခိုင်ဦးတို့မှ ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ကြိုတင်ပူးပေါင်းကြံစည် ခဲ့ကြသည်ကို ဖော်ထုတ်သိရှိရ သည်။
ဘဏ်အတွင်း ဝင်ရောက် လုယက်သည့်နေ့တွင် ဘဏ် ဝန်ထမ်းဖြစ်သူ ကျော်ကျော်ဦးက ၎င်း၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ကျော်စိုးသိန်းထံသို့ လုယက်နိုင်ပြီ ဖြစ်ကြောင်း ဖုန်းမက်ဆေ့ပေးပို့ ချိန်တွင် ကျော်ခိုင်ဦးကသေနတ် အတိုကိုင်၍ လည်းကောင်း၊ ၎င်း၏ ယောက်ဖဖြစ်သူ ဇော်ကြီး က ဓားကိုင်၍လည်းကောင်း ဘဏ်အတွင်းဝင်ရောက် လုယက် ခဲ့ပြီး ကျော်စိုးသိန်းက ဘဏ်အရှေ့ နာရီစင်အနီးတွင် အသင့်စောင့် ဆိုင်းကာ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
တရားခံ ကျော်ခိုင်ဦးနှင့် ဇော်ကြီးတို့သည် ဘဏ်အတွင်း ဝင်ရောက် လုယက်ပြီးနောက် လုယက်ရာမှ ရရှိလာသည့်ငွေများ အား ကျော်စိုးသိန်း ထံတွင်အပ်နှံ ထားခဲ့ကြောင်း၊ ကျော်စိုးသိန်းက အဆိုပါငွေများအား ၎င်း၏ ညီ အရင်းတော်စပ်သူ မောင်တိုး(ခ)တိုးတိုးနှင့်အတူ ၎င်း၏ အဒေါ်ဖြစ် သည့် ဒေါ်ကျင်ဌေး၏ နေအိမ်သို့ သွားရောက်ပို့ဆောင်ထားရှိခဲ့ပြီး ဒေါ်ကျင်ဌေးနှင့် ၎င်း၏ သမီး ဖြစ်သူ သန္တာဖွေး (ခ) ဖွေးဖွေးတို့ ကလည်း လုယက်ရာမှရရှိခဲ့သည့် ငွေများဖြစ်သည်ကို သိလျက် နှင့် လက်ခံထားရှိပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့၏ အပူတပြင်း ကြိုးပမ်းဖော်ထုတ်မှု ကြောင့် ရမည်းသင်းမြို့ရှိ မြန်မာ့ ရှေ့ဆောင်ဘဏ် လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင် ခဲ့သူများအား လုယက်မှုဖြစ်ပွား ချိန်မှ ၁၂ နာရီအတွင်း သက်သေခံ ငွေကြေး၊ ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်