“စာအုပ်စာပေ လူ့မိတ်ဆွေ”ဟူ၍ အဆိုရှိသည်။ သို့ရာတွင် လူတိုင်းနှင့် မိတ်ဆွေဖြစ်နိုင်သည်မဟုတ်။ စာအုပ်သည်လည်း လူတို့နှယ်ပင် ကိုယ်ခင်မှ သူခင်သည့်သဘောရှိသည်။ သူ့ကို မိတ်ဆွေဖွဲ့မှသာ ကိုယ်၏ မိတ်ဆွေဖြစ်လာသည်။ ရှေးက ရဟန်းပညာရှိအကျော်အမော် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာထဲကကဲ့သို့ “မှတ်ဖွယ်မှတ်ရာ၊ ထိုထို စာကို၊ ရှာ၍ မပြတ်၊ အိမ်တွင်ဖတ်”ကြရန်လိုသည်။ စာကောင်းပေမွန် တို့ကို ရှာဖွေ၍ စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းအားဖြင့် “သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်း ကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်”ဟု ဆိုသည့်အတိုင်း မိမိ ကိုယ်တိုင်သာမက ဇနီးသားသမီးတို့ပင် စာပေကြောင့် ထူးခြား လိမ္မာလာရသည်။ စာအုပ်စာပေမှ ရရှိသည့် အသိအမြင် အလိမ္မာတို့က စာဖတ်သူတို့သာလျှင် ရရှိနိုင်သည့် အကျိုးရလဒ်ကောင်းများ ဖြစ် သည်။
စာဖတ်ခြင်း၏ ရည်ရွယ်ချက်သည် သိရန်သို့မဟုတ် ခံစားရန် အတွက် ဖြစ်သည်။ သုတစာပေကို ဖတ်ရှုလျှင် သိနိုင်ပြီး ရသစာပေကို ဖတ်ရှုသည့်အခါ ခံစားနိုင်သည်။ သို့ဖြစ်သည့်အတွက် စာကောင်း ပေမွန်တစ်ခုခုကို ဖတ်ရှုသည့်အခါ ဦးနှောက်ကို ဖြစ်စေ၊ နှလုံးသားကို ဖြစ်စေ ခွန်အားတစ်ခုကို ရရှိစေသည်။ စာကို အမှန်တကယ်ဖတ်ရှု သူတစ်ဦးအနေဖြင့် မအား၍မဖတ်နိုင်ဟူသော ဆင်ခြင်မျိုးမရှိဘဲ နေ့စဉ်အချိန်အားဖြင့် မိနစ်အနည်းငယ်မျှပင် ဖြစ်စေ၊ စာမျက်နှာ အနည်းငယ်မျှပင်ဖြစ်စေ မှန်မှန်ဖတ်ရှုသွားကြပြီး စာတစ်အုပ် ကုန်သည်နှင့် နောက်တစ်အုပ် စဉ်ဆက်မပြတ် ဖတ်ကြသည်။ စာဖတ်ရာတွင်လည်း ဖရန်ဆစ်ဘေကွန်၏ အဆိုအမိန့်ဖြစ်သော အချို့စာအုပ်များသည် မြည်းရန်၊ အချို့ကိုမူ မျိုချရန် (သာမန်မျှသာ ဖတ်ရန်)နှင့် အနည်းငယ်မျှသော အချို့ကိုမူ ညက်အောင်ဝါးကာ အစာကြေအောင်ချေရန် (အသေးစိတ်လေ့လာ၊ ကုန်စင်သိအောင် အားထုတ်ဖတ်ရှုကြရန်) ဆိုသည့် အချက်များကို ကျင့်သုံးပါက ပို၍ အကျိုးရှိနိုင်သည်။
စာဖတ်သူများအဖို့ မျက်မှောက်ခေတ်တွင် အခွင့်အလမ်းများက ပိုသည်။ မိမိတို့ ဖတ်လိုသည့် စာကို ရှင်မဟာရဋ္ဌသာရတို့ ခေတ်က ကဲ့သို့ ရှားရှားပါးပါး ရှာနေရသည့် ခေတ်မျိုးကဲ့သို့ မဟုတ်တော့ဘဲ အရောင်အသွေးစုံ၊ စာအစုံကို စာအုပ်ဆိုင်များမှာ ရှာဖွေဝယ်ယူ ဖတ်ရှုနိုင်ကြသည်။ သို့မဟုတ်ပါကလည်း စာကြည့်တိုက်များမှာ သွားရောက်ငှားရမ်းဖတ်ရှုနိုင်သည်။ သို့မဟုတ်ပါကလည်း အွန်လိုင်းမှာ ရှာဖွေဖတ်ရှုနိုင်ကြသည်။ မည်သည့်နည်းဖြင့် စာဖတ် သည်ဖြစ်စေ ဖတ်ရှုမှုများပြားလာသည်နှင့်အမျှ ဖတ်သူအား အကြား အမြင်သုတပြည့်ဝလာစေသည်။ အမှားအမှန်၊ အကျိုးအကြောင်း အဆိုးအကောင်းတို့ကို နှိုင်းဆဆင်ခြင်နိုင်သည့် ဉာဏ်ပညာကို ရရှိလာစေသည်။ အသိပညာပြည့်ဝသူသည် မိမိကိုယ်ကိုယ်ကောင်း အောင် ဆောင်ရွက်နိုင်သကဲ့သို့ မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်၊ မိမိ ဒေသ၊ မိမိနိုင်ငံအတွက် ကောင်းအောင်၊ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်။
ယခုအခါ အများပြည်သူအား အသိပညာ ဖြန့်ဖြူးပေးသည့် စာကြည့်တိုက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်ပေးထားပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များအပါအဝင် ပြည်သူ လူထုအနေဖြင့် ပြန်/ဆက်စာကြည့်တိုက်များ၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော မှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဝေရေးနှင့် အသိပညာ မြင့်မားရေးဆောင်ရွက်မှုများကို အကျိုးရှိရှိ အသုံးချကာ တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် မြှင့်တင် နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။