
မြင့်ထွေး (ဟိုတယ်/ခရီး)
==============
ပြန်လည်ခံစားခြင်း
တံစက်မြိတ်မှ တစ်စက်စက်ကျနေသော မိုးရေစက် များကိုကြည့်ရင်း ရွာကို လွမ်းသလိုလို ဖြစ်မိသည်။ တစ်ချိန်တည်းပင် ပဲခူးမြစ်ကမ်းဘေးရွာကလေးတွင် ပျော်ပါးကြီးပြင်းခဲ့သောငယ်ဘဝကို ပြန်တွေးမိသည်။ မိုးရွာသည်နှင့် အရွက်မဲ့သောသစ်ပင်များ၊ ခြောက် သွေ့သောမြေယာများ စိမ်းစိုလှပလာသည်။ မိုးရွာ ပြီးစ နေပူချိန်တွင် ထွက်ပေါ်လာသည့်မြေသင်းနံ့ သည် လယ်ယာလုပ်ငန်းခွင် ဝင်မည့်သူများအတွက် နှိုးစက်တစ်ခုဖြစ်သည်။ သည်အချိန်ရွာတွင် ပျိုးကြဲ ပြီးချိန် ဖြစ်မည်။
မိုးစက်များအကြား ကျေးငှက်များ အစာရှာဖွေ ရင်း တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်အသံ ပေးသံများက နေ့တစ်နေ့ကို အစပြုစေသည်။ လုပ်ငန်းခွင်ဝင်ရောက်ရန် လယ်တောသွားမည်။ ကန်သင်းပေါင်ညှိမည်။ အချိန်ပိုလျှင် ငါးကိုင်း ထောက်မည်။ နေ့ခင်း အမေချက်ပို့သော ထမင်းပူပူ၊ ဟင်းပူပူကို ခြေတံမြင့် လယ်တဲပေါ်တွင် စားပြီး ပွတ်ချွန်းနှင့် ဇိမ်ယူမည်။ ညနေပိုင်း မပြီးပြတ်သေး သော ကန်သင်းပေါင်များ ဆက်ညှိပြီး ငါးကိုင်းတွင် မိသောငါးများဖြုတ်သိမ်း၍ အမေမှာလိုက်သော ကြာပန်းလေးများခူးကာ အိမ်ပြန်မည်။
ညပိုင်း ဖားရိုက်ရန် မီးခွက်၊ မိုးကာ၊ မီးအုပ် ဆောင်း၊ ကြိမ်လုံးတို့ကို အသင့်ပြင်ထားမည်။ သူငယ်ချင်း ပုစိုး၊ သိန်းဆွေတို့နှင့်အတူ ညဦးပိုင်း ဖားရိုက်ပြီး လယ်တဲတွင် ခဏအနားယူမည်။ လယ်စောင့်တဲဖြစ်၍ ဖြုတ်၊ ခြင်၊ မှတ်များ၏ရန်မှ ကာကွယ်ရန်နှင့် ပင်ပန်းမှုများအား အပန်းဖြေရန် အတွက် ပွတ်ချွန်း၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် များကို တစ်ယောက်တစ်လှည့်စီ ဖွာရှိုက်ရင်း အနား ယူအိပ်စက်ကြပြီး နံနက်စောစောအိမ်ပြန်ကြမည်။ သည်လိုနှင့် တစ်ရက်တာ ကုန်လွန်စေခဲ့ခြင်းကို သတိတရတွေးမိသည်။
ပဲခူးမြစ်အထက်ပိုင်း ဇောင်းတူရေအားလျှပ်စစ် စီမံကိန်းမတိုင်မီက မိုးရာသီဆိုလျှင် ကားတစ်တန်၊ စက်လှေတစ်တန်ဖြင့် မွေးရပ်ဇာတိသို့ သွားရသည်။ နွေဆိုပါက ကားတစ်တန်၊ ခြေကျင်တစ်တန်သွားရ သည်။ ခရီးတစ်ခုကို ကား၊ စက်လှေ၊ ခြေကျင်ဖြင့် အပြောင်းအလဲပြုသွားရခြင်းသည် စိတ်ကြည်နူး မှုကို အပြည့်အဝရရှိစေသည့်အတွက် ငယ်စဉ်အချိန် ကတည်းက ခရီးသွားလာမှုကို နှစ်သက်ခဲ့သည်။ ဆန်ရေ၊ စုန်ရေပေါ်တွင် စက်လှေ၏တုန်ခါမှု၊ မြစ်ရေ ၏ရေမှုန်များနှင့် ထိတွေ့မှု၊ မြစ်ကမ်းနံဘေး ကျေးရွာများမှ ကလေးငယ်များ၏ အော်ဟစ် နှုတ်ဆက်မှုများက မြင်တွေ့နေကျမြင်ကွင်းများ ဖြစ်သော်လည်း ရိုးအီမှုမဖြစ်စေခဲ့။
နွေရာသီရောက်လျှင် မြစ်ရေနည်းသွားသဖြင့် မြစ်ကမ်းခြေတစ်လျှောက် သဲသောင်ပြင်ပေါ်တွင် ခြေကျင်သွားရသည်။ ကမ်းခြေရေစပ်စပ်တွင် သဲအတွင်း ပုန်းအောင်းနေသော ငါးသလဲထိုးနှင့် ခုံး များကို ရှာဖွေဖမ်းဆီးရသည်မှာလည်း ပျော်စရာတစ်ခု ဖြစ်သည်။
ညနေဘက်ရေချိုးဆင်းချိန် သူငယ်ချင်းတစ်စု သောင်ပြင်မှာထိုင်ပြီး စုဖွဲ့စကားပြောလျှင် ပြော၊ ဘောလုံးကန်လျှင်ကန်၊ ဘော်လီဘော ပုတ်လျှင်ပုတ်၊ ပျော်စရာကြီးဖြစ်သည်။ ထို့အတူ လက်ယက်သဲကျင်း အတွင်းမှ ရေကိုသဲ့ခပ်ယူပြီး သုံးရေစုရသည်မှာလည်း မေ့နိုင်စရာမရှိ။ ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်သည့်အချိန်မှစ၍ သဲသောင်ပြင်နှင့် ဆော့ ကစားခွင့်မရရှိတော့သကဲ့သို့ သဘာဝတရားလည်း ပျောက်သွားသည်။ တစ်ခုကို ရဖို့ တစ်ခုကို စွန့်လွှတ် ရတာ သဘာဝဆိုသော်လည်း ငယ်ငယ်က ဆော့ကစား ခဲ့သည့် သဲသောင်ပြင်ကိုတော့ ယခုအချိန်အထိ အမှတ်ရတုန်းဖြစ်သည်။
ပြောင်းလဲမှု
ဦးလေးနာရေးရှိ၍ နှစ်ပေါင်း ၂၅ နှစ်နီးပါးခန့် ဝေးကွာခဲ့သောရွာသို့ ပြန်ရောက်ခဲ့သည်။ ရွာတွင် ယခင်က ရေနံဆီမီးခွက်အလင်းရောင်အစား မီးစက် အလင်းရောင်က နေရာယူလာကြသည်။ စလူမိုး၊ ထရံကာအိမ်များအစား သစ်သားအိမ်၊ သွပ်မိုး၊ အဆောက်အအုံများ၊ တိုက်အိမ်များ ပြောင်းလဲလာ သည်။ လက်ဖက်ရည်ဆိုင်၊ ကာရာအိုကေဆိုင်၊ အလှ ပြင်ဆိုင်များရှိလာသည်။ ခေတ်ကာလရေစီးကြောင်း နှင့်အတူ တောသူ တောင်သားများ၏ နေထိုင်မှုဘဝ ရှင်သန်လှုပ်ရှားမှုများပါ ပြောင်းလဲသွားကြသည်။
လယ်ယာလုပ်ငန်းခွင်ဝင်သူများက နိုင်ငံခြားသို့ သွားကြသည်။ မြို့ပေါ်မှလူများက စိုက်ပျိုးရေးလုပ်ငန်း လုပ်လာသည်။ နာဂပွဲတော်သို့ ခရီးအတူသွားခဲ့သော မရွှေက ဇောင်းတူအနီးတွင် ခြံကျယ်ကျယ်ဝယ်ပြီး သစ်သားအိမ်လေးဆောက်ကာ အော်ဂဲနစ်စိုက်ခင်းနှင့် သာယာလှပစွာပြင်ဆင်ထားသည်။ လာလည်ပါဦးဟု ဖိတ်ကြားထား၍ အချိန်ရလျှင် သွားလည်ဦးမည်။
လူများ၏ပြောင်းလဲမှုက ပြက္ခဒိန်ကျမဟုတ်၍ အံ့ဩရသည်။ ဆင်းရဲသူက ချမ်းသာချင်ယောင်ဆောင် ကြသည်။ ချမ်းသာသူက ရိုးရှင်းစွာ သဘာဝကျကျ နေလာကြသည်။ သစ်သားအိမ်တွင်နေသူက တိုက် မြင့်ပေါ်တွင် နေလိုကြသည်။ မိုးမျှော်တိုက်ကြီးတွင် နေသူက သဘာဝကျကျ သစ်သားအိမ်လေးပေါ်တွင် နေရသည်ကို နှစ်သက်လာသည်။ လှည်းစီးသူက ဇိမ်ခံကားစီးဖို့ ကြိုးစားကြသည်။ ဇိမ်ခံကားစီးသူက လှည်းယာဉ်စီးရတာကို နှစ်ခြိုက်ကြသည်။ ငါးပိရည် အသီးအရွက်စားနေသူက ဒိန်ခဲ၊ ပေါင်မုန့်ကို စားချင် သည်။ ဒိန်ခဲ၊ ပေါင်မုန့်စားနေသူက အသီးအရွက် တွေကို စားလာသည်။ ထင်ပေါ်ရန်ကြိုးစားရင်း လွတ်လပ်မှုများဆုံးရှုံးသွားကြသလို အောင်မြင်သော သူများက ရိုးရှင်းသောဘဝနှင့် နှစ်မြှုပ်နေထိုင်လာကြ သည်။
မွန်းကျပ်မှုများ
တိုးတက်ဖွံ့ဖြိုးမှုနောက်လိုက်ရင်း မွန်းကျပ်မှု များက တစ်နေ့တခြားတိုးလာသည်။ ခုံမင်လှသော လူတန်းစေ့နေနိုင်ရေးတွင် တဝဲဝဲလည်ရင်း မွန်းကျပ် ခြင်းတွင် နစ်ဝင်လာကြသည်။ သစ်ပင်၊ သစ်တော၊ လယ်ကွင်းပြင်နှင့်မိတ်ဖွဲ့ကာ ကျယ်ကျယ်ဝန်းဝန်း နေလာခဲ့သူများက တိုးတက်ကြီးပွားရန်အတွက် ရေကြည်ရာမြက်နုရာရှာရင်း အသက်ပြင်းပြင်းရှူ၍ မရသည်အထိ မွန်းကျပ်လာကြသည်။ လူနှင့်တိုက်တာ အဆောက်အအုံများ၏ သိပ်သည်းမှု၊ မော်တော်ယာဉ် များ၏ ဆူညံမှု၊ အပူထုတ်လွှတ်မှု၊ မီးခိုးစွန့်ထုတ် မှုများက မွန်းကျပ်ပူလောင်မှုကို ပိုမိုပီပြင်စေသည်။
မြို့ပြ၏ မွန်းကျပ်ပူလောင်မှုဒဏ်ကို ခံစား နေရဆဲမှာပင် ကိုဗစ်-၁၉ ကပ်ရောဂါက သွားမှု၊ လာမှု၊ စားမှု၊ သောက်မှု၊ ပြောဆိုဆက်ဆံမှု အားလုံးကို ထိန်းချုပ်သွားသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်ရှင်သန်နေထိုင်ရေးအတွက် ကြိုးစားနေထိုင်ရင်း အိမ်တွင် အကျယ်ချုပ်မိ သကဲ့သို့ဖြစ်လာသည်။
ကိုဗစ်-၁၉ ကာလ တစ်နှစ်ခြောက်လကျော် အတွင်း ကိုဗစ်ကူးစက်မှု အနည်းငယ်တုံ့ဆိုင်းသွား သောကာလတွင် ကမ်းခြေခရီး၊ ဘုရားဖူးခရီး၊ အပန်း ဖြေခရီးစဉ်များကို သွားလာကြသဖြင့် ယာယီရပ်ဆိုင်း ထားရသော ခရီးသွားလုပ်ငန်းများမှာ ပြည်တွင်းခရီး စဉ်များကြောင့် ပြန်လည်အသက်ဝင်လာစေခဲ့သည်။ သို့ရာတွင် နိုင်ငံရေးကို အကြောင်းပြု၍ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အစွန်း ရောက်အကြမ်းဖက်သမားများက လူနေအိမ်များ၊ ကျေးရွာများ၊ ရပ်ကွက်များကို မီးရှို့ခြင်း၊ အုပ်ချုပ်ရေး မှူးရုံးများ၊ စာသင်ကျောင်းများ၊ ဈေးများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ လမ်း၊ တံတားများဖျက်ဆီးခြင်းများကို ဆောင်ရွက် လာခဲ့ကြသည့်အတွက် ပြည်သူလူထုမှာ စိုးရိမ် ထိတ်လန့်မှုများ ပိုမိုဖြစ်ကာ ပြည်တွင်းခရီးစဉ်များ ရပ်တန့်သွားခဲ့ရပြန်သည်။
ငြိမ်းအေးရာဆီသို့
ကိုဗစ်-၁၉ ကပ်ရောဂါအား မြန်မာနိုင်ငံမှ အပြီးတိုင် အမြန်ထွက်ခွာသွားစေချင်သလို ကမ္ဘာ မြေပြင်ပေါ်မှလည်း အမြန်ပျောက်ကွယ်စေချင် သည်။ ထို့အတူ နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ အပေါ် အကြမ်းဖက်တိုက်ခိုက်လုပ်ကြံသတ်ဖြတ်မှု များကိုလည်း ချုပ်ငြိမ်းစေချင်သည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ပြည်သူလူထု၏ ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိစေမည့် အချိန်ကို အမြန်ရောက်စေချင်ပြီ။
သည်အချိန်ရောက်လျှင်ဖြင့် ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ငပလီ ပင်လယ်ကမ်းခြေ များသို့သွား၍ သီချင်းဟစ်အော်ဆိုမည်လား။ ပြာလွင်လွင်ပင်လယ်ရေအောက်ကမ္ဘာက လှပ သော သန္တာကျောက်တန်းများအကြား ရောင်စုံမီမို ငါးကလေးများနှင့် ဆော့ကစားရန် မြိတ်ကျွန်းစုကို သွားမည်လား။ ကုသိုလ်လည်းရ၊ ဇာတိဂုဏ်မာန လည်း တက်စေသော ပုဂံဘုရားဖူးသွားမည်လား။ မြင်ကွင်းမဆုံးသည့် လယ်ကွင်းပြင်ကြီးထဲမှလေကို ရှူရှိုက်ရင်း တောရိပ်၊ တောင်ရိပ်များနှင့် နေထိုင် ဖို့ ရွာအလွမ်းပြေခရီးသွားမည်လား။ ထင်းရှူးတော များ၊ တောရိုင်းပန်းပွင့်များအကြား တစ်တောင် တက် တစ်တောင်ဆင်း ခရီးသွားရင်း တိုင်းရင်းသား များ၏ ဓလေ့ရိုးရာများနှင့် ထိတွေ့နိုင်သည့် ကလောသွားမည်လား။ ဧရာဝတီမြစ်ကြီးအား ဆန်တက်ပြီး တတိယမြစ်ကျဉ်း၊ ဒုတိယမြစ်ကျဉ်း၊ ပထမမြစ်ကျဉ်းတို့၏ သမိုင်းကြောင်းကို ရှာဖွေရင်း မေခ၊ မလိခမြစ်ဆုံရှိ လှပသောကျောက်စရစ်များ နှင့် အမှတ်တရဓာတ်ပုံရိုက်မည်လား။ ဆီအုန်းခြံ များနှင့် သစ်တောများအကြား မဲနက်ပြောင်ချော သော ထားဝယ်၊ မြိတ်၊ ကော့သောင်းကမ်းရိုးတန်း ပတ်လမ်းတွင် လေညင်းခံကားမောင်းမည်လား။
လွင့်မျောနေသော တိမ်တိုက်များအကြား ပါးပြင်သို့ နားခိုလာမည့် နှင်းမှုန်များနှင့် ရင်ခုန်စွာ ခံစားရင်း တောင်ဇလပ်ပန်းများနှင့် ဓာတ်ပုံရိုက်ရန်အတွက် ကန်ပက်လက်မြို့ ခေါ်နူးဆုန်တောင်ကို သွားမည် လား။ တောင်ပြာတန်းနှစ်ဖက်အကြား ကန်ရေပြင် ကျယ်ကြီးတွင် စက်လှေစီးကာ ဇင်ယော်များကို အစာကျွေးရန်အတွက် အင်းလေးကန်သို့သွားမည် လား။ အေးစိမ့်သောရေစက်ရေမှုန်များနှင့် ထိတွေ့ ရန် ပြင်ဦးလွင်ဓာတ်တော်ချိုင့်ရေတံခွန်သို့ သွားမည်လား။ သွားချင်စရာတွေက များလှသည်။
ခရီးဆန့်ကြစို့
မွန်းကျပ်နေသော ပြည်သူများ အတွေးကိုယ်စီ ဖြင့် ခရီးထွက်ရန် ကြိုတင်ပြင်ဆင်နေကြမည်ဟု ယုံကြည်ပါသည်။ ခရီးစဉ်ဒေသအသီးသီးရှိ ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာလုပ်ငန်း များ၊ စားသောက်ဆိုင်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန် များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ စသည့် လုပ်ငန်းခုနစ်မျိုးကို ဆောင်ရွက်လုပ်ကိုင်ကြသော လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော Enchanting Myanmar Health and Safety Protocol အစီအစဉ်အတိုင်း ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထား ကြပြီ။ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်ကာ အသီး အပွင့်ခံစားရရှိမည့် ဒေသခံပြည်သူများကလည်း စောင့်မျှော်နေကြပြီ။ ဒေသအလိုက် လူမျိုးအလိုက် ရာသီအလိုက်ပွဲတော်များ၊ ရိုးရာဓလေ့ပွဲတော်များ ကို အေးချမ်းပျော်ရွှင်စွာကျင်းပရန် ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။ သာယာလှပသော အမိမြန်မာပြည်ကြီး က မွန်းကျပ်မှုခံစားနေရသော ပြည်သူများကို သောကအပူများ ကင်းဝေးစေမည့် နှစ်သိမ့်အားပေး မှုများဖြင့် လက်ကမ်းကြိုဆိုရန် အသင့်ရှိနေပြီဖြစ်၍ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ အား ကျော်ဖြတ်လွန်မြောက်ပြီးချိန်တွင် မြန်ပြည် အနှံ့ ခရီးဆန့်ကြပါစို့ဟု ကြိုတင်နှိုးဆော်လိုက်ရပါ သည်။ ။
- Log in to post comments