တိုင်းပြည်တိုးတက်ရေးကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ (၉)  လပြည့်  နိုင်ငံတော်တာဝန်   ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်းတွင်    “ကျွန်တော်တို့ရဲ့ရည်မှန်းချက်က    တစ်အနေနဲ့ တစ်နိုင်ငံလုံးသာယာဝပြောမှုရှိရမယ်။  နှစ်အနေနဲ့ကတော့    စားရေ ရိက္ခာပေါများရမယ်ဆိုပြီး   ရည်ရွယ်ပြီးဆောင်ရွက်နေတာရှိပါတယ်။  ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဒီထက်ပိုပြီးတော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့  နည်းလမ်းပေါင်းစုံကနေ   ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။


နိုင်ငံတော်အစိုးရ၏ ထားရှိသောရည်မှန်းချက်နှစ်ရပ်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး၏ အဓိကလိုအင်ဆန္ဒမှာ တစ်နိုင်ငံလုံး  သာယာဝပြောပြီး အေးချမ်းသာယာစွာနေထိုင်နိုင်ရေးဖြစ်ပြီး     ဒုတိယအချက်အနေ ဖြင့်  စားနပ်ရိက္ခာများ ဖူဖူလုံလုံပေါပေါများများရရှိနိုင်ရေးဖြစ်သည်။       ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  တရားဥပဒေစိုးမိုးရေးနှင့်   နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်လာမှုကြောင့် ယခုအခါ  အချို့ဒေသအနည်းငယ်မှလွဲ၍   တစ်နိုင်ငံ လုံးတွင် တည်ငြိမ်အေးချမ်းနေပြီကို တွေ့ရမည်ဖြစ်သည်။ 


မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သဘာဝကောင်းမွန်သည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ နိုင်ငံရှိပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်းပြု လုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူအများစုသည် မိရိုး ဖလာနည်းလမ်းနှင့် မိမိတို့ဘာသာ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ကြသောကြောင့် ဈေးကွက်လိုအပ်ချက်နှင့် တွက်ခြေကိုက်မှုတို့ဘက်တွင် လိုအပ်ချက်များရှိနေသဖြင့် စီးပွားရေးတိုးတက်မှုတွင် အားနည်းနေသည်။ ယင်းအချက်ကို ပြည်ပမှ စားသုံး ကုန်များ နှစ်စဉ်တင်သွင်းနေရမှုများက သက်သေပြနေသည်။ ထို့ကြောင့် နိုင်ငံတော် ဝန်ကြီးချုပ်က အဆိုပါကိစ္စကို မီးမောင်းထိုးပြပြီး ပြည်ပသွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန် ပိုမိုတိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေးကို အားပေးလျက်ရှိသည်။


ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါနှင့် စီးပွားရေး ဂယက်ရိုက်ခတ်မှုကြောင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားရေးနယ်ပယ်တွင် အခက်အခဲများစွာရှိနေ သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်သော်လည်း ပြည်ပပို့ကုန်များ ပိုမိုတင်သွင်းနေရမှုကြောင့် နိုင်ငံ့စီးပွားလိုအပ်ချက်များရှိနေ သည်။ ထို့ကြောင့် ပြည်တွင်းထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်တင်ပို့ပြီး ပြည်တွင်း၌ သုံးစွဲမှုကို ခြိုးခြံချွေတာသုံးစွဲကြရန် တိုက်တွန်းနှိုးဆော်နေရသည်။ အဓိကမှာ ပြည်သူပြည်သားအားလုံးဖြစ်ပြီး ပြည်သူများက ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် ပြည်ပသွင်းကုန်လျော့ကျလာမည်ဖြစ်သည်။ ဥပမာ   မြန်မာနိုင်ငံ၌    ပြည်တွင်း ဆီစားသုံးမှုမြင့်မားနေသဖြင့်   ကျန်းမာရေးအရလည်းကောင်း၊    စီးပွားရေးအရ လည်းကောင်း  ဆီစားသုံးမှုကိုလျှော့ချပြီး ပြည်တွင်းဆီထုတ်လုပ်မှုကို တိုးတက် ထုတ်လုပ်ခြင်းဖြင့်    နိုင်ငံတော်နှင့်ပြည်သူအတွက်   အကျိုးရလဒ်ကောင်းများ ဖြစ်လာမည်။


နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ပိုမိုအားပေးလျက်ရှိပြီး ဥပမာအားဖြင့် မြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်မှု များကို နိုင်ငံတော်က ကျပ်သန်းပေါင်းများစွာ အကုန်အကျခံဆောင်ရွက်လျက် ရှိသည်။ ပြည်သူများအနေဖြင့် နေထိုင်စားသောက်မှုပုံစံများအား  ပြုပြင်ဆောင်ရွက် လုပ်ကိုင်ကြမည်ဆိုလျှင်  ပြည်သူများအတွက်ရော နိုင်ငံအတွက်ပါ စီးပွားတိုးတက် လာမည်ဖြစ်သည်။ လူတစ်ယောက်သည် တစ်နေ့လျှင် ဆန်နို့ဆီဘူး နှစ်ဘူးခွဲခန့် စားသုံးကြရာ ယင်းကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချစားသုံးကြည့်လျှင် ကျန်းမာရေး အတွက်   အထောက်အကူပြုမည့်အပြင်   စီးပွားဥစ္စာတိုးတက်ရေးအတွက်ပါ အကျိုးရှိမည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း နိုင်ငံကို တိုးတက် အောင်၊ တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသား ပြည်သူများ တိုင်းပြည်ချစ်စိတ်ဖြင့်ဆောင်ရွက်ကြလျှင် အောင်မြင် မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်ပမှ မြန်မာနိုင်ငံကို ပျက်စီးစေလိုသူများက ဖိအားအမျိုးမျိုးပေးနေကြသည်ကို     တွေ့ရမည်ဖြစ်သည်။      မည်သို့ပင်ဖြစ်စေ ပြည့်အင်အားသည်    ပြည်တွင်းမှာသာရှိသည်ဖြစ်၍     တည်ငြိမ်အေးချမ်းရေး၊   တိုင်းပြည်သာယာဝပြောရေး၊  စီးပွားဥစ္စာတိုးတက်ရေးအတွက် ပြည်သူပြည်သား အားလုံးတို့က နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့်  မိမိတို့ဘဝတိုးတက်ရေးနှင့် တိုင်းပြည်တိုးတက်ရေးကို     ဝိုင်းဝန်းလက်တွဲ     ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။