အန္တရာယ်များဖယ်ရှား အေးချမ်းသာယာရေးကိုဦးတည်

မိုးသက်မုန်တိုင်းများစဲသောအခါ  လေပြည်လေညင်းလေးများကို ထိတွေ့ခံစား ရသလို   တိမ်သလ္လာဖုံးအုပ်နေသည့်   မှောင်မိုက်သော  အမှောင်ထုအောက်မှ တိမ်သလ္လာကင်းစင်သည့် လမင်းကြီး၏ အေးမြသည့်အာဝါသကို  ခံစားရသလို နိုင်ငံတော်အတွင်း၌ ခက်ခဲကြမ်းတမ်းသောခရီးလမ်းများကို ဖြတ်သန်းကျော်ဖြတ် ခဲ့ပြီးနောက် ဖြောင့်ဖြူးသာယာသောလမ်းပေါ်တွင် လျှောက်လှမ်းနေကြပြီ ဖြစ်သည်။


မဲမသမာမှုကို အကြောင်းပြု၍ အကြမ်းဖက်လမ်းစဉ်သို့  အသွင်ကူးပြောင်း သွားကြသော    ဒီမိုကရေစီအရေခြုံ   နိုင်ငံရေးသမားတို့၏လက်ချက်ကြောင့် တိုင်းပြည်တွင် ဆူပူအကြမ်းဖက်သတ်ဖြတ်မှုများ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံပစ္စည်းများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်ခန္ဓာများ ထိခိုက်ပျက်စီးခဲ့ရသည်။  အကြမ်းဖက်သမားတို့၏လက်ချက်ကြောင့်   ထိခိုက် ပျက်စီးဆုံးရှုံးမှုများမှာ လှိုင်းကြီးလေထန်ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်ထက်ပင် ကျော်လွန် နေပြီဟု ဆိုချင်သည်။ တပ်မတော်အနေဖြင့် ပြည်သူများ လိုလားနှစ်သက်သည့်  ဒီမိုကရေစီ တည့်မတ်မှန်ကန်ရေးနှင့် နိုင်ငံတော်နှင့် ပြည်သူ  အကျိုးစီးပွားဖြစ်ထွန်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။  


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်း ကို ဖြတ်သန်းရာတွင် မယိမ်းမယိုင် ကျောက်သားကျောက်စိုင်ကဲ့သို့ မားမားမတ်မတ် ကြံ့ကြံ့ခိုင်ရပ်တည်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်  မဆုတ်မနစ်သော ဇွဲလုံ့လအားမာန်များဖြင့် ကျော်ဖြတ်လျက်ရှိသည်။ ဓမ္မနှင့် အဓမ္မ၊ အမှားနှင့် အမှန်ကို အချိန်ကာလက အဆုံးအဖြတ်ပေးသည်ဆိုသကဲ့သို့ နိုင်ငံတော် တာဝန်ယူခဲ့သည့် ၁၀ လကျော်ကာလအတွင်း၌ အဖြူအမည်းသဲကွဲစွာ သိကြရပြီ ဖြစ်သည်။ ပြုသူနှင့်ဖျက်သူတို့ကို အကောင်းအဆိုးခွဲခြားမြင်လာကြပြီဖြစ်သည်။  ယနေ့  တည်ငြိမ်အေးချမ်းတည့်မတ်လာပြီဖြစ်သော နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို  တည့်မတ်ပေးသည့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများအားလုံးကို ကျေးဇူး တင်ရမည် ဖြစ်သည်။


အထူးသဖြင့် ခက်ခဲကြမ်းတမ်းသောကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး ကို ခြိမ်းခြောက်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် အကြမ်းဖက်သမားတို့၏  အန္တရာယ်မှကင်းဝေးအောင် အနစ်နာခံ၊ အပင်ပန်းအဆင်းရဲခံ၊ အသက်ကို ပဓာန မထားဘဲ ဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများအားလုံးကို ဂုဏ်ယူမိပါသည်။ မဲမသမာမှု၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့် ပြည်တွင်းဆူပူဆန္ဒပြမှုများမှ သည် မီးရှို့ဖျက်ဆီးလူသတ်မှုများအထိ ပြုလုပ်လာကြသော အကြမ်းဖက်လုပ်ရပ် များကို အစိုးရနှင့်အတူ ပြည်သူတို့က လက်တွဲပူးပေါင်း  ဖော်ထုတ်ခဲ့ကြသဖြင့် အကြမ်းဖက်သမားများ၊ ဆက်နွှယ်သူများ၊ အဆွယ်အပွားများနှင့် အဖျက်လက်နက် များကို  နေ့စဉ်ရက်ဆက်  ဖမ်းဆီးနိုင်ခဲ့သည်။ ယခုအခါ မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်သလို အဖျက်လက်ကျန်များကို အမြစ်ကမကျန် ရှင်းလင်းလျက်ရှိသည်။


ပြည်သူပြည်သား အများစုသည် အဖျက်လုပ်ရပ်များကို မလိုလားဘဲ ငြိမ်းချမ်း စွာဖြင့် မိမိတို့၏ လူမှုစီးပွားများကို လုပ်ကိုင်လိုကြသည်ဖြစ်ရာ  ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း အထင်အရှားမြင်တွေ့နေရပါသည်။ အဖျက်သမားများမှာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အလစ်အငိုက် နှောင့်ယှက်ဖျက်ဆီးသတ်ဖြတ်မှု များကို ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်သမားများ မည်သို့ပင်  နှောင့်ယှက်ဖျက်ဆီး သော်လည်း မကြောက်မရွံ့နောက်မတွန့်ဘဲ အစိုးရနှင့် ပြည်သူတို့ လက်တွဲညီညာစွာ ဖြင့် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးတို့ကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ အစိုးရနှင့် ပြည်သူတို့ လက်တွဲညီညာဆောင်ရွက်နိုင်မှုကြောင့် ကပ်ရောဂါဆိုးမှာ  အားပျော့သွားပြီ  ဖြစ်သည်။   နေလာနှင်းပျောက်သကဲ့သို့   အကြမ်းဖက်အဖျက် လုပ်ရပ်များမှာလည်း လျော့ပါးသွားပြီဖြစ်သည်။


စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ လည်း ပုံမှန်ပြန်လည်လည်ပတ်လာပြီဖြစ်၍ ပြည်သူများမှာ စိတ်အေးဝမ်းမြောက် နေကြပြီဖြစ်သည်။ သို့သော် ရောဂါဘေး၊ အဖျက်အန္တရာယ်ဘေးတို့ကို ပေါ့ပေါ့ဆဆ နေ၍ မဖြစ်ပေ။ သတိဟူသည် ပိုသည်မရှိဟု သဘောထားပြီး အဖျက်သမားအန္တရာယ် နှင့် ရောဂါဘေးအန္တရာယ်တို့ကို မပြတ်သောသတိဖြင့် အစဉ်ရှိနေရမည်ဖြစ်သည်။ ကပ်ရောဂါဘေးမှာ    အလျှင်းမပျောက်ဘဲ     လူအများနှင့်အတူရှိနေနိုင်သလို အဖျက်သမားများမှာလည်း  လူအများကြားတွင်  ရှိနေနိုင်သည်ကို  သတိပြုရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးကွဲတစ်မျိုးပြီးတစ်မျိုး  ပေါ်ပေါက်လျက် ရှိပြီး အကြမ်းဖက်သမားများမှာလည်း အသွင်အမျိုးမျိုးပြောင်းပြီး အန္တရာယ်ပေးလာ  နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။


သို့ဖြစ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍ စစ်မှန်သောစေတနာ ဖြင့် ပြည်သူများ မျှော်မှန်းသည့် ပန်းတိုင်သို့ရောက်အောင် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဘေးအန္တရာယ်အမျိုးမျိုးတို့ အလျှင်းပယ်ပျောက်ပြီး သာယာ ဝပြောသော လူ့ဘောင်သစ်သို့ အလျင်အမြန်ရောက်ရှိရေးအတွက် ရှေ့ဆက်၍ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။