
ဆေးဝန်ထမ်းတစ်ဦး
============
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတွင်းမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှုတွေကို မျက်ခြည်မပြတ် လေ့လာ စောင့်ကြည့်နေကြလေ့ရှိတယ်။ ဒီလိုလေ့လာ စောင့်ကြည့်ရခြင်းဟာ အစိုးရတစ်ရပ်ရဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တစ်ခုလည်း ဖြစ်တယ်။ ဒီလိုစောင့်ကြည့်တဲ့အခါမှာ အဓိကထား အသုံးပြုတိုင်းတာ ကြတာတွေကတော့ ကျန်းမာရေးဆိုင်ရာအညွှန်းကိန်း (Health Indicators) တွေပဲဖြစ်တယ်။ ဒီအညွှန်းကိန်းတွေကို သာမန်အားဖြင့် ကဏ္ဍကြီး (၈) ခုခွဲပြီး လေ့လာနိုင်တယ်။ အဲဒါတွေကတော့ သေဆုံးမှု ဆိုင်ရာအညွှန်းကိန်းများ (Mortality Indicators)၊ ရောဂါဖြစ်ပွားမှု ဆိုင်ရာအညွှန်းကိန်းများ (Morbidity Indicators)၊ ကျန်းမာရေး အဆင့်အတန်းဆိုင်ရာအညွှန်းကိန်းများ (Health Status Indicators)၊ မသန်စွမ်းမှုဆိုင်ရာအညွှန်းကိန်းများ (Disability Indicators)၊ အာဟာရအဆင့်အတန်းဆိုင်ရာ အညွှန်းကိန်းများ (Nutrition Indicators)၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာအညွှန်းကိန်းများ (Social and Mental Indicators)၊ ကျန်းမာရေးစနစ်ဆိုင်ရာအညွှန်းကိန်းများ (Health System Indicators)နဲ့ ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုး နေသောအချက်များ (Health Determinants) တွေပဲဖြစ်ကြတယ်။ ဒီလိုတွက်ချက်တဲ့အခါတိုင်းမှာ မပါမဖြစ်ထည့်သွင်းတွက်ချက်ရမယ့် အညွှန်းကိန်းတစ်ခုကတော့ သေဆုံးမှုအညွှန်းကိန်းထဲမှာပါဝင်တဲ့ နိုင်ငံရဲ့မျှော်မှန်းသက်တမ်း (Life Expectancy at Birth) ပဲဖြစ်တယ်။
မျှော်မှန်းသက်တမ်းဆိုတာဘာလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အတိအကျ ပြောရမယ်ဆိုရင်တော့ မျှော်မှန်းသက်တမ်းဆိုတာဟာ လက်ရှိ တိုင်းပြည်ရဲ့ သေဆုံးမှုနှုန်းတွေအတိုင်း အနာဂတ်မှာဆက်ဖြစ်နေ မယ်ဆိုရင် ဒီနှစ်အတွင်းမှာ မွေးဖွားလာမယ့် ကလေးတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းပဲဖြစ်တယ်လို့ ဆိုရမယ်။ ဒါကြောင့် တိုင်းပြည် တစ်ပြည်ရဲ့ မျှော်မှန်းသက်တမ်းဆိုတာဟာ တိုင်းပြည်ထဲမှာရှိနေတဲ့ လူဦးရေတစ်ရပ်လုံးရဲ့ သေဆုံးမှုနှုန်းကို ရောင်ပြန်ဟပ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်တယ်။ ဒီမှာပြောနေတဲ့ သေဆုံးမှုထဲမှာ ကလေး၊ ဆယ်ကျော်သက်၊ အရွယ်ရောက်ပြီးသူ၊ သက်ကြီးရွယ်အို အစရှိတဲ့ အသက်အရွယ်အားလုံးရဲ့ သေဆုံးမှုနှုန်းကို ပြောခြင်းဖြစ်တယ်ဆိုတာ ကို နားလည်ထားရမယ်။ မျှော်မှန်းသက်တမ်းကို ပြောတဲ့အခါမှာ နိုင်ငံတွေအနေနဲ့ လူဦးရေတစ်ရပ်လုံးရဲ့ မျှော်မှန်းသက်တမ်းကို ပြောလေ့ရှိသလို အမျိုးသားနဲ့အမျိုးသမီးကို ခွဲခြားပြီးလည်းပြော လေ့ရှိတယ်။ သာမန်အားဖြင့်တော့ အမျိုးသမီးတွေရဲ့ မျှော်မှန်း သက်တမ်းဟာ အမျိုးသားတွေထက် ပိုလေ့ရှိတာကို တွေ့ရမှာ ဖြစ်တယ်။
မျှော်မှန်းသက်တမ်းကို ဘယ်လိုတွက်ချက်ကြသလဲ
မျှော်မှန်းသက်တမ်းကို တွက်ချက်နိုင်တဲ့ပုံသေနည်း (Formula) တွေ မျိုးစုံရှိပါတယ်။ ပုံသေနည်းတစ်ခုနဲ့တစ်ခု ကွဲပြားကြတဲ့အတွက် ထွက်လာတဲ့အဖြေတွေဟာလည်း အနည်းငယ်ကွာခြားမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် မျှော်မှန်းသက်တမ်းကို ပြောတဲ့အခါတိုင်းမှာ တူညီတဲ့ပုံသေနည်းက ရရှိလာတဲ့အချက်တွေကိုပဲ ပြောဆိုရန်လို ပါတယ်။
မျှော်မှန်းသက်တမ်းကို တွက်ချက်ဖို့ဆိုရင် နိုင်ငံတိုင်းဟာ သက်ရှိ ဇယား (Life Table) ကို ဖော်ဆောင်ထားဖို့လိုတယ်။ ဒီဇယားထဲမှာ အသက်အုပ်စုတစ်ခုချင်းစီရဲ့ သေဆုံးနှုန်း၊ အသက်ရှင်သန်မှုနှုန်း၊ သေဆုံး နိုင်ခြေ အစရှိတဲ့အချက်အလက်တွေပါဝင်တယ်။ ဒီအချက်အလက်တွေကို ဘယ်ကနေရသလဲဆိုရင် တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးမှာ မွေးဖွား၊ သေဆုံးခဲ့တဲ့သူတွေရဲ့ အချက်အလက်တွေကနေ ရတယ်လို့ပဲဆိုရမယ်။ ဒါတွေကို ဆေးရုံ၊ ဆေးခန်းတွေ၊ သုသာန်တွေကနေရတဲ့ မွေးစာရင်း၊ သေစာရင်းတွေကနေရနိုင်တယ်။ ဒီလိုရပြီဆိုရင်တော့ ဒါကိုအခြေခံပြီး တော့ မျှော်မှန်းသက်တမ်းကို တွက်လို့ရပြီဖြစ်တယ်။ ဒီလိုမျိုး မွေးဖွား နှုန်း၊ သေနှုန်းတွေကို ထည့်သွင်းတွက်ချက်လိုက်တဲ့အခါမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ မျှော်မှန်းသက်တမ်းဟာ ၆၇ ဒသမ ၈ နှစ် ဖြစ်တယ်လို့ ဆိုတယ်။ သဘောကတော့ ယခင်မွေးဖွားပြီးသောသူများနှင့် မသက်ဆိုင် ဘဲ ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေး တစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၇ ဒသမ ၈ နှစ် ဖြစ်တယ်လို့ဆိုရ မှာဖြစ်တယ်။ ဒီထက်ပိုပြီး ရှင်းလင်းရမယ်ဆိုရင် ဒီနိုင်ငံ၊ ဒီရေမြေ၊ ဒီကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ စားသောက်နေထိုင်မှုပုံစံ အခြေ အနေမျိုးမှာ မွေးဖွားလာမယ့် ကလေးတစ်ဦးရဲ့ အသက်ရှင်နေထိုင်ရန် မျှော်မှန်းနိုင်မယ့် သက်တမ်းဟာ ၆၇ ဒသမ ၈ နှစ်ဖြစ်ပါတယ်။
မျှော်မှန်းသက်တမ်းရဲ့ သဘောသဘာဝ
ယခင် ကြေးခေတ်၊ သံခေတ်မှာရှိတဲ့ ကမ္ဘာ့လူသားတွေရဲ့မျှော်မှန်း သက်တမ်းကို ကြည့်လိုက်တဲ့အခါမှာ ၂၆ နှစ်ပဲရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ယခုအခါမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ လူတစ်ဦးချင်းစီရဲ့ မျှော်မှန်းသက်တမ်းဟာ ၆၇ နှစ်အထိကို တိုးတက်လာတာကို တွေ့ရမှာဖြစ်တယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ မျှော်မှန်း သက်တမ်းကို နှစ်ကာလတွေအလိုက် လေ့လာကြည့်တဲ့အခါမှာ နိုင်ငံ တွေရဲ့ မျှော်မှန်းသက်တမ်းဟာ ကြေးခေတ်၊ သံခေတ်ကနေ ၁၈၅၀ ပြည့်နှစ်အထိ သိသာထင်ရှားတဲ့ပြောင်းလဲမှု မရှိခဲ့တာကိုတွေ့ရမယ်။ ၁၈၅၀ နောက်ပိုင်းမှာတော့ နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းတွေဟာ လျင်မြန်စွာ တိုးတက်လာခဲ့တာကို တွေ့ရတယ်။ အထူးသဖြင့် အနောက်ဥရောပနိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းဟာ အခြားနိုင်ငံ များထက် ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့တယ်။ ဒီလိုဖြစ်ရခြင်းဟာ စက်မှုတော်လှန်ရေးဖြစ်ပွားပြီးတဲ့နောက် နိုင်ငံတွေအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပညာရေးမြင့်မားလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်လာခြင်းနဲ့ ဆေးသိပ္ပံပညာ တွေ တိုးတက်လာခြင်းတို့ကြောင့်ပဲ ဖြစ်တယ်။
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို လေ့လာလိုက်တဲ့အခါမှာ အာဖရိကတိုက်မှာရှိတဲ့ ဆွာဇီလန်နိုင်ငံ (Swaziland) ရဲ့ မျှော်မှန်း သက်တမ်းဟာ ၄၉ နှစ်ဖြစ်နေတဲ့အချိန်မှာ ဂျပန်နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းကတော့ ၈၃ နှစ်အထိ ဖြစ်နေတာ ကို တွေ့ရမှာဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာရှိတဲ့ ဆွာဇီလန်နိုင်ငံရဲ့ ငါးနှစ်အောက်ကလေးသေနှုန်းကို ကြည့်လိုက်တဲ့အခါမှာတော့ လူ ၁၀၀၀ အရှင်မွေးတိုင်းမှာ ငါးနှစ်အောက်ကလေး ၄၉၄ ဦး သေဆုံးလေ့ရှိပြီး ဂျပန်နိုင်ငံကတော့ လူ ၁၀၀၀ အရှင်မွေးတိုင်းမှာ ၂ ဒသမ ၃ ဦးပဲ သေဆုံးမှုရှိတာကို တွေ့ရမှာဖြစ်တယ်။ ဒီအချက်က ဘာကိုသက်သေပြနေလဲဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း ကို လွှမ်းမိုးနေတဲ့ သေဆုံးနှုန်းတွေ အများကြီးထဲမှာ အဓိကလွှမ်းမိုး နေတဲ့အချက်ကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ငါးနှစ်အောက် ကလေး သေနှုန်းပဲဖြစ်တယ်လို့ ဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ငါးနှစ်အောက် ကလေးသေနှုန်းဟာ UNICEF ရဲ့ တွက်ချက်မှုအရ ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၄၄ ဒသမ ၇ ဦးရှိတယ်ဆိုတာကို သတိပြုဖို့လိုတယ်။ ဒါ့အပြင် မီးဖွားစဉ် ကလေးသေနှုန်းနဲ့ မွေးကင်းစကလေးသေနှုန်းတို့ မြင့်မားခြင်းကလည်း မျှော်မှန်းသက်တမ်းကို လျော့ကျစေ ပါတယ်။
နိုင်ငံတွေရဲ့မျှော်မှန်းသက်တမ်းဟာ နိုင်ငံရဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်း (Human Development Index) ကို တိုင်းတာရာမှာလည်း အရေးကြီးတယ်။ လူသားဖွံ့ဖြိုး တိုးတက်မှု အညွှန်းကိန်းကို တိုင်းတာတဲ့အခါမှာ အကြောင်းအရာသုံးခုကို အခြေပြုတိုင်းတာလေ့ရှိတယ်။ အဲဒါတွေကတော့ နိုင်ငံသားတွေရဲ့ သက်ရှည်ကျန်းမာမှုအခြေအနေ (Long and Healthy Life)၊ ပညာရေးအခြေအနေ (Education) နဲ့ နေထိုင်မှုအဆင့်အတန်း (Standard of Living) တွေပဲဖြစ်ကြတယ်။ အဲဒီအထဲက နိုင်ငံသား တွေရဲ့ သက်ရှည်ကျန်းမာမှုကို ဖော်ပြတဲ့အခါမှာ နိုင်ငံရဲ့မျှော်မှန်း သက်တမ်းနဲ့ ပြောလေ့ရှိတာကို တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရဲ့မျှော်မှန်းသက်တမ်းကို မှန်ကန်စွာတွက်ချက်ခြင်းနဲ့ သိရှိခြင်း ဟာ မူဝါဒရေးဆွဲသူများအတွက် အလွန်အရေးကြီးတဲ့အချက်ဖြစ် တယ်ဆိုတာကို ဂရုပြုဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံရဲ့ကျန်းမာရေး ကဏ္ဍတွေကို စီမံခန့်ခွဲတဲ့နေရာမှာ မှန်ကန်တဲ့မူဝါဒတွေကို ဖော်ဆောင် နိုင်မှာဖြစ်တယ်။
မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေတဲ့အချက်များ
နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေတဲ့ အချက် တွေများစွာရှိတယ်။ အဲဒီအချက်တွေကတော့ နိုင်ငံရဲ့လူမှုစီးပွား အဆင့်အတန်း (Socioeconomic Status)၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုစနစ် (Healthcare System)၊ နိုင်ငံတွင်းမှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူ၊ အနေအထိုင် (Health Behaviors)၊ မျိုးဗီဇအချက်အလက် (Genetic Factors) နဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက် (Environmental Factors) တို့ပဲဖြစ်ကြတယ်။
ဒီအထဲက လူမှုစီးပွားအဆင့်အတန်းထဲမှာဆိုရင် အလုပ်အကိုင် ရရှိမှုနှုန်း၊ တစ်ဦးချင်းဝင်ငွေ၊ လျှပ်စစ်မီးရရှိမှု၊ ပညာရေးနဲ့ စီးပွားရေး ဆိုင်ရာ အခြေအနေတွေ ပါဝင်ကြမှာဖြစ်တယ်။ ကျန်းမာရေးဆိုင်ရာ အပြုအမူထဲမှာဆိုရင် ဆေးလိပ်၊ အရက်သောက်သုံးမှုနှုန်း၊ အာဟာရ ချို့တဲ့မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု စတဲ့အခြေအနေတွေ ပါဝင်မှာဖြစ်တယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်ထဲမှာတော့ ရာသီဥတုသမမျှတမှု၊ လူနေသိပ်သည်းမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိမှု၊ လေထု အရည်အသွေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအခြေအနေတွေ ပါဝင်မှာ ဖြစ်တယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments