ပျော်ရွှင်ကျန်းမာ လုံခြုံစွာဖြင့် ပညာသင်ယူနိုင်ကြစေရေး

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍  ပြန်လည်ဖွင့်လှစ်ခဲ့ရာ   ကျောင်းသူ ကျောင်းသား ကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက် ရှိကြသည်။ သို့ရာတွင် အခြေခံအကြောင်းအရာကြီး နှစ်ချက် ကြောင့် ရာခိုင်နှုန်းပြည့် သင်ယူနိုင်ကြခြင်းမရှိသေး။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အချို့တွင်  ကျောင်းများ ပြန်လည်မဖွင့်လှစ် နိုင်သေးသကဲ့သို့ လုံခြုံရေးအခြေအနေအရ ကျောင်းမဖွင့်နိုင်သေး သည့် မြို့နယ်များလည်း ရှိနေသည်။

 


“ကျွန်တော်တို့က ကျောင်း‌တွေ ဖွင့်ထားတာ။ ကျောင်းတွေ၊ ကလေးတွေ   ကျောင်းတက်နေကြပြီ။  ကျောင်းတက်နေတော့ ဒီကလေးတွေ ပညာသင်ကြားရေးမှာ ဘယ်လိုမှ ထိခိုက်ခံလို့မရ ဘူး။ အထိခိုက်ခံလို့   မဖြစ်ဘူး။ သူတို့ကို  ကျန်းကျန်းမာမာနဲ့ မတ်လကုန် ကျွန်တော်တို့ စာမေးပွဲပြီးတဲ့အထိ ကျောင်းတက်နိုင်ဖို့ လိုတယ်၊ ကျန်းကျန်းမာမာ  တက်နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ တက်နိုင်ဖို့လိုတယ်။  သူတို့တင်မဟုတ်ဘူး။ ပညာရေးဝန်ထမ်း တွေလည်း  ဒီအတိုင်းပဲ။ ကျန်းကျန်းမာမာနဲ့ ပညာသင်ကြားပေးနိုင်ဖို့ လိုတယ်။ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားပေးနိုင်ဖို့လိုတယ်။ ဒါကို ကျွန်တော်တို့က တော်တော်ဂရုစိုက်ရမှာ ဖြစ်ပါတယ်။”  ဟူ၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က   ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၁) သို့ တက်ရောက်အမှာစကား ပြောကြားရာတွင်   ထည့်သွင်းပြောကြားခဲ့ရာ   လေးလတာမျှ ကြာမြင့်မည့် ပညာသင်ကာလအတွင်း အနှောင့်အယှက်ကင်းကင်း ဖြင့် ကျောင်းသူ ကျောင်းသား ကလေးငယ်များ ပညာသင်ယူခွင့် ရရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။

 


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ပဉ္စမမြောက် ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိုးရိမ်မှုများ ထပ်မံမြင့်တက်လာနေပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း စတင်တွေ့ရှိနေရပြီဖြစ်သည့်အတွက် မိမိတို့နိုင်ငံ တွင်လည်း အထူးဂရုပြုနေကြရပြီ ဖြစ်သည်။ လက်ရှိပြည်တွင်း ကိုဗစ်-၁၉ကူးစက်မှုနှုန်းမှာ သုံးရာခိုင်နှုန်းအောက်သို့ ကျဆင်းနေ ပြီး ဆက်လက်ကျဆင်းဦးမည့် အခြေအနေကောင်းများ မျှော်လင့်၍ ရနိုင်ပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံတို့တွင် တွေ့လာရပြီဖြစ် သည့် အိုမီခရွန်ကိုမူ သတိဖြင့် ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ကျောင်းသူ ကျောင်းသားများ အိမ်မှကျောင်းသို့ သွား ရောက်ချိန်၊ ကျောင်း၌ စာသင်ချိန်၊ ကျောင်းမှအိမ်သို့ပြန်ချိန် အားလုံးတွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနည်းလမ်း များနှင့်အညီ သွားလာနေထိုင်နိုင်ရေးအတွက် မိဘ၊ ဆရာများ အပါအဝင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ် သည်။

 


ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားမှုကို နောက် ထပ် ခြိမ်းခြောက်နေသည့်အရာမှာ အကြမ်းဖက်ဝါဒပင် ဖြစ်သည်။ အကြမ်းဖက်သမားတို့က ဆရာ ဆရာမများ၊ ကျောင်းအဆောက် အအုံများကို ခြိမ်းခြောက်တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင် မီးရှို့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များဖြင့် ကလေးတို့၏ ပညာသင်ကြားမှုများ ပျက်စီးစေရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေး၊ စစ်ရေးတို့နှင့် အလှမ်းဝေးလှစွာသော ကလေးငယ်တို့ ၏ ပညာသင်ကြားမှုအခွင့်အရေးကို နှောင့်ယှက်ဖျက်ဆီးခြင်းက ကလေးငယ်တို့၏ အနာဂတ်ကို အညွန့်ချိုးသတ်ဖြတ်လိုက်ခြင်း ပင်ဖြစ်သည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချခြင်း၊ အကြမ်းဖက်အဖျက်သမားတို့ကို ဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ခြင်း၊ ကျောင်းသူ ကျောင်းသားများ၏ ပညာ သင်ကြားမှု လုံခြုံရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြင့် ကလေးတို့၏ ပညာရေးလမ်းခရီး ချောမွေ့ဖြောင့်တန်းနိုင်ပါစေ ကြောင်း။       ။