
ပရီမီယာလိဂ်ပွဲစဉ် (၁၄)၏ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ယူ အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၃ ရက်နံနက် ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်း အတွက် သွင်းဂိုးများကို ဖာနန်ဒက်စ်နှင့် စီရော်နယ်ဒိုတို့က သွင်းယူပေး ပြီး အာဆင်နယ်အသင်းအတွက် ဂိုးများကို စမစ်ရိုဝီနှင့် အိုဒီဂတ်တို့က သွင်းယူပေးနိုင်ခဲ့သည်။
မန်ယူအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် ပွဲစဉ် (၁၄) အပြီး တွင် ရမှတ် ၂၁ မှတ်ဖြင့် အဆင့် (၇)နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး အာဆင်နယ်အသင်းက ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် အဆင့် (၅) နေရာ တွင် ဆက်လက်ရပ်တည်နေသည်။ ယခုပွဲစဉ်တွင် နှစ်သင်းစလုံး နိုင်ပွဲ ရရှိရေးကို ဦးတည်လာခဲ့ပြီး အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို အာဆင်နယ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၃ မိနစ်တွင် စမစ်ရိုဝီက သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူအသင်းက လည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် ဖာနန်ဒက်စ်က သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မန်ယူအသင်း ကစားအားတက်လာပြီး ပွဲချိန် ၅၂ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ကာ စီရော် နယ်ဒိုက သွင်းယူပေးနိုင်ခဲ့သည်။
သွင်းဂိုး ၈၀၁ ဂိုးမြောက် ရောက်ရှိ
ပွဲချိန် ၅၄ မိနစ်တွင် အာဆင်နယ်အသင်းအတွက် အိုဒီဂတ်က သွင်းယူပေးနိုင်ခဲ့သောကြောင့် တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့သည်။ ပွဲချိန် မိနစ် ၇၀ တွင် မန်ယူအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး စီရော်နယ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ် နိုင်ခဲ့သောကြောင့် မန်ယူအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်ဒိုသည် ယခုပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သော ကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၈၀၁ ဂိုးမြောက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
နည်းပြ ကာရစ် အိုးထရက်ဖို့ဒ်မှ ထွက်ခွာ
ပွဲစဉ်အပြီးတွင် မန်ယူယာယီနည်းပြ ကာရစ်သည် အိုးထရက်ဖို့ဒ်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အိုးထရက် ဖို့ဒ်တွင် ကစားသမားဘဝဖြင့် ၁၂ နှစ်ကြာ ဖြတ်သန်းခဲ့သော ကာရစ် သည် နိုဝင်ဘာ ၂၁ရက်တွင် မန်ယူအသင်းက ဆိုးလ်ရှားကို နည်းပြ အဖြစ်မှ ထုတ်ပယ်လိုက်သောကြောင့် ယာယီနည်းပြ တာဝန်ယူခဲ့ရသူ ဖြစ်သည်။ ၎င်းယာယီနည်းပြ တာဝန်ယူစဉ်အတွင်း ပွဲစဉ်သုံးပွဲကိုင်တွယ် ခဲ့ရာ နှစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျထားသည်။
အောင်ဇော်