
ဆေးဝန်ထမ်းတစ်ဦး
(ယမန်နေ့မှ အဆက်)
ပတ်ဝန်းကျင်နိုင်ငံများရဲ့ မျှော်မှန်းသက်တမ်း
၂၀၂၁ ခုနှစ်အတွင်းမှာရှိတဲ့ အာဆီယံနိုင်ငံတွေ ရဲ့မျှော်မှန်းသက်တမ်းကို ကြည့်မယ်ဆိုရင် စင်ကာပူ နိုင်ငံဟာ မျှော်မှန်းသက်တမ်း ၈၄ ဒသမ ၁ နှစ်နဲ့ အမြင့်ဆုံးဖြစ်တာကို တွေ့ရမှာဖြစ်တယ်။ အဲဒီ နောက်မှာတော့ ထိုင်းနိုင်ငံ ၇၇ ဒသမ ၇ နှစ်၊ မလေး ရှား ၇၆ ဒသမ ၆ နှစ်၊ ဘရူနိုင်း ၇၆ ဒသမ ၃ နှစ်၊ ဗီယက်နမ် ၇၅ ဒသမ ၇ နှစ်၊ အင်ဒိုနီးရှား ၇၂ ဒသမ ၃ နှစ်၊ ဖိလစ်ပိုင် ၇၁ ဒသမ ၆ နှစ်၊ ကမ္ဘောဒီးယား ၇၀ ဒသမ ၅ နှစ်၊ လာအို ၆၈ ဒသမ ၉ နှစ်နဲ့ မြန်မာ နိုင်ငံအနေနဲ့ ၆၇ ဒသမ ၈နှစ်နဲ့အစဉ်လိုက် ရပ်တည် နေတာကို တွေ့ရမှာဖြစ်တယ်။ အခြားသောအိမ်နီးချင်းနိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို ကြည့်လိုက် တဲ့ အခါမှာလည်း တရုတ်နိုင်ငံ ၇၆ ဒသမ ၉ နှစ်၊ အိန္ဒိယနိုင်ငံ ၆၉ ဒသမ ၇ နှစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၇၂ ဒသမ ၆ နှစ် အသီးသီးရှိတာကို တွေ့ရမှာ ဖြစ်တယ်။ ဒီအချက်တွေကို လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ မျှော်မှန်း သက်တမ်း အနိမ့်ဆုံးဖြစ်နေတာကို တွေ့ရှိ ရပါတယ်။
မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းနှင့် ပတ်သက်၍ သိသင့်သော အချက်များ
မြန်မာနိုင်ငံ လူဦးရေတစ်ရပ်လုံးရဲ့ မျှော်မှန်း သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ၆၇ ဒသမ ၈ နှစ် ဖြစ်တာကို တွေ့ရမှာဖြစ်တယ်။ ဒီနေရာမှာ မြန်မာ အမျိုးသားများရဲ့ မျှော်မှန်းသက်တမ်းကတော့ ၆၄ ဒသမ ၇ နှစ်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၇၀ ဒသမ ၈ နှစ်ဖြစ်တာကို တွေ့ရမှာဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၅၀ ပြည့်နှစ်မှာ မျှော်မှန်း သက်တမ်း ၃၃ ဒသမ ၆ နှစ်ပဲ ရှိခဲ့ရာကနေ ၁၉၉၅ ခုနှစ်မှာ ၅၈ ဒသမ ၅ နှစ်၊ ၂၀၀၀ ပြည့်နှစ်မှာ ၆၀ ဒသမ ၁ နှစ်၊ ၂၀၀၅ ခုနှစ်မှာ ၆၁ ဒသမ ၆ နှစ်၊ ၂၀၁၀ ပြည့်နှစ်မှာ ၆၃ ဒသမ ၅ နှစ်၊ ၂၀၁၅ ခုနှစ်မှာ ၆၅ ဒသမ ၈ နှစ်နဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ၆၇ ဒသမ ၂ နှစ်နဲ့ တဖြည်းဖြည်းချင်း တိုးတက်လာတာကို တွေ့ရပါတယ်။
နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းအပေါ် အဓိက သက်ရောက်မှုရှိတဲ့ အချက်တစ်ခုကတော့ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပဲ ဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အရ ပြောမယ် ဆိုရင် မြန်မာနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှု စနစ် အားနည်းတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေတာကို တွေ့ရမှာဖြစ်တယ်။ နိုင်ငံလူဦးရေအများစုဟာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအတွက် ကိုယ်တိုင် ကုန်ကျခံရတဲ့နည်းလမ်း (Out of Pocket Pay-ment) ကိုသာ အလေးထားနေရဆဲဖြစ်တယ်။ နိုင်ငံ လူဦးရေ ၅၅ သန်းရှိတဲ့အထဲက လူဦးရေခြောက်သိန်း ကျော်လောက်သာ ကျန်းမာရေးအာမခံစနစ်ရှိတာ ကို တွေ့ရှိရမှာဖြစ်တယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းပြတ်လပ်မှုကိုလည်း အပြင်းအထန် ကြုံတွေ့နေရတဲ့ နိုင်ငံလည်းဖြစ်တယ်။ ဒီလို ပြတ်လပ်တဲ့နေရာမှာ ဆရာဝန်တစ်ခုတည်း မဟုတ်ဘဲ သူနာပြု၊ ဆေးဝါးကျွမ်းကျင်၊ ဓာတ်ခွဲ ကျွမ်းကျင် အစရှိတဲ့လူသားအရင်းအမြစ်များကပါ လျော့ပါးလာနေတာကို တွေ့ရှိရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဆရာဝန်နဲ့ လူဦးရေအချိုးအစားကို ကြည့်မယ်ဆိုရင်လည်း လူတစ်သိန်းမှာ ဆရာဝန် ၆၁ ဦးပဲရှိတာကိုတွေ့ရမှာဖြစ်တယ်။
ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်အရ ဆိုရင် လူဦးရေတစ်သိန်းမှာ ဆရာဝန် ၁၀၀ ရှိသင့် တယ်လို့ ဆိုထားတာကို တွေ့ရမှာဖြစ်တယ်။ ဒီသတ်မှတ်ချက်အရဆိုရင် မြန်မာနိုင်ငံအနေနဲ့ လုံလောက်တဲ့ ဆရာဝန်အချိုးအစား ရရှိဖို့အတွက် ကြိုးစားရဦးမယ်ဆိုတာကို တွေ့ရှိရမှာဖြစ်တယ်။ စာရင်းဇယားများအရ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းဆေးတက္ကသိုလ် တွေကနေ ဆရာဝန်ပေါင်း သုံးသောင်းကျော် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလို မွေးထုတ်ပေးခဲ့တဲ့ ဆရာဝန်တွေထဲက ၂၀၂၀ ပြည့်နှစ်အထိ ကျန်းမာ ရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူ တစ်သောင်းခွဲကျော်သာရှိတဲ့အတွက် လုပ်ငန်းခွင် ဝင်ရောက်နိုင်မှုအနေနဲ့ ထက်ဝက်ကျော်ခန့်သာ ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ လုပ်ငန်းခွင်ဝင်ရောက် နိုင်မှုမရှိတဲ့ ဆရာဝန်အရေအတွက် များပြားခြင်း ဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ပဲ ဆိုရမှာဖြစ်တယ်။ ဒီလိုလုံလောက်တဲ့ ဆရာဝန်ဦးရေ မရရှိခြင်းဟာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တိုက်ရိုက်သက်ရောက်စေတဲ့အချက်တွေ ဖြစ်ပါ တယ်။
ကျန်းမာရေးစနစ်အနေနဲ့ အားနည်းနေပေမယ့် လည်း အစိုးရအဆက်ဆက်ဟာ တိုးတက်ကောင်းမွန် အောင် ကြိုးစားလာခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ ကျန်းမာရေး အသုံးစရိတ်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ ဂျီဒီပီတစ်ခုလုံးရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၁ ရာခိုင် နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၅ ရာခိုင်နှုန်းအထိ အသီးသီး တိုးတက်လာတာကို တွေ့ရမှာဖြစ်တယ်။ အထူး သဖြင့် အဆိုပါ ကျန်းမာရေးအသုံးစရိတ်တွေကို မိခင်နဲ့ကလေးကျန်းမာရေးကဏ္ဍတွေမှာ တိုးတက် သုံးစွဲခဲ့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်တယ်။ နိုင်ငံ ရဲ့ မျှော်မှန်းသက်တမ်းကို တိုးတက်လာစေဖို့အတွက် အခုလိုဆောင်ရွက်လာတာဟာ ပြည့်စုံကောင်းမွန်ပြီ ဟု မဆိုသာပေမယ့် မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိနေတယ်လို့ တော့ ဆိုရမှာဖြစ်တယ်။
ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာ မှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ နိုင်ငံတကာ ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေပဲဖြစ်တယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးမျှော်မှန်းချက် ၂၀၃၀ (Myanmar Health’s Vision 2030) အတွက် ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်တယ်။ ကမ္ဘာ့ဘဏ်အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ မရှိမဖြစ် သော ကျန်းမာရေးဝန်ဆောင်မှု (Essential Health-care Services Package) အတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ အဲဒီလိုပဲ Japan International Cooperation Agency-JICA နဲ့ Cooperative for Assistance and Relief Everywhere-CARE လို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ကျန်းမာရေးစောင့်ရှောက် မှုစနစ်အတွက် ထောက်ပံ့ကူညီနေတာကို တွေ့ရှိရ မှာဖြစ်တယ်။ ဒါတွေဟာ နိုင်ငံရဲ့မျှော်မှန်းသက်တမ်း အပေါ်ကို သက်ရောက်စေမှာ ဖြစ်တယ်။
နိုင်ငံရဲ့မျှော်မှန်းသက်တမ်းအပေါ် သက်ရောက် စေတဲ့ အခြားအချက်တစ်ခုကတော့ နိုင်ငံအတွင်း မှာရှိတဲ့ လူတွေအနေနဲ့ ဘယ်လိုရောဂါမျိုးတွေနဲ့ သေဆုံးနေကြသလဲ ဆိုတာပဲဖြစ်တယ်။ ယခင်က တော့ မြန်မာလူမျိုးတွေရဲ့ သေဆုံးမှု အကြောင်းရင်း တွေကို ကြည့်မယ်ဆိုရင် ငှက်ဖျား၊ တီဘီ၊ ဝမ်းရောဂါ နဲ့ ခုခံအားကျဆင်းမှုရောဂါတွေဖြစ်တဲ့ ကူးစက် ရောဂါကြောင့် သေဆုံးမှုများခဲ့ကြတာကို တွေ့ရမှာ ဖြစ်တယ်။ အခုအခါမှာတော့ သေဆုံးမှုရဲ့ ၆၈ ရာခိုင် နှုန်းဟာ မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး ရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး သွေးကြောပိတ်ရောဂါနဲ့ ရင်ကျပ်ရောဂါတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံ အနေနဲ့ မျှော်မှန်းသက်တမ်း တိုးတက်လာဖို့အတွက် ဘယ်လို ရောဂါမျိုးတွေကို ထိန်းချုပ်ဆောင်ရွက်ဖို့ သင့်သလဲဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေတာ လည်းဖြစ်တယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ ကပ်ရောဂါဘေး တွေဟာလည်း မျှော်မှန်းသက်တမ်းကို လျော့ကျစေတဲ့အချက်ဖြစ်တယ်ဆိုတာကိုလည်း သိထားရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း သဘာဝဘေးအန္တရာယ် ကြောင့် မျှော်မှန်းသက်တမ်း နိမ့်ကျခဲ့တာကို တွေ့ရှိ ရမှာဖြစ်တယ်။ အခုအချိန်မှာဖြစ်နေတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လည်း လာမယ့်နှစ်တွေမှာ နိုင်ငံအချို့ရဲ့ မျှော်မှန်း သက်တမ်း နိမ့်ကျသွားနိုင်တယ်လို့ ပညာရှင်တွေက အသိပေးပြောဆိုထားကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာ မျှော်မှန်းသက်တမ်း အနိမ့်ဆုံးနိုင်ငံဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတဲ့ အချိန်ကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနွံထဲကို နစ်ခဲ့ခြင်းပဲဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားနေခဲ့တဲ့ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် လူငယ်လူရွယ်များ အချိန် မတိုင်မီ သေဆုံးရမှု၊ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်တွေမှာ အားနည်းလာခြင်း ကြောင့် နိုင်ငံရဲ့မျှော်မှန်းသက်တမ်းဟာ တိုးတက် သင့်သလောက် မတိုးတက်တာကို တွေ့ရမှာဖြစ်တယ်။
ဒီလိုမျိုး နှစ်ပေါင်း ၅၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေခဲ့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မျှော်မှန်းသက်တမ်းဟာ ဖြည်းဖြည်းမှန်မှန် တိုးတက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလိုဖြစ်ရ ခြင်းရဲ့ အကြောင်းတွေထဲက တစ်ခုကတော့ ဆင်းရဲ မွဲတေမှုတွေ လျော့ပါးလာတဲ့အတွက်ပဲဖြစ်တယ်။ ဆင်းရဲမွဲတေမှုအနေနဲ့ ၂၀၀၅ ခုနှစ်မှာ လူဦးရေရဲ့ ၄၈ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် မှာ ရှိခဲ့ပေမယ့် ၂၀၁၇ အရောက်မှာတော့ လူဦးရေရဲ့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိတော့တာကို တွေ့ရပါ တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအဆက်ဆက်ဟာ ကျန်းမာရေးအသုံးစရိတ်တွေကို တိုးတက်ဖြန့်ခွဲ ပေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဆွေ နိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျှော့ချဖို့အတွက် ထောက်ပံ့ကူညီခဲ့ကြတာကို တွေ့ရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ကမ္ဘာ့ဘဏ်က ၂၀၁၇ ခုနှစ်မှာ နိုင်ငံအတွင်း စီးပွားရေးတည်ငြိမ် ဖို့အတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ခဲ့တာကို တွေ့ရှိရမှာဖြစ်သလို တရုတ်နိုင်ငံကလည်း ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုလျော့ပါးရေး အတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ် ခြင်း၊ အသက်မွေးမှုပညာရပ်များ သင်ကြားပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့တာတွေလည်း တွေ့ရှိရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် ဆင်းရဲ မွဲတေမှု လျော့ပါးလာပြီး နိုင်ငံရဲ့မျှော်မှန်းသက်တမ်း ကို တိုးတက်လာစေမှာဖြစ်တယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments