ပီတိဖြစ်ခဲ့ရပါသော ကုသိုလ်လေးတစ်ခု

Type
1

 

တင်ဝင်းလေး(ကြည့်မြင်တိုင်)

 

ပရိတ်ကြီး(၁၁)သုတ်မှ မင်္ဂလသုတ်၌ “ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ”ဟုပါရှိသည်။  အဓိပ္ပာယ်မှာ ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည် မင်္ဂလာမည်၏ ဆိုပါသည်။ ဤသို့ဆိုရသော်  မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်က  ကောင်းမြတ် သော   မင်္ဂလာတစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။  အဖွဲ့ဝင်အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးသတင်းထောက်ကြီး ၁၆ ဦးတို့အား စတုတ္ထအကြိမ်မြောက် ဂါရဝပြုကန်တော့ပွဲကို စမ်း‌ချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား သန္တိသုခဓမ္မာရုံအတွင်း  အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။

 

ဂါရဝပြုကန်တော့ပွဲ


ဂါရဝပြုကန်တော့ပွဲကို ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉  ခုနှစ်များက  သုံးနှစ်ဆက်တိုက်ပင် လုပ်ဆောင်နိုင် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်  ကိုဗစ်- ၁၉ ဝေဒနာဆိုး ကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။  ပူဇော်ပွဲရပ်ဆိုင်း ထားခဲ့ရသော်ငြား ကန်တော့ခံသတင်းထောက်ကြီးများ၏အသက်ကိုကား ရပ်တန့်စေခြင်း မတတ်နိုင်ခဲ့ ပေ။   မွေးရက်တစ်ခါရောက်လာတိုင်း   အသက် တစ်နှစ်ပို၍   ကြီးသွားကြပြီဖြစ်သည်။  ပို၍ပို၍  အိုမင်းသွားကြပြီဖြစ်သည်။ ကျန်းမာရေးကလည်း  ယိုင်နဲ့လာခဲ့ကြပြီကို   တွေ့နေရပြီဖြစ်သည်။    သုံးခွ မြို့နယ်မှ သက်တော်ရှည်သတင်းထောက်ကြီး အဘ ဦးဆိုက်ကျင်    အသက်  ၁၀၀ ပြည့်သည့်နှစ် ၂၀၂၀ ပြည့်နှစ်တွင်  ကန်တော့ပွဲကို  ပိုမိုစည်စည်ကားကား ပြုလုပ်ကြမည်ဟု  အားခဲထားကြသည်။  ကိုဗစ် ကာလကြီးနှင့်ကြုံကြိုက်လာသည့်အတွက် ပွဲပျက် ခဲ့ရသည်။ ယခုအသက် ၁၀၁  နှစ်ကျော်၍   ၁၀၂  နှစ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

 


နောင်နှစ်ဆိုသောအချိန်ကာလ၌ မည်သူမည်ဝါ အကောင်းပကတိ     ကျန်းမာစွာရှိနေနိုင်ပါသေး သည်ဟု  ဘယ်သူက  အာမခံချက်ပေးမည်နည်း။ သို့အတွက် ဂါရဝပြုကန်တော့ပွဲကို  သည်နှစ်တွင် မဖြစ်မနေ ပြုလုပ်ရန်  စိုင်းပြင်းခဲ့ကြသည်။ မြန်မာ့ အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူများ၊    ပြင်ပ မှ စေတနာဖြင့်  ပါဝင်လှူဒါန်းသူများ၊   အဖွဲ့ဝင် မြို့နယ် သတင်းထောက်များ၏    ထည့်ဝင်လှူဒါန်းမှု တို့ ကြောင့်     ပွဲလေးကို    လှလှပပ  အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ကန်တော့ခံ မြို့နယ်သတင်းထောက်ကြီး ၁၆ ဦးကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီဖြင့် ကန်တော့ နိုင်ခဲ့ကြသည်။  ရန်ကုန်မှ   ကန်တော့ခံပုဂ္ဂိုလ်တို့အား  အခြား‌သောပစ္စည်းများနှင့်အတူ ကိုယ်တိုင်ရေးသူတို့ ၏ စာအုပ်များကိုပါ  လက်ဆောင်ပေးဂါရဝပြုနိုင်ခဲ့ကြသည်။

 


သို့သော်   ကိုဗစ် - ၁၉    သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ကျင်းပရခြင်းဖြစ်၍  ရန်ကုန်မြို့မှ ကန်တော့ခံရှစ်ဦးနှင့် အဖွဲ့ဝင်များကိုသာ ကန့်သတ် ဖိတ်ကြားမှုပြုလုပ်နိုင်ခဲ့သည်။ နယ်မှကန်တော့ခံသတင်းထောက်ကြီးများကိုမူ            ငွေလွှဲဖြင့်သာ ကန်တော့ရသည့်အတွက်  များစွာ စိတ်မကောင်းကြီး စွာ   ဖြစ်ခဲ့ရသည်ကအမှန်ပင်။   မြန်မာ့အလင်း သတင်းစာတိုက်တွင်    တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားခဲ့ကြသော   စာတည်းမှူးချုပ်၊ စာတည်းမှူး၊ သတင်းထောက်ချုပ်တို့ တက်ရောက် ချီးမြှင့်အားပေးခဲ့ကြသည်။  နယ်မှ  အချို့သော သတင်းထောက်များကလည်း  ရောက်ဖြစ်အောင် ရောက်လာခဲ့ကြသည်။ အခြားသော သတင်းဌာန တို့မှ  သတင်းရေးဖော်ရေးဘက် မိတ်ဆွေအချို့ကပါ    တက်ရောက်လှူဒါန်းမှုများ ပြုခဲ့ကြသည်။

 


ကန်တော့ခံသတင်းထောက်ကြီးများ


သို့သော်     ရန်ကုန်မှ      ဖိတ်ကြားထားသူ ကန်တော့ခံသတင်းထောက်ကြီး  ရှစ်ဦးမှ  အဘ ဦးသန်းမောင်(ရန်ကင်း)၊ အဘဦးစိန်ရွှေ(မ/ ဒဂုံ) အဘဦးမြတ်စိုး(လှိုင်)၊    အဘ  ဦးနိုင်ဦး(မ/ဒဂုံ)၊ တို့လေးဦးသာ အခမ်းအနားသို့ ကြွရောက်လာနိုင် ခဲ့သည်။  

 

 ကျန်လေးဦးကား        အခမ်းအနား တက်ရောက်လာနိုင်ခြင်း   မရှိခဲ့ပေ။   ၎င်းတို့၏   ဇရာနှင့်  ကျန်းမာရေးက  တက်ရောက်ခြင်းကို ဟန့်တားလာခဲ့ပေပြီ။ ခန္ဓာကိုယ်ကြီးက အရောက် မလာနိုင်ကြသော်လည်း   သူတို့၏စိတ်သည်ကား အခမ်းအနားအတွင်းသို့    အခြားသောသူတို့ထက် စောစီးစွာ  ရောက်နှင့်နေသည်ဟု   မိမိစိတ်ထဲဝယ်    ထင်နေမိခဲ့သည်။

 


အခမ်းအနားတွင်  အဖွဲ့ကိုစတင်တည်ထောင်သူ ဆရာဦးရဲမြင့်ဖေ၏မုဒိတာစကားက လုပ်ကိုင်နေသူ တို့အတွက် အားဆေးများဖြစ်ခဲ့သည်။ ကန်တော့ခံ သက်ကြီး   ဦးမြတ်စိုး(လှိုင်)နှင့်   ဦးစိန်ရွှေ(မ/ဒဂုံ)တို့၏ ဩဝါဒစကားတို့က   ကုသိုလ်စိတ်များပို၍ တိုးပွားစေခဲ့သည်။  ဝမ်းသာပီတိတွေဖြစ်ခဲ့ရသည်။ အခမ်းအနားအပြီး     ထမင်းလက်ဆုံစားရသည်မှာ မြိန်လွန်းလှသည်။  

 

အခမ်းအနားကျင်းပ‌ခွင့်ပေးခဲ့‌ သည့်  ကိုးထပ်ကြီးဂေါပကအဖွဲ့နှင့် လုပ်အားပေး ခဲ့ကြသည့်    ဝန်ထမ်းများကိုလည်း    အထူးပင် ကျေးဇူးတွေတင်မိပါ၏။  အခမ်းအနားပြီးသည်နှင့် နာရီမဆိုင်း   ရန်ကုန်မှ   အဝေးဆုံးမြို့နယ်များရှိ ဥက္ကဋ္ဌ အဘ ဦးစိုးဝင်း(ကျောက်တန်း)၊ သက်တော် ရှည်   အဘဦးဆိုက်ကျင်(သုံးခွ)တို့   နေထိုင်ရာ အိမ်များဆီသို့ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း၊ အတွင်း ရေးမှူး ဦးတင်ဝင်း(ကြည့်မြင်တိုင်)၊ တွဲဖက်အတွင်း ရေးမှူး   ဦးသိမ်းစိုး  (ကိုကြီးစိုး/ဒဂုံ-ဆိပ်ကမ်း)၊  အဖွဲ့ဝင် ဦးကျော်ဆန်း(သုံးခွ)နှင့်အတူ သွားရောက် ကန်တော့ခဲ့ကြသည်။
အဘဦးစိုးဝင်းအိမ်      ရောက်ရောက်ချင်းပင်  အမောပြေ    အအေးအချိုရည်တို့ဖြင့်   ဆီးကြို ဧည့်ခံသည်။   ဝမ်းသာစကားတွေ  တစ်လှေကြီး နားထောင် ခဲ့ရသည်။           ကျောင်းဆရာကြီးလုပ်ခဲ့ဖူးသူမို့ ကန်တော့သည့်အချိန်၌ ပြောခဲ့သည့်ဆုပေးစကား များက  တိုက်ကျွေးခဲ့သည့်  အအေးများထက်ပင်  ရင်ကိုပို၍အေးမြစေခဲ့သည်။ အပြန်တွင် ဒေသထွက် မုန့်များပင်  လက်ဆောင်ပါးခဲ့သည်။

 


သုံးခွမြို့နယ်ရှိ     အဘဦးဆိုက်ကျင်အိမ်ရှေ့ တွင်  အဘ၏  သားကြီးဦးကြည်စိုးလွင် စောင့်ကြို နေသည်။     အဘဦးဆိုက်ကျင်က    သူ့ဘာသာသူ တစ်ဦးတည်း   မတ်တတ်ရပ်နိုင်စွမ်း  မရှိတော့ပေ။      စတီးထောက်ကို  လက်ကိုင်အ‌ဖော်ပြုနေရပြီဖြစ် သည်။ အကြားအာရုံများလည်း မကောင်းတော့ပေ။ သတိအသိ‌တော့ဖြင့် ရှိ‌နေသည်။ အဖွဲ့မှ နှုတ်ဆက်မှု ကို   ပြန်‌ပြောနှုတ်ဆက်နိုင်ခဲ့သည်။   ကျန်းမာရေး ကောင်းလျက်ရှိနေသည်။ ကန်တော့ကြသူများကို ဆုတွေ အရှည်ကြီးပေးခဲ့သည်။
လာကန်တော့သူများကို အိတ်က‌‌လေးအတွင်း မှထုတ်၍ မုန့်ဖိုး‌လေးတွေပေးလာသည်။ လက်ဖြန့် ယူကြတော့ ဟိုးယခင် ခေတ်က ထုတ်ထားသည့်  အကြွေစေ့များနှင့် တစ်ကျပ်တန် အသစ်လေးများ     ဖြစ်နေသည်။   အားလုံးပြုံးခဲ့ကြရသည်။  မှတ်မှတ် ရရသိမ်းထားဖို့ဖြစ်လာခဲ့သည်။

 


သတင်းထောက်လောကတွင် ဤကဲ့သို့ အသက် ၁၀၀ ကျော်ရှိနေသူ  တစ်ဦးတစ်ယောက်မျှ   မရှိ၊ ထိုသို့သော အသက်ရာကျော် သတင်းထောက်ကြီး တစ်ဦး  သက်ရှိထင်ရှားရှိနေခြင်းမှာ  သတင်းစာ လောကအတွက် ဂုဏ်ယူစရာတစ်ရပ်ပင်ဖြစ်သည်။ ထို့ထက်ဆိုရသော်      မြန်မာ့အလင်းသတင်းစာ မြို့ နယ်သတင်း‌ထောက်များ လူမှုကူညီရေးအဖွဲ့တွင်  ရှိနေခြင်းက    အဖွဲ့အတွက်    ဂုဏ်ဒြပ်တစ်ခုဟု မှတ်ယူမိခဲ့သည်။

 

ဤကဲ့သို့သော သတင်းထောက်ကြီးတစ်ဦးအားကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီမိုးကန်တော့ရခြင်း ကုသိုလ်ကား  ဘယ်ကဲ့သို့သော  ကုသိုလ်မျိုးနှင့်မျှ မတူနိုင်ဟု  ယုံကြည်မိခဲ့သည်။

 


အဘဦးဆိုက်ကျင်၏  အိမ်ရောက်မှ အဘ၏ ငယ်ဘဝလှုပ်ရှားမှုပုံရိပ်များကို  မြင်တွေ့ ကြားသိ ခဲ့ရသည်။   ဦးဆိုက်ကျင်ကို အဖ    ဦးဖိုးရှမ်း၊   အမိ ဒေါ်ဖွားခင်တို့မှ   မြန်မာသက္ကရာဇ်  ၁၂၈၁ ခုနှစ် တန်ခူး‌လဆန်း ၁ ရက်တွင် သုံးခွမြို့နယ်၌ ဖွားမြင် ခဲ့သည်။  မွေးချင်းမောင်နှမ   ရှစ်ယောက်အနက် အငယ်ဆုံးသား   ဖြစ်ခဲ့သည်။    ရန်ကုန်မြို့  မြို့မ ကျောင်းတွင်  သတ္တမတန်းအထိ  ပညာသင်ကြား ခဲ့သည်။

 


ငယ်စဉ်ကပင်  ပရဟိတလူမှုရေးလုပ်ငန်းများအပေါ်စိတ်ဝင်စားခဲ့သည်။ စာဖတ်ခြင်းကို ကြိုက်နှစ် သက်ခဲ့သည်။  ဘာသာရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

 


ဂျပန်ခေတ်၌  တော်လှန်ရေးလူငယ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ အင်္ဂလိပ်ခေတ် ရေနံမြေ သခင်ဖိုးလှကြီးသပိတ်တွင်      အလံကိုင်အဖြစ် လည်းကောင်း၊ မီးတုတ်ကိုင်အဖြစ် လည်းကောင်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထိုခေတ်က ဝိုင်အမ်ဘီအေ  အသင်းတွင်လည်းကောင်း၊      မြို့မကျောင်းသား ဟောင်းများအဖွဲ့တွင်   လည်းကောင်း၊   ဗိုလ်ချုပ် အောင်ဆန်းဖွဲ့စည်းခဲ့သော  စစ်သင်တန်းများတွင် လည်းကောင်း ပါဝင်ခဲ့ဖူးသူတစ်ဦးဟုသိခဲ့ရသည်။

 


အဘ၏မှတ်တမ်းများအရ   ရှေးခေတ်က  ထွက်ရှိ ခဲ့သော ဗမာ့ခေတ်၊ ရန်ကုန်၊ ဟံသာဝတီ၊ နိုင်ငံသစ်၊ သံတော်ဆင့်၊ လုပ်သား၊ ဗိုလ်တ‌ထောင်သတင်းစာ များတွင်   ကော်လံစားသတင်းထောက်တစ်ဦးအဖြစ်  သတင်းများ   ရေးသားခဲ့သည့်အပြင်   ယနေ့တိုင် ခိုင်ခိုင်မြဲမြဲထွက်ရှိလျက်ရှိနေသေးသည့်    မြန်မာ့ အလင်း၊     ကြေးမုံသတင်းစာများ    ရှေ့ဦးပိုင်း၌‌ ကော်လံစားသတင်းထောက်အပြင်  သတင်းစာ     ကိုယ်စားလှယ်အဖြစ်     သတင်းစာတိုက်တို့၏ အကျိုးကိုပါ   ထမ်းဆောင်လာခဲ့သူတစ်ဦးလည်း ဖြစ်ပေသည်။

 


အသက်ရာကျော်ရှည်သည့်အပြင်  ယနေ့တိုင် မျက်မှန်အကူမပါဘဲ  စာ‌ကိုကောင်းကောင်းဖတ်နိုင်‌ နေဆဲဖြစ်သည်။  ရှေးဘဝက သီလကောင်းခြင်းတို့၏ အကျိုးကို အားကျဖွယ်ပင်။

 


 မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့


မြန်မာ့အလင်းသတင်းစာ    မြို့နယ်သတင်း ထောက်များ လူမှုကူညီရေးအဖွဲ့ကို ၂၀၀၈  ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင်   မြန်မာ့အလင်းသတင်းစာ စာတည်းမှူးချုပ်(ငြိမ်း)ဆရာဦးရဲမြင့်ဖေက စတင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။  ယခုဆိုသော် ၁၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။    အဖွဲ့ဝင်   အင်အားမှာ  လည်း ၁၀၀ နီးပါးအထိ  တိုးတက်လာခဲ့ပြီး ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဖွဲ့အစည်းမှတ်ပုံတင်ကိုလည်းရယူနိုင်ခဲ့ပြီဖြစ်သည်။     အဖွဲ့    မှတ်ပုံတင်မှာ  ၁/  ပြည်တွင်း/၀၆၈၃( ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်)ဖြစ် သည်။  စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက် တွေ ကောင်းခဲ့သည်။    သတင်းစာ၏  တန်ဖိုးကို အလေးထားကြသူများ၊    သတင်းများအပေါ် အမြဲ အာရုံပြု၍ ရေးသားနေကြသူများ၊ ဝါသနာကိုအရင်း ခံ၍ ကော်လံစား မြို့နယ်သတင်းထောက် ဘဝကို  ခုံမင်လက်ခံထားကြသူများ၊ မြို့နယ်သတင်း‌ထောက် အချင်းချင်း    ချစ်ကြည်ရင်းနှီးစွာ    ရှိနိုင်စေရေး၊ တစ်ဦးနှင့်တစ်ဦး     အပြန်အလှန်   အကူအညီပြု နိုင်ရေး၊ အဓိကအားဖြင့်    ကျန်းမာရေးနှင့်နာရေး ကိစ္စရပ်တို့တွင်      စုပေါင်းကူညီထောက်ပံ့နိုင်ရေးအတွက်       ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းပင်    ဖြစ်ပါ သည်။

 


နှစ်စဉ် စုံညီအစည်းအဝေးများကို ကျင်းပနိုင်ခဲ့ သည့်အပြင် အဖွဲ့ဝင်တစ်ဦး ဆေးရုံတက်‌ရောက်ကုသ မှုခံယူနေရပါက ငွေကျပ် ၁၀၀၀၀၀၊ အဖွဲ့ဝင်တစ်ဦး ကွယ်လွန်သွားပါက ငွေကျပ် ၁၅၀၀၀၀၊  အဖွဲ့ဝင် တစ်ဦး၏  ဇနီး၊ ခင်ပွန်းကွယ်လွန်ပါက ငွေကျပ် ၇၅၀၀၀ ကို ကာယကံရှင်တို့၏ လက်ဝယ်‌သို့ အမြန် ဆုံးရောက်အောင် ပေး‌ဆောင်နိုင်ခဲ့သည်။   သတင်း စာတိုက်မှ တာဝန်ရှိသူများ၏ စောင့်‌ရှောက်ကူညီမှု၊ အဖွဲ့ ဝင်အချင်းချင်း စည်းလုံးညီညွတ်မှု၊အဖွဲ့ဝင်တို့၏  နှစ်စဉ်ကြေးထည့်ဝင်မှု၊     ပြင်ပအလှူရှင်များက  စေတနာတရားထက်သန်စွာ  ပါဝင်လှူဒါန်းမှုတို့ ကြောင့် ယခုကဲ့သို့ ၁၃ နှစ်တိုင်ခိုင်မြဲစွာ ရပ်တည် နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း      မှတ်တမ်းတင်၍ ဖော်ပြလိုက်ရပါသည်။     ။