
သွင်လန်း
ယခုရက်ပိုင်းအတွင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ရာတွင်ပါဝင်သည့် တရားခံများနှင့် လုယက်သွားသည့် ငွေများအား လုယက်သည့်နေ့ညပိုင်းနှင့် နောက်တစ်နေ့တွင် ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် တွေ့ရပါသည်။ ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့၏ လောင်းကစားပြုလုပ်ခြင်းအတွက် ငွေကြေးလိုအပ်ချက်အရ ဘဏ်လုယက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု သတင်းတွေမှာ ဖော်ပြပါရှိသည်။
လောင်းကစားကြောင့်ဒုက္ခရောက်သူများ
ယခုလို ဒုစရိုက်ကျူးလွန်သူများသည် လုပ်စား ကိုင်စားအဆင်မပြေ၍ စားစရာမရှိ ဆင်းရဲငတ်ပြတ် ၍ ကြံစည်ခြင်းမဟုတ်ဘဲ လောင်းကစားမှုတွင် ငွေကုန်သွား၍ ငွေလို၍ကြံမိကြံရာ ကြံကြသည်က ပိုများမည်ထင်ပါသည်။ စာရေးသူ၏ ၆၅ နှစ်ကျော် သက်တမ်းတစ်လျှောက် လောင်းကစား အလွန် အကျူး ခုံမင်သူ အများအပြား ကြုံခဲ့ဖူးသော်လည်း လောင်းကစားလုပ်၍ ကြီးပွားသွားသူ၊ အနေအစား ချောင်သူဟူ၍ တစ်ဦးတလေမှ မကြုံခဲ့ဖူးပါချေ။ လောင်းကစားဖြင့် မွဲပြာကျသူ၊ အတိဒုက္ခရောက်သူ၊ ရှိပြီးသား စည်းစိမ်ဥစ္စာယုတ်လျော့ ပျောက်ပျက် သူများကိုသာ တွေ့ခဲ့ဖူးပါသည်။ အနီးစပ်ဆုံး လောင်းကစားဝါသနာရှင်ကား စာရေးသူ၏ အစ်ကို ကြီးပင်ဖြစ်သည်။ အစ်ကိုကြီးသည် လူပျိုကြီး တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပြီး အစိုးရဌာန တစ်ခုမှ လစာနည်းဝန်ထမ်းဖြစ်သည်။ နှစ်လုံး သုံးလုံး စသည့် ချဲထီနှင့် ဘောလုံးပွဲလောင်းသည့် ဝါသနာအတော်ကြီးသည်။ သူ့မြို့တွင် နှစ်လုံး သုံးလုံး ခန့်မှန်းရာ၌ အတော်အတန် နာမည်ကြီး သည်။ မနက်လင်းလျှင် သူနှင့်ချဲထီထိုးဖော် ထိုးဖက် များနှင့် ဘာတစ်လုံးကောင်းသည် ဘယ်ဂဏန်းလှ သည် စသည်ဖြင့် ဖုန်းတစ်လုံးနှင့် အမြင်ချင်း ဖလှယ်ကြသည်။ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးက နှိပ်စက်သဖြင့် အစ်ကိုကြီးသည် တစ်ယောက်တည်း နေရင်း အကြွေးမကြာခဏတင်သည်။ တစ်ခါတစ်ရံ လေးငါးသိန်းအထိ အကြွေးတင်လာပြီးနောက် တစ်ကြိမ်လောက်ချဲပေါက်လိုက်လျှင် ထိုအကြွေး ကျေသွားသည်။ သို့သော် ဆက်ထိုးတော့ ဆက် အကြွေးတင်ပြန်သည်၊၊ ဤသို့ဖြင့် ကြွေးတင်လိုက် ပြန်ကျေလိုက်ကနေ ကြာလာတော့ အကြွေးက လည်ပင်းခိုက်လာသည်၊၊ ညီမဖြစ်သူက မကြာခဏ အကြွေးဆပ်ပေးရသည်၊၊
သူ့မြို့က ချဲထိုးသူများကြားတွင် ဆရာကြီး တစ်ဆူသဖွယ် ဆရာလုပ်နေသော အစ်ကိုကြီးမှာ အသက် ၆၆ နှစ်တွင် ကွယ်လွန်သွားချိန်အထိ တစ်သက်လုံး ကောင်းကောင်း မစားရ၊ ဆေးလည်း ကောင်းကောင်းမကုရ၊ လူမွေးလူတောင်မပြောင်ဘဲ ကွယ်လွန်သွားရသည်၊၊ နောက်ထပ်လောင်းကစား ကြောင့် ဘဝပျက်ရသူ မိတ်ဆွေတစ်ဦး တွေ့ဖူးသည်၊၊ ကိုဂျော်လီဆိုသူမိတ်ဆွေတစ်ဦးသည် နိုင်ငံခြားနှင့် သစ်အရောင်းအဝယ်လုပ်ရာက အတော်အတန် ကြီးပွားခဲ့သည်၊၊ သို့ရာတွင် မိမိမကျွမ်းကျင်သော လေးကောင်ဂျင်ဝိုင်းတွင် ဝင်ကစားမိရာက တစ်ရက်နှစ်ရက်အတွင်း ကျောက်မြောင်းရှိ မြေညီ ထပ်တိုက်ခန်းနှင့် စူပါဆလွန်းကားတစ်စီး ဂျင် ကစားရာမှရှုံးသဖြင့် မတန်မဆဈေးဖြင့် ရောင်း လိုက်ရသည်၊၊ အိမ်ပိုင်မှအိမ်ငှားဖြစ်ပြီး ကားစီး နေရာမှ ဆိုက်ကားစီးရသူ ဖြစ်သွားသည်၊၊
မောင်ကျော်အမည်ရှိ စာရေးသူ သူငယ်ချင်း တစ်ယောက်ကား ဗီဒီယို ရိုက်ကူးရေး ပိုင်ရှင်တစ်ဦး ဖြစ်သည်၊၊ သူနှင့်စာရေးသူတို့ ရခိုင်ပြည်နယ် မြို့တစ်မြို့သို့ ဗီဒီယိုရိုက်ကူးရေးအတွက် သွားရောက်ခဲ့ကြရာ ၎င်းမြို့တွင် မောင်ကျော် အပြင်းဖျားသဖြင့် ကျန်းမာရေးဆရာမအိမ်တွင် ဆေးကုသခံနေရ၏။ မူလက စကားနည်းသည့် မောင်ကျော်သည် စကားတစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်ခေါင်းခါသာပြု၏။ အိမ်ရှင်များက ဆိုလျှင် “မောင်ကျော် စကားပြောတတ်ရဲ့လား” ဟုပင် မေးကြ၏၊၊ တစ်နေ့တော့ အိမ်ရှင်၏ တူလေးက ကြက်ဖတစ်ကောင်ကိုပိုက်၍ အိမ်ပြန် လာရာ မောင်ကျော်က ကြက်ကိုလက်ညှိုးထိုးပြရင်း စာရေးသူဘက်လှည့်ကာ “အဲဒီကြက်ပေါ့ ဟိုဘက် ရွာသွားတိုက်တာ ငါးထောင်တောင်နိုင်လာတယ် တဲ့”ဟု အားရဝမ်းသာ ပြောလိုက်လေရာ သူနာပြု ဆရာမနှင့် အိမ်သားအားလုံး ဝမ်းသာအားရနှင့် “ဟာ…မောင်ကျော်စကားပြောပြီဟေ့၊ မောင်ကျော် စကားပြောတတ်သားပဲ၊ သူဝါသနာပါတဲ့ ကြက် တိုက်တဲ့အကြောင်းလည်းကြားရော စကားထပြော တော့တာပဲ”ဟု ပြောပြောပြီး ရယ်ကြပါတော့သည်၊၊
နှစ်လုံး သုံးလုံး ဘောလုံးလောင်းကစား သာမက ကြက်တိုက် ကြက်လောင်း ဝါသနာပါသူ မောင်ကျော်လို ကြက်သမားများကား မိမိတို့ လောင်းကစားအတွက် တိရစ္ဆာန်ကိုလည်း ညှဉ်းဆဲ ကြလေသည်၊၊ ခဏခဏရှုံးသော ကြက်ကို ချက်ချင်း ရိုက်သတ်တာမျိုးလည်း ကြုံဖူးခဲ့ပါသည်။
ဒိုင်ဘက်က နိုင်ခြေပိုများ
စာရေးသူ သုံးသပ်မိသလို ပြောရလျှင် နှစ်လုံး သုံးလုံး ချဲထီလောင်းကစားတွင် ထိုးသားဘက်က ပေါက်နိုင်ခြေအချိုးအဆနည်းပြီး ဒိုင်ဘက်က နိုင်ခြေပိုများသည်ဟု ထင်ပါသည်။ နှစ်လုံးသုံးလုံး ချဲထီ ကစားသူများနှင့် ပတ်သက်၍ စာရေးသူ သူငယ်ချင်းနှင့် ရင်းနှီးသူ သံဃာတစ်ပါးက ၎င်း၏ တရားပွဲကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ပေးရန် အလုပ်လာအပ်လာသဖြင့် ဦးဇင်းခေါ်ဆောင်ရာ နောက်သို့ ရိုက်ကူးရေးအဖွဲ့နှင့်အတူ လိုက်သွားခဲ့ သည်။ ရန်ကုန်မြို့က မြို့နယ်တစ်ခုတွင် အိမ်ကြီး တစ်အိမ်အပေါ်ထပ်၌ ဦးဇင်းလေး၏ တရားပွဲကျင်းပ သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တရားဟောပုဂ္ဂိုလ် ဖြစ်နေသည်ကို အံ့ဩမိသလို ဦးဇင်းဟောမည့် တရားကိုလည်း စိတ်ဝင်စားမိသည်။ တရားပွဲစလျှင် ဦးဇင်းဟောသည့်တရားက ဘာမှထူးထူးခြားခြား မရှိ။ အနန္တောအနန္တငါးပါး၊ ငါးပါးသီလ၊ ရတနာ သုံးပါး၊ သစ္စာလေးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့် ငါးပါး စသည်ဖြင့် ဦးဇင်းဟောကြားချိန်တွင် တရား ပရိသတ်က စာရွက်ပေါ်တွင် ၅၊ ၃၊ ၄၊ ၁၅၊ ၈ စသည် ဖြင့် ကိန်းဂဏန်းများပျာပျာသလဲ လိုက်မှတ်ကြ သည်ကိုတွေ့ရသဖြင့် ယင်းသို့မှတ်သားနေကြသည် ကိုလည်း ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးပေးလိုက်သည်။
တဖြည်းဖြည်းနှင့် ဦးဇင်း၏ တရားပွဲ မှာ နိဗ္ဗာန်ရောက်ကြောင်း တရားလည်း မဟုတ်၊ ဝိပဿနာအလုပ်ပေး တရားလည်းမဟုတ်၊ နှစ်လုံး ထီ သုံးလုံးထီ ဂဏန်းပေးသည့် ချဲတရားပွဲဖြစ် ကြောင်း ရိပ်စားသိရှိလာရသည်။ ထိုအချိန်မှစ၍ အရှင်သဲနီအမည်ရ ထိုဦးဇင်းသည် နှစ်လုံး သုံးလုံး အသည်းအသန်ထိုးသူများ၏ ကိုးကွယ်ရာတစ်ဆူ ဖြစ်ကြောင်း သိရှိလာရသည်။ ဦးဇင်းဟောသည့် တရားထဲက ဂဏန်းတွေကို အတိတ်ကောက်၍ ချဲထီထိုးသူများထဲမှ အကြောင်းတိုက်ဆိုင်၍ ချဲထီ နှစ်လုံးထီပေါက်သူများလည်း ရှိသည်ဟု ဆိုသည်။
တစ်ခါက ဦးဇင်းက အချိုရည်ပုလင်းတစ်လုံးကို စားပွဲပေါ်တင်လိုက်ရာ အချိုရည်ပုလင်းတွင် ပါရိုး ပါစဉ် 285ml ဆိုသော ဂဏန်းကို သတိထား မိလိုက်သူများက မှတ်ထားပြီး ၎င်းဂဏန်းဖြင့် သုံးလုံးထိုးကြသည်။ တိုက်ဆိုင်၍ပင်ဖြစ်ပါလိမ့်မည်။ ၎င်းရက်ပိုင်းတွင်၂၈၅ ဖြင့် သုံးလုံးထီထွက်လာသဖြင့် ဦးဇင်းတပည့်တချို့ ငွေရလိုက်ကြပြီး ဦးဇင်းလည်း နာမည်ကြီးသွားခဲ့သည်။ နောက်ပိုင်းတွင် သက်ဆိုင် ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းများက သတင်းရယူ စုံစမ်းမှုများရှိလာ၍ဟုဆိုကာ ဦးဇင်း က လူထွက်လိုက်သည်။
လူဝတ်ကြောင်နှင့်လည်း ကိုသဲနီက တရားပွဲ တွေ ဆက်ဟောသည်။ ပရိသတ်မှာ အနည်းငယ်သာ လျော့သွားသည်။ ကိုသဲနီတစ်ယောက် အိမ်ထောင် ရက်သားကျပြီးနောက်တွင်လည်း တရားပွဲကရှိဆဲ၊ ပရိသတ်ကရှိဆဲပင်ဖြစ်သည်။ စာရေးသူတို့နှင့် နှစ်ပေါက်အောင် အဆက်ပြတ်နေရာမှ ကိုသဲနီ သမီးလေးမွေးထား၍ ထိုသမီးလေး၏ တစ်နှစ်ပြည့် မွေးနေ့ကို မြို့နယ်ခန်းမတစ်ခု၌ ကျင်းပမည်ဖြစ် သဖြင့် မွေးနေ့ပွဲကို ဗီဒီယိုရိုက်ကူးပေးရန် ဆက်သွယ်လာ၍ ထိုခန်းမသို့ ရိုက်ကူးရေးအဖွဲ့နှင့် အတူ သွားရောက်ခဲ့သည်။ ဆရာသဲနီ၏ တပည့်များ ခန်းမအပြည့် လာရောက်ကြသည်။ မွေးနေ့ပွဲတွင် စင်တင်တေးဂီတပါရှိပြီး ခန်းမမှတေးသံရှင်များ တစ်ယောက်ပြီးတစ်ယောက် ဖျော်ဖြေသီဆိုကြ သည်။ ကိုသဲနီက “အခုချိန်ကစပြီး တေးသံရှင် ကြယ်စင်က မိုးကောင်းကင်သီချင်းကို သီဆိုပါလိမ့် မယ်”ဟု ကြေညာလိုက်လျှင် ပရိသတ်ကြီးက ကြယ်စင်နှင့် မိုးကောင်းကင်စကားလုံးကို လိုက်လံ မှတ်သားပြီး အတိတ်ကောက်ကြသည်။ တစ်ဖန် ကိုသဲနီက “ခုတစ်ခါမှာတော့တေးသံရှင် ကလျာက ပန်းစံအိမ်သီချင်းကိုသီဆိုပါလိမ့်မယ်”ဟုကြေညာ လိုက်ပြန်ရာ ပရိသတ်က အလျင်အမြန် လိုက်မှတ် ကြသည်ကို မှတ်တမ်းတင်ပေးကြရသည်။
တစ်ကြိမ်မှာတော့ ကိုသဲနီက တပည့်များ လိုက်ပါလျက် ဘတ်စ်ကားနှစ်စီးဖြင့် ပဲခူးသို့ဘုရားဖူးခရီးစဉ်သွားရောက်ရာတွင် လိုက်ပါပြီး ဗီဒီယို မှတ်တမ်းတင်ခဲ့ရသည်။ ပဲခူးမြို့ရှိ ရွှေမော်ဓော စေတီတော်၊ ရွှေသာလျောင်းဘုရား၊ ကလျာဏီသိမ် စသည်တို့တွင် ကိုသဲနီ အမွှေးတိုင်ထွန်းလျှင် သုံးတိုင် ငါးတိုင် ၊ ဖယောင်းတိုင်ထွန်းလျှင် သုံးတိုင် ခြောက်တိုင်၊ ပန်းကပ်လျှင် ပန်းနှစ်စည်း သုံးစည်း ငါးစည်း စသည်ဖြင့် ပရိသတ်က မှတ်သား အတိတ်ကောက်ကြသည်။ နှစ်ကာလတွေ အတော် ကြာသွားခဲ့ပြီး ကိုသဲနီ၏ ချဲထီ အတိတ်ပေးတရားပွဲ တွေ ဆက်ရှိနေသလားဆိုတာလည်း မသိရတော့ ပါချေ။
၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ ရန်ကုန်မြို့ တစ်နေရာမှာ ကိုသဲနီကို တက္ကစီသမား တစ်ဦးအဖြစ် ပြန်ဆုံရသည်။ သားသမီးတွေလည်း ဆယ်တန်းအောင်ကုန်ပြီဟု ဆိုသည်။ အိမ်ကြီး ကြီးကိုရောင်း၊ အိမ်သေးသေးတစ်လုံးနှင့် ကားတစ်စီး ပြန်ဝယ်ပြီး တက္ကစီဆွဲနေသည်ဟု သိရသည်။ လက်ရှိ သူ့အခြေအနေကိုကြည့်ရင်း စာရေးသူ တွေးမိလိုက်သည်က ကိုသဲနီ၏ နှစ်လုံး သုံးလုံး ဂဏန်းခန့်မှန်းချက်များက တကယ်မှန်ခဲ့လျှင် သူကိုယ်တိုင် ထိုဂဏန်းများအတိုင်း ချဲထီထိုးပြီး ထီထိုးတိုင်းပေါက်၍ အခုလောက်ဆိုလျှင် ကား လေးငါးစီး၊ တိုက်လေးငါးလုံးလောက် ပိုင်ဆိုင်နေ လောက်ပါပြီ။
သူ့ပရိသတ်တွေအားလုံးလည်း နှစ်လုံး သုံးလုံး တွေပေါက်လို့ သူ့အနားမှာ ဝိုင်းဝိုင်းလည် တိုးမပေါက်ဖြစ်နေပါလိမ့်မည်။ အခုတော့ မူရင်း ခန့်မှန်းသူကိုယ်တိုင် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည်ဖြစ်ရာ သူ့တပည့်တွေ လည်း ဒုံရင်း ဒုံရင်းသာ ရှိခြိမ့်မည် သို့မဟုတ် နှစ်လုံး သုံးလုံးနှိပ်စက်၍ ဘဝပျက်နေလောက်ပြီ။
လောင်းကစားသံသရာမှလွတ်စေချင်
အမှန်တော့ လေးကောင်ဂျင်၊ ကြက်တိုက်၊ ဖဲရိုက်၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးစသည့် လောင်း ကစားအားလုံးသည် လောင်းကစားသူတို့ကို စီးပွား ပျက် ဘဝပျက်စေသည်သာမက ဥပဒေအရ အရေး ယူခံရ၍ ပြစ်ဒဏ်ကျခံရခြင်းများလည်း ကြုံတွေ့ ရနိုင်သည်ဖြစ်၍ လောင်းကစားသံသရာမှ လွတ်ကင်းအောင် ရုန်းထွက်နိုင်ကြပြီး လူမှုဒုက္ခ ကင်းဝေးစေချင်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် သက်ဆိုင်ရာက လောင်းကစားဒိုင်များကို နှိမ်နင်း ဖမ်းဆီး အရေးယူလျက်ရှိသော်လည်း ချဲ ၊ ထီ လောင်းကစားဒိုင်များ အပါအဝင် ဖဲဝိုင်း၊ ကြက်ဝိုင်း များရှိနေဆဲဟု ကြားသိရသည်။ မိမိတို့ ပတ်ဝန်း ကျင်တွင် ဖုန်းဆက်၍ ချဲထိုးသူများ၊ ချဲတွက်သူများ၊ ချဲနံပါတ်မျှဝေဖလှယ်သူများ၊ ချဲထိုးရင်း မွဲပြာကျသူ များ တွေ့နေရဆဲဖြစ်သည်။
အပျော်ကစားရာမှ စွဲလမ်းသွားပြီး လောင်းကစားသမား ဖြစ်ရခြင်းမျိုးမှ လည်း ရှောင်ရှားကြစေချင်ပါသည်။ မိမိကုသိုလ်ကံ ကို စမ်းသပ်လိုပါက နိုင်ငံတော်အစိုးရက လစဉ် ဖွင့်လှစ်ပေးနေသော အောင်ဘာလေသိန်းထီကိုသာ ဝယ်ယူကံစမ်းကြစေလိုပါသည်။ အပူအပင် အကြောင့်အကြကင်းရှင်းသော၊ လောင်းကစား ကင်းရှင်းသော မြန်မာ့လူ့ဘောင်ဖြစ်စေချင်လှပါ ပြီ ခင်ဗျာ။ ။
- Log in to post comments