
နေပြည်တော် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ်တစ်စီးအား အကြမ်းဖက်သူ အမျိုးသားလေးဦးက သေနတ်ဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၃နာရီခွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၀) ရပ်ကွက် ဧရာဝဏ်လမ်း YP စက်သုံး ဆီဆိုင်ရှေ့ သဘာဝဓာတ်ငွေ့ဆိုင် ၌ ဂက်စ်ဖြည့်ရန် စောင့်ဆိုင်းနေ သည့် YBS ခရီးသည်တင်ယာဉ် တစ်စီးအား အကြမ်းဖက်သူ အမျိုးသားလေးဦး (စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေရာတွင် လှိုင်သာယာ-ဒဂုံ တောင်ပြေးဆွဲသည့် YBS -99 ယာဉ်လိုင်းမှ ဦးမောင်မောင်(၄၈)နှစ် (ဘ)ဦးအောင်သိုက် မောင်းနှင် သော ယာဉ်အမှတ် 9P-1143 ယာဉ်နှင့်အခြား YBS ခရီးသည် တင်ယာဉ်များသည် ဂက်စ်ဖြည့် ရန် ဧရာဝဏ်လမ်းပေါ်တန်းစီ စောင့်ဆိုင်းနေစဉ် အကြမ်းဖက်သူ အမျိုးသားလေးဦး (စိစစ်ဆဲ)က ကားအနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်မောင်း ဦးမောင်မောင်အား သေနတ်ပြ ခြိမ်းခြောက်ကာ ယာဉ်တံခါးအား ဖွင့်ခိုင်း၍ ယာဉ်ပေါ်သို့ တက်ရောက်လာပြီး အဆိုပါ အမျိုးသားလေးဦးအနက် တစ်ဦး က ကားရှေ့ ခရီးသည်အတက် ခြေနင်းခုံအား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်၍ တစ်ဦးမှာ ဓာတ်ဆီပါသည့် ရေသန့်ဘူးအား ယာဉ်ပေါ် လိုက်လံဖျန်း၍ မီးရှို့ ဖျက်ဆီးခဲ့သည်။
ထိုသို့အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ်တွင် ယာဉ်မောင်းအနီး ဒတ်ချ်ဘုတ် အနည်းငယ်၊ ယာဉ်၏အလယ်ရှိ ထိုင်ခုံ တစ်ပေခန့်၊ ယာဉ်နောက် ထိုင်ခုံအရှည် တစ်ပေခန့်နှင့် ခရီးသည်ဆင်းသည့် အပေါက် အနီး ပလတ်စတစ်ထိုင်ခုံ ခြောက်လက်မခန့် အနည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး အခင်း ဖြစ်နေရာ အနီးမှ THAI ARMS 380 ကျည်ခွံ တစ်ခုနှင့် ရေသန့် ဘူးခွံတစ်ခု တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ခရီးသည် တင်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ကာ မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား