
ပရီမီယာလိဂ်ပွဲစဉ် (၁၅) အဖြစ် ဝက်ဖို့ဒ်အသင်းနှင့် မန်စီးတီး အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဝက်ဖို့ဒ် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီး အသင်းသည် ယခုအနိုင်ပွဲကြောင့် ချယ်ဆီးအသင်း ရှုံးပွဲကြုံတွေ့မှုကို အခွင့်ကောင်းယူကာ အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် သွင်းဂိုး များကို စတားလင်း၊ ဆေးလ်ဗား တို့က သွင်းယူပေးပြီး ဝက်ဖို့ဒ် အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို ဟာနန်ဒက်ဇ်က သွင်းယူပေးနိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် မန်စီးတီး အသင်းသည် ပွဲချိန်လေးမိနစ်တွင် ရရှိခဲ့သော စတားလင်း၏ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ဝက်ဖို့ဒ် အသင်းကို ဖိအားပေးကစား နိုင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်းက ခံစစ်အားပြုသည့် ကစားဟန် ဖြင့် ရင်ဆိုင်လာခဲ့သော်လည်း မန်စီးတီးအသင်း၏ တိုက်စစ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ဦးဆောင်ဂိုးများ ဆက်တိုက်ခွင့်ပြု ခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် ၃၁ မိနစ် တွင် မန်စီးတီးအသင်း ဒုတိယဂိုး ရရှိခဲ့ပြီး ဆေးလ်ဗားက သွင်းယူ ပေးနိုင်ခဲ့သလို အသင်းအတွက် တတိယဂိုးကိုလည်း ပွဲချိန် ၆၃ မိနစ်တွင် ဆေးလ်ဗားကပင် သွင်းယူပေးနိုင်ခဲ့သည်။
ဝက်ဖို့ဒ် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ရရှိခဲ့ပြီး ဟာနန်ဒက်စ်က သွင်းယူပေးနိုင် ခဲ့သည်။ ထို့နောက်တွင် တစ်ဖက် နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင် ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် မန်စီးတီးအသင်းက သုံးဂိုး-တစ် ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များအဖြစ် လိဒ်နှင့် ဘရန့်ဖို့ဒ်တို့ နှစ်ဂိုးစီ သရေ ဖြစ်ခဲ့သည်။ စပါးက နော့ဝှစ်ကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။ မန်ယူက ပဲလေ့စ်ကို ၇၇ မိနစ်တွင် ဖရက်ဒ် သွင်းယူပေးသော တစ်လုံး တည်းသောဂိုးဖြင့် အနိုင်ရသည်။
အောင်ဇော်