တန်ဖိုးကြီးသည့် သမိုင်းပေးအခွင့်အရေး

အယ်ဒီတာ့အာဘော်
==============

 

(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေး၏ သြဂုတ် (၂၁) ရက်နေ့သည် မင်္ဂလာ ရှိသော နေ့တစ်နေ့ ဖြစ်သည်။ မင်္ဂလာရှိသည့်အပြင် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းသောနေ့လည်းဖြစ်သည်။ ထိုနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို သဘောတူနိုင်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ဖြစ်ရသည်။ ထိုနေ့သည် ၂၀၂၀ ပြည့် အလွန်ကာလအတွက် လမ်းသစ်ဖောက်သောနေ့ ဖြစ်သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိလာအောင် အားလုံးညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးအဆင့်တစ်ခုသို့ တက်လှမ်းအောင်မြင် ခရီးပေါက်ခဲ့သည်။ ညီညွတ်ရေးသည် လွန်စွာအရေး ကြီးသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုသည် အလွန်အရေးပါသည်။ ထိုညီညွတ်မှု၊ နားလည်မှုကြောင့် အောင်မြင်မှုတစ်ခုကိုရရှိခဲ့သည်။ ဆက်လက်၍လည်း အားကြိုးမာန်တက် ကြိုးပမ်းကြဦးမည်ဆိုသည့် ဇွဲသတ္တိ များကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူဝမ်းမြောက်မိသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် အပိုင်းသုံးပိုင်း ပါဝင်သည်။ အပိုင်း(၁) တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘော တူညီချက် ၁၅ ချက်၊ အပိုင်း(၂) တွင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများတွင် အချက်(၈)ချက် ပါဝင်ပြီး အပိုင်း(၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက် ပါဝင်သည်။ သဘောတူညီချက်များသည် အနာဂတ်ငြိမ်းချမ်းရေးခရီး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်၍ စိတ်ရင်းစေတနာမှန်ကန်စွာ ဖြင့် ဆက်လက်အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများသည် ပြည်ထောင်စုသဘောတူစာချုပ်အတွက် အမှန်တကယ်ထိရောက်ပြီး အလုပ်ဖြစ်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့်အတိုင်း ၂၀၂၀ ပြည့်နှစ်အလွန်ကာလအတွက် လမ်းသစ်ဖောက်လုပ်ပေးနိုင်ခဲ့သည်။ ယခင်က မစဉ်းစားခဲ့ဖူးသည့် သဘော တူညီချက်များရအောင် ဆွေးနွေးအဖြေရှာနိုင်ခဲ့သည့်အပြင် လက်တွေ့ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ ငြိမ်းချမ်း ရေးအတွက်ဘာမျှမလို “စိတ်ရင်းစေတနာမှန်ကန်ဖို့သာလိုသည်” ဆိုသည့် စကားကို သက်သေပြနိုင်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန်ဆိုသည့် UPDJC ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် နေပြီ။ သမိုင်းနှင့်ချီပြီး တည်ရှိနေသည့် သံသယများ၊ မယုံကြည်နိုင်မှုများအား ဖယ်ရှားပေးနိုင်ရန် ရည်မှန်းချက်နှင့်အညီ အလေးအနက်အကောင်အထည် ဖော်ကြမည်ဖြစ်သည်။

“နိုင်ငံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွေမှာ သူ့လိုလားချက်၊ ကိုယ့်လိုလားချက် မလျှော့တမ်း ဆုပ်ကိုင်ဆွေးနွေးကြတာထက် ပြည်ထောင်စုရဲ့ အကျိုး၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့အကျိုးကို ရှေးရှုဆွေးနွေးကြတာက ပိုပြီးခရီးရောက်ပါတယ်။ စိတ်ရင်းစေတနာ မှန်ကန်ခြင်းကြောင့် ဆွေးနွေးပွဲ တွေဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာမျိုးဖြစ်ပါတယ်။ အဓိကအချက် က ကျွန်မတို့အားလုံး ပူးတွဲပိုင်ဆိုင်ကြတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်အတွက် ကျွန်မတို့အားလုံး ပူးတွဲကြိုးပမ်းခွင့်ရရှိနေတာဟာ အဖိုး မဖြတ်နိုင်တဲ့ သမိုင်းပေးအခွင့်အရေးတစ်ခုဖြစ်ပါတယ်”ဟု အကြိမ်(၂၀)မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

UPDJC သည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူ အားလုံး လိုလားတောင့်တသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ပေါက်ရေး အတွက် အနာဂတ်တွင် ဆက်လက်တည်ရှိနေမည့် ညီညွတ်ရေးအဖွဲ့အစည်းကြီး ဖြစ်သည်။ မတူညီသော ကိုယ်စားပြုအဖွဲ့အစည်းများအကြား လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟူသည့် ဘုံရည်မှန်းချက် ကြောင့်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုအမျိုးမျိုးကြားမှ ပိုမိုညီညွတ်မှု၊ ပိုမိုတည်ငြိမ်မှု၊ ပိုမိုရင့်ကျက်မှုများကို UPDJC က လက်တွေ့လုပ်ဆောင် ပြနိုင်ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး၏အနာဂတ်အကျိုးအတွက် ရရှိထားသော အဖိုးတန်သည့် သမိုင်းပေးအခွင့်အရေးများကို စိတ်ရင်းစေတနာမှန်ကန်မှုများ၊ ညီညွတ်သောစွမ်းပကားများ၊ မလျှော့သော ဇွဲလုံ့လသတ္တိများဖြင့် ဆက်လက် သယ်ပိုးနိုင်ကြမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။ ။

1