ရှေးက မြန်မာနိုင်ငံ၏ ပညာရေးမှာ အဓိကအားဖြင့် ဘုန်းတော်ကြီး ကျောင်း ပညာရေးဖြစ်သည်။ သာသနာ့ဝန်ထမ်းရဟန်းတော်များမှာ ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို စောင့်ထိန်းကြရသည့်အလျောက် လူဝတ်ကြောင်တို့ထက် ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် ယဉ်ကျေးသိမ်မွေ့ကြသူများဖြစ်သည်။ ဆရာဖြစ်သော ဘုန်းတော်ကြီး များက တပည့်ကျောင်းသားများ၊ သာမဏေများကို စာပေသင်ကြားပို့ချ ရုံမျှမက လူကောင်းသူကောင်းများဖြစ်လာစေရန်လည်း သွန်သင်ဆုံးမ ခဲ့ကြသည်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ကျည်းကန်ရှင်ကြီး၊ တောင်ဖီလာဆရာတော်၊ ဆားတုံဆရာတော်တို့၏ ဆုံးမစာများသည် ရှေးခေတ်ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားပို့ချခဲ့သည့် လက်သုံးဆုံးမစာများပင် ဖြစ်သည်။
ငယ်စဉ်အခါ ဘုန်းတော်ကြီးကျောင်းတွင် သင်ပုန်းကြီး၊ မင်္ဂလ သုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင် ခြင်း၊ လောကနီတိ စသည်ဖြင့် သင်ရိုးများကို သင်ကြားပြီးနောက် အရွယ်ရောက်သည့်အခါ အဆင့်မြင့်ကျမ်းစာများကို ဆိုင်ရာဆရာများ ထံတွင် ဆက်လက်သင်ယူလေ့လာကြကာ ရဟန်းပညာရှိ၊ လူပညာရှိ များဖြစ်လာကြသကဲ့သို့ လူတစ်လုံး သူတစ်လုံး ကြီးပွားလာသူများစွာ တို့လည်း ရှိခဲ့ကြသည်။ သို့ဖြစ်၍ ရှေးခေတ်မြန်မာ့လူ့အဖွဲ့အစည်းတွင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်တို့မှာ ဆရာဒကာများအဖြစ်နှင့် သာသနာတော် တည်တံ့ထွန်းကားရေးကို ဆောင်ရွက်ခဲ့ကြသည်။ သံဃာတော်တို့က ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရနှစ်ဖြာ သာသနာ ကို ကြိုးပမ်းထမ်းဆောင်ကြသကဲ့သို့ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမတို့ကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် ထောက်ပံ့လှူဒါန်းကြသည့် အစဉ်အလာမှာ မျက်မှောက်ကာလသို့တိုင် တည်တံ့ခိုင်မြဲလျက်ရှိသည်။
ဗုဒ္ဓမြတ်စွာသာသနာသည် စတင်ပေါ်ထွန်းခဲ့ရာ မဇ္စျိမဒေသ၌ မှေးမှိန်ခဲ့ရခြင်းမှာ အခြားဘာသာ သာသနာများကြောင့်ဟု ဆိုသည် ထက် တိုင်းပြည်အုပ်ချုပ်သူတို့၏ အားမပေးမှု၊ နှိပ်ကွပ်မှုတို့ကြောင့် က အဓိကဖြစ်ခဲ့သည်။ မည်သို့သော နှောင့်ယှက်ဖျက်ဆီးမှု ရှိစေကာမူ နိုင်ငံကို အုပ်ချုပ်သူက ချီးမြှောက်ထောက်ပံ့ အားပေးခဲ့မည်ဆိုပါက မှေးမှိန်ပျောက်ကွယ်သည့် အခြေအနေသို့ ရောက်ရှိသွားမည်မဟုတ်။ “ခေတ်ကာလအလျောက် သာသနာတော်ထွန်းကားပြန့်ပွားခြင်း၊ ဆုတ်ယုတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆရာတော်ကြီးများက ‘ခေါက်ရှာ ငှက်များ ပျံသန်းတဲ့အခါ နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့် ပျံသန်း သကဲ့သို့ သာသနာတော်၏ ဆုတ်ယုတ်ခြင်း၊ စည်ပင်ပြန့်ပွားခြင်း သဘောသဘာဝသည် လောကဓံသဘောပင် ဖြစ်သည့်အတွက် ခေါက်ရှာငှက်တို့၏ ပျံသန်းပုံနှင့်တူကြောင်း၊ တိုင်းပြည်အုပ်ချုပ်သော ပုဂ္ဂိုလ်တို့သည် သာသနာတော်ကို ကြည်ညိုတတ်၊ မြတ်နိုးကော်ရော် ပူဇော်တတ်၊ ချီးမြှောက်တတ်သော ပုဂ္ဂိုလ်များဖြစ်ပါက သာသနာ တော်ဟာလည်း ထက်ဖျားသို့တိုင် မြင့်၍ တင့်၍ စည်ပင်ပြန့်ပွားလေ့ရှိ ကြောင်း၊ ထိုသို့ မဟုတ်ပါက နိမ့်ကျကာ ဆုတ်ယုတ်တတ်ကြောင်း’ စသည်ဖြင့် ခေါက်ရှာငှက်များ၏ ပျံသန်းတတ်သည့် အခြင်းအရာကို ပမာပြု၍ နှိုင်းယှဉ်မိန့်ကြားလေ့ရှိသည်ကို သတိပြုအမှတ်ရမိပါ ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် သာသနာတော် ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်ပွဲအခမ်းအနား ဂုဏ်ပြုအမှာ စကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဗုဒ္ဓဘာသာဝင် နိုင်ငံသူ နိုင်ငံသားများနှင့်အတူ လှူဒါန်းထောက်ပံ့ရေးနှင့် အခြားပံ့ပိုးဆောင်ရွက်ဖွယ်များကို အထူး အလေးထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မကောင်းမှုဟူသမျှကို ဝေးစွာရှောင်ကြဉ်ခြင်း၊ ကောင်းမှုကုသိုလ် ဟူသမျှတို့ကို အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်း၊ စိတ်နှလုံးဖြူစင် သန့်ရှင်းအောင် ကျင့်ကြံခြင်းတို့က ဗုဒ္ဓဘာသာ၏ အခြေခံအနှစ်သာရ များပင်ဖြစ်ရာ ဘာသာ သာသနာထွန်းကားစေရေး အထောက်အပံ့ပြု ခြင်း၊ ပူဇော်ချီးမြှောက်ခြင်းအားဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ သည် မြန်မာမှ ကမ္ဘာသို့တိုင် ခညောင်းနိုင်ပါစေကြောင်း။ ။