
ထွန်းထွန်း (ပညာ/လေ့ကျင့်)
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ် သုံးသပ်မည်ဆိုလျှင် ယင်းနိုင်ငံအတွင်းရှိ ဒေသ တစ်ခုချင်းစီ၏ ဖွံ့ဖြိုးမှုကို ဦးစွာလေ့လာရမည် ဖြစ်ပါသည်။ ဒေသတစ်ခု၊ မြို့နယ်တစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေးမှာလည်း ထိုဒေသ၏ တည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အပေါ် မှီခိုနေပြန်၏။
မိမိသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ် ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးစေရေး ဟူသော မူဝါဒ ၄ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယ်စပ် ရေးရာဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ပေ သည်။ ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် မြစ်ကြီးနားမြို့သို့ရောက်ရှိပြီး တစ်ပတ်မျှပင်မပြည့်မီ ၁၅-၁၂-၂၀၂၀ နေ့တွင် ကျရောက်သည့်“နာဂရိုးရာနှစ်သစ် ကူးပွဲတော်” အတွက် နန်းယွန်းမြို့သို့ ခရီးထွက်ခွာ ရန် ဌာနမှတာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ အမှန် စင်စစ် နန်းယွန်းမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော မြို့ဖြစ်၏။
နန်းယွန်းမြို့သမိုင်းအကျဉ်း
ခရီးထွက်ခွာခြင်းမပြုမီ ဒေသဆိုင်ရာ အချက် အလက်များအား ကြိုတင်လေ့လာခဲ့မှုအရ ရှေး ယခင်က နာဂတောင်တန်းတစ်ခုလုံးမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ခေတ်အဆက်ဆက် မည်သည့်အဖွဲ့အစည်းမျှ အုပ်ချုပ်မခံရဘဲရှိခဲ့ ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီးနောက်ပိုင်းတွင် နန်းယွန်းမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲအား ကချင်ပြည်နယ် ၊ ကာမိုင်း မြို့နယ်အတွင်း ထည့်သွင်းအုပ်ချုပ်ခဲ့ကြောင်း၊ လမ်းခရီးလုံခြုံရေးအရ နာဂအကြီးအကဲများ၏ တောင်းဆိုမှုဖြင့် ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးခရိုင်တွင် ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ဒုံဟီးမြို့နယ်ခွဲကိုပါ ထည့်သွင်းခဲ့ပါသည်။ နာမည်ကျော် လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သော နန်းယွန်းမြို့အား မြို့နယ်ရုံးစိုက်ရာမြို့အဖြစ် ၁၉၈၆ ခုနှစ်တွင် တရားဝင်သတ်မှတ်ပေးခဲ့သည်ဟု မှတ်သားရပါသည်။
နန်းယွန်းမြို့သည် ခန္တီးမြို့မှ ၁၅၂ မိုင်၊ လဟယ် မြို့မှ ၁၀၁ မိုင်ခန့်အကွာတွင် တည်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး အဆိုပါလမ်းမှာ မော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်သည့်အနေအထားမရှိသေး။ ကချင်ပြည်နယ်ဘက်မှ တိုင်းတာလျှင် တနိုင်းမြို့ နယ် ရှင်ဗွေယန်မြို့နှင့် မိုင် ၃၀ ခန့်အကွာ ပင်လယ် ရေမျက်နှာပြင်အထက်ပေ ၁၁၀၀ တွင် တည်ရှိသည်။ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်မြို့မှာ လီဒို လမ်းမကြီးပေါ်ရှိ မြန်မာ-အိန္ဒိယ နယ်စပ်မှတ်တိုင် အမှတ် BP-173 နှင့် နီးကပ်စွာ တည်ရှိနေသည့် မြို့ငယ်ဖြစ်ပေ၏။
လီဒိုလမ်းမကြီးပေါ်ဝယ်
မြစ်ကြီးနား-နန်းယွန်းမှာ ၁၈၃ မိုင်ခန့် ခရီး ကွာဝေး၏။ နှင်းမှုန်တွေ ပိတ်ပိတ်ပိန်းနေသော ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်တွင် မြစ်ကြီး နားမှ စတင်ထွက်ခွာခဲ့ပါသည်။ စီးနင်းလိုက်ပါလာ သောကားမှာ မြစ်ကြီးနားမြို့နယ်မှသည် မိုးကောင်း မြို့နယ် နမ္မတီးမြို့ကို ဖြတ်၍ ဖားကန့်မြို့နယ် ကျေးရွာများကို ဖြတ်သန်းခဲ့ရာ လဝါးကျေးရွာအထိ ကတ္တရာလမ်းမှာ ငြိမ့်ညောင်းစွာဖြင့်ပင်ရှိခဲ့သည်။ ယင်းနောက်တွင်ကား မာကြောကြမ်းတမ်းလွန်း လှသော ကျောက်ချောလမ်းမကြီးနှင့် စတင် မိတ်ဆက်ရပါတော့၏။ အဆိုပါလမ်းသည်ကား ဒုတိယကမ္ဘာစစ်ကြီးကာလက အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကိုဆက်သွယ်ရန် ဖောက်လုပ်ခဲ့သည့် သမိုင်းဝင် လီဒိုလမ်းမကြီး (ခေါ်) စတီးဝဲလ်လမ်းမ ကြီး (LEDO or STILLWELL ROAD) ပင် ဖြစ်ချေ ၏။
သာမန်မြေပြန့်ဒေသအတွက် မိုင် ၁၈၀ ကျော် မှာ ပြောပလောက်သော ခရီးအကွာအဝေး မဟုတ် သော်လည်း လီဒိုလမ်းမကြီးအတွက်မူ မြစ်ကြီးနား-ရှင်ဗွေယန် မိုင် ၁၅၀ ကျော်ကိုပင် ၉ နာရီဝန်းကျင်မျှ ကားစီးနင်းခဲ့ရပါသည်။ စစ်လက်ကျန်လေယာဉ် ကွင်းဟောင်းရှိနေသည့် ရှင်ဗွေယန်မြို့သို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့တော့သည်။ လက်ကျန်ခရီး မှာ မိုင် ၃၀ ကျော်ခန့်။ သို့ရာတွင် မိမိလိုက်ပါ စီးနင်း လာသည့်ကားမှာ ရှင်ဗွေယန်မြို့တွင်သာ ဂိတ်ဆုံး ဖြစ်သဖြင့် နန်းယွန်းမြို့သို့ ဆက်လက်ထွက်ခွာရန် ကားပြောင်းစီးရပါဦးမည်။ ယနေ့အဖို့ ခရီးဆက်ရန် ကားမရှိတော့သည့်အတွက် ညအိပ်စောင့်ဆိုင်းရပေ မည်။ မိုင် ၃၀ ခန့်ခရီးအား အချိန်ရှိနေလျက်နှင့် ညအိပ်ရမည်ဟူသောစကားကို မအံ့ဩဘဲမနေနိုင် ဖြစ်မိပေတော့သည်။ ရှင်ဗွေယန်မြို့လေးကား မှိုင်းညို့နေသော သစ်ပင်တို့ဖြင့် တန်ဆာဆင်ထား သည့် တောင်တန်းတွေအထပ်ထပ်နဲ့ ကြားမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
နန်းယွန်းမြို့သို့
နောက်နေ့နံနက် ၆ နာရီခန့်တွင် နန်းယွန်းမြို့ ကို ဆက်လက်ထွက်ခွာမည့် ကားသည် မိမိတည်းခို ရာနေရာသို့ ရောက်ရှိလာခဲ့သည်။ ကားအမျိုးအစား မှာ TOYOTA SURF ဖြစ်၏။ ထူးခြားသည်က ကား၏ ကိုယ်ထည်နှင့် ဘီးအကွာအဝေး။ ကုန်ပစ္စည်းနှင့် ခရီးသည်များ တင်ပြီးချိန်တွင်ပင် ၁ ပေ ကျော်ခန့် ကွာဟနေသေး၏။ ရှင်ဗွေယန်မြို့က စတင်ထွက်ခွာ ပြီး ၁၀ မိနစ်ခန့်တွင် တောင်တက်လမ်းကို စတင် တော့သည်။ တောင်များသည်မြင့်၏။ မတ်စောက် ၏။ အတက်ကြမ်းသကဲ့သို့ အဆင်းလည်းကြမ်း၏။ အကွေ့အကောက်များ၏။ တံတားတိုလေးများမှအပ ကတ္တရာ၊ ကွန်ကရစ်စိုးစိမျှမရှိ။ လမ်း၏တစ်ဖက် တစ်ချက်မှ သစ်ပင်ကြီးများကြောင့် နေရောင်မကျ။
နေကို မမြင်တွေ့နိုင်။ လိုဏ်ဂူကြီးထဲဖြတ်သန်းနေသကဲ့သို့ ရှိချေ၏။ တောင်မြင့်မားသော်လည်း ကားလမ်းတစ်လျှောက် ရွှံ့ဗွက်များအိုင်ထွန်းနေ သဖြင့် ကျောက်လုံးကြီးများနှင့် ရွှံ့နွံဗွက်အိုင်များ အကြား အန္တရာယ်ကင်းအောင် မောင်းနှင်နေသော ကားသမားအပေါ် လေးစားကိုယ်ချင်းစာစိတ်များ ပို၍ပို၍ ဖြစ်ပေါ်လာရ၏။ ခရီးကြမ်းကို ဖြတ်သန်း ရင်းဖြင့် မိမိစီးနင်းလိုက်ပါလာသော ကားသည် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် နာဂရိုးရာနှစ်သစ် ကူးပွဲတော် ကျင်းပမည့် နန်းယွန်းမြို့သို့ ရောက်ရှိခဲ့ ပေသည်။
လူတစ်ဦး၏ သာမန်လမ်းလျှောက်နှုန်းသည် တစ်နာရီလျှင် ၃မိုင်ခန့်ဖြစ်ပြီး၊ ရှင်ဗွေယန်-နန်းယွန်း သွားကား၏ မိုင် ၃၀ ခရီးမောင်းနှင်ချိန်သည် ၄ နာရီ ဝန်းကျင်ခန့်ရှိသည်ဆိုလျှင် စာဖတ်သူတို့ ယုံချင်မှ ယုံပေလိမ့်မည်။ မိမိလည်း ဤခရီးကြောင့်သာလျှင် ဤအတွေ့အကြုံကို ကိုယ်တိုင် လက်ခံရခြင်းဖြစ်ပေ သည်။ ဤသည်ကား မြစ်ကြီးနား-နန်းယွန်းခရီး၊ လီဒိုလမ်းမကြီး၏ အတွေ့အကြုံသစ်ပေတည်း။
ယခုအခါ နိုင်ငံတော်မှ နန်းယွန်းမြို့၏ ဆက်သွယ်ရေးဝင်ပေါက်များဖြစ်သော မြစ်ကြီးနား -တနိုင်း-ရှင်ဗွေယန်-နန်းယွန်း (လီဒိုလမ်းမကြီး) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ခန္တီး-လဟယ်-ဒုံဟီး-နန်းယွန်းလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အိန္ဒိယနယ်စပ်-ပန်ဆောင်-နန်းယွန်း (လီဒိုလမ်းမ ကြီး) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဦးစား ပေးဆောင်ရွက်လျက်ရှိပါသည်။ လမ်းပန်းဆက်သွယ် ရေးအရ ကန့်သတ်ချက် အနည်းငယ်ရှိနေသော နန်းယွန်းမြို့သွားလမ်းပေါ်တွင် တည်ဆောက်ပေး ထားသည့် တံတားကြီးငယ်များကြောင့် ခရီးလမ်းချောမွေ့၍ကုန်စည်စီးဆင်းမှုများ အဆင်ပြေလာ တော့မည် ဖြစ်ပေသည်။ ယခုကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်လာမှုကြောင့် ယခင် က မြစ်ကြီးနားမှ နန်းယွန်းသို့ တစ်ညအိပ် နှစ်ရက် သွားခဲ့ရသောခရီးမှာ ယခုအခါ ၉ နာရီခန့်ဖြင့် နေချင်းပေါက်ခရီးရောက်ခဲ့ပေပြီ။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်
မိမိတက်ရောက်ရမည့် နာဂပွဲတော်နှင့် ပတ်သက်၍ စူးစမ်းကြည့်ခဲ့ရာ ရှေးယခင်က နာဂ တိုင်းရင်းသားများသည်မိမိတို့ကောက်ပဲသီးနှံများရိတ်သိမ်းပြီးချိန်တွင် ရိုးရာပွဲအား “ကောက်သစ် စားပွဲ” အသွင်ဖြင့် မျိုးနွယ်စုများအလိုက်၊ ကျေးရွာ အလိုက်၊ နေရာဒေသများအလိုက် အဆင်ပြေသလို သီးခြားစီဆင်နွှဲခဲ့ကြကြောင်း သိရ၏။ ၁၉၅၇ ခုနှစ် မှ စတင်ကာ မြို့နယ်အဆင့် ကျင်းပခဲ့ကြပြီး ၁၉၉၀ ပြည့်နှစ်ရောက်သောအခါ မြို့နယ်ပေါင်းစုံမှ နာဂ မျိုးနွယ်စု အကြီးအကဲများ ညှိနှိုင်းမှုဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့ကို “နာဂရိုးရာနှစ်သစ်ကူးပွဲတော်နေ့” အဖြစ် သတ်မှတ်ကျင်းပခဲ့ကြောင်းနှင့် ၁၉၉၃ ခုနှစ် မှစတင်ကာ နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့၊ လေရှီး မြို့နှင့် နန်းယွန်းမြို့တို့တွင် အလှည့်ကျ ကျင်းပခဲ့ ကြောင်း လေ့လာသိရှိရပါသည်။
ပွဲတော်နေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ် တံခွန်တိုင် စိုက်ထူကြ၏။ နာဂတိုင်းရင်းသားများစွာ က “ဝါး”ဆည်းလည်း ရာပေါင်းများစွာဆင်ယင်ထား သော ဝါးပိုးတိုင်ကြီးကို မြေ၌စိုက်ထူကြသည့်အခါ အချင်းချင်းထိခတ်မှုဖြစ်ပြီး ဂီတသံဖြစ်ပေါ်လာ၏။ ပွဲတော်အောင်မြင်စေကြောင်းချီးကျူးသည့် တေးသံ သဖွယ်ဖြစ်ပေ၏။ မြန်မာပြည်တစ်လွှား အေးချမ်း သာယာစည်ပင်စေဖို့ ဆုမွန်ကောင်းတောင်းသည့် တေးသံသဖွယ်လည်း ဖြစ်ပေ၏။ နာဂရိုးရာဝတ်စုံ ကိုယ်စီနှင့် အမျိုးသား၊ အမျိုးသမီးတို့က ရိုးရာအက များဖြင့် ဖျော်ဖြေကြလေ၏။ ကြည်နူးဖွယ် ကောင်းလေစွ။
ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံ များအား အလေးထားသည့်အနေဖြင့် နှစ်စဉ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကာလရောက်တိုင်း ဒေသတွင်းအကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အကြီးအကဲများ၊ နိုင်ငံတော်အကြီးအကဲများပါ တက်ရောက်ချီးမြှင့်ပေးလျက်ရှိသည့် ပွဲတော်ဖြစ်ပါ သည်။ နိုင်ငံခြားသား ခရီးသွားများသည်လည်း စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာမှတ်တမ်း ယူနေကြသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ရပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားလေ့ကျင့် ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်၊ နယ်စပ်ဒေသမှ အမျိုးသမီးငယ် များအားအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီ ဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက် နှစ်ရပ် နှင့်အညီနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း မြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်းနှင့် အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း တစ်ကျောင်းအား ဖွင့်လှစ်ထားရှိပါသည်။
နန်းယွန်းမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ၁-၆-၂၀၁၄ ခုနှစ်၌ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသတွင်း မိဘမဲ့၊ မိမဲ့၊ ဖမဲ့၊ ဆင်းရဲနွမ်းပါး၍ ပညာသင်ကြားရန် အခက်အခဲရှိနေသူ ကျောင်းသား ကျောင်းသူများ အား သင်တန်းကျောင်း ဝင်ဆံ့အင်အားအပေါ်မူတည် ၍ လက်ခံပြုစုလေ့ကျင့် ပညာသင်ကြားပေးလျက် ရှိပေသည်။ ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အထိ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ၂၇ ဒသမ ၂၁ ရာခိုင်နှုန်း ရှိပါသည်။
အောင်မြင်ပြီးသူ ဒေသခံတိုင်းရင်းသား မျိုးဆက်သစ် ၃၇ ဦးမှာ မိမိတို့ဌာနမှ ဖွင့်လှစ်ထား သော ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ တွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြား နေပြီ ဖြစ်ပေသည်။ ဒေသတွင်း တိုင်းရင်းသားများ ၏ ပြောကြားချက်များအရ ဤဒေသ၌အဆိုပါ သင်တန်းကျောင်း မဖွင့်လှစ်မီက ကလေးသူငယ်များ ၏ ပညာသင်ကြားရေးမှာ အလွန်အခက်အခဲ ရှိခဲ့ ပြီး အနီးဆုံးဖြစ်သည့် လဟယ်မြို့နှင့် မြစ်ကြီးနားမြို့ တို့ရှိ သင်တန်းကျောင်းများသို့ ပို့ဆောင်အပ်နှံရ ကြောင်း၊ ကျောင်းသားတစ်ဦးအတွက် သွား/ပြန် ခရီးစရိတ် သက်သက်ပင် နှစ်သိန်းခန့် ကုန်ကျသဖြင့် ပညာသင်ကြားမှုအား လက်လျှော့ခဲ့ရသူ များပြား ကြောင်း သိရှိရသည်။
အလုပ်အကိုင် အခွင့်အလမ်းများ
၁-၆-၂၀၁၅ ရက်နေ့တွင် ခန္တီးခရိုင်ဦးစီးမှူးရုံး အား ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒေသခံ အမျိုးသမီးငယ် များအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း တစ်ကျောင်းကို လည်း ၂၆-၁၂-၂၀၀၅ ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိ ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အခြေခံ အိမ်တွင်းမှုသင်တန်း အကြိမ် ၄၀၊ အဆင့်မြင့်စက်ချုပ် သင်တန်း ၃၅ ကြိမ်၊ ကြိမ်/ဝါးသင်တန်း တစ်ကြိမ်၊ သိုးမွေးစက်ဆွဲသင်တန်း သုံးကြိမ်၊ ရိုးရာဂျပ်ခုတ် သင်တန်း ၁၀ ကြိမ်၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ကာ သင်တန်းသူစုစုပေါင်း ၁၃၆၆ ဦး အား သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
သင်တန်းဆင်းများအနက် စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသူ ၄၀၈ ဦး၊ ရိုးရာဂျပ်ခုတ်လုပ်ကိုင်သူ ၅၂ ဦး၊ ဌာနဝန်ထမ်း တစ်ဦးနှင့် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေသူ ၃၆ ဦး ရှိသည့်အတွက် ဒေသတွင်း တိုင်းရင်းသူ အမျိုးသမီးငယ် ၄၉၇ ဦးမှာ မိမိတို့ ကိုယ်တိုင် သင်ယူတတ်မြောက်ထားသော အတတ် ပညာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ လမ်းပွင့် ပြီး ကိုယ်ပိုင်ဝင်ငွေရရှိကာ သက်မွေးဝမ်းကျောင်းပြု နိုင်ပြီဖြစ်ပါသည်။ ကျန်ရှိနေသေးသော သင်တန်းသူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို လည်းဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေး
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးသကဲ့သို့ နယ်စပ်ဒေသတွင်နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ အပါအဝင် အခြားသော ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး အစရှိသည်တို့ကို အဓိကအားဖြည့် ဆောင်ရွက်ရန် အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း နန်းယွန်း မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကို ဖွင့်လှစ်ထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တစ်ခုလုံး အား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိရာ နန်းယွန်းမြို့နယ်အပါအဝင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု အပြည့်အဝရရှိရေးတို့ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပေသည်။ ဌာနေ တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများကလည်း နှစ်အလိုက်ရန်ပုံငွေများ ချမှတ်ကာ ကဏ္ဍပေါင်းစုံ ဟန်ချက်ညီညီတိုးတက် အောင် ဆောင်ရွက်ပေးနေပြီဖြစ်ပေသည်။
ဤသို့ဖြင့် ယခင့်ယခင်က လမ်းပန်းဆက်သွယ် ရေးအခက်အခဲ၊ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားဘဝ အခက်အခဲပေါင်းများစွာဖြင့် ဖြတ်သန်းရင်ဆိုင်ခဲ့ရသော နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ နန်းယွန်းမြို့သည် “ဖူးငုံသစ်ဆန်း ပွင့်လန်းဝေဆာ” ဟူသော ဆောင်းပါးခေါင်းစီးပါ အတိုင်း များမကြာမီအချိန်တွင် ပို၍ပို၍ ဖွံ့ဖြိုး စည်ပင်တိုးတက်လာကာ ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းရာ မြို့နယ်တစ်ခုအဖြစ် ရပ်တည်နိုင်တော့ မည်ဟု ယုံကြည်မှုအပြည့်ဖြင့် တင်ပြလိုက်ရပါ သည်။ ။
- Log in to post comments