
ရန်ကုန် ဒီဇင်ဘာ ၆
မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် လာမည့်နှစ်တွင် ကျင်းပမည် နိုင်ငံတကာ ပြိုင်ပွဲများအတွက် မကြာမီလေ့ကျင့်ပြင်ဆင် သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည် လာမည့်နှစ်တွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) အတွက် ဇန်နဝါရီလဆန်းပိုင်းတွင် စတင် ပြင်ဆင်သွားမည် ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလ လယ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ် သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် လေးလကျော် ရရှိမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၇ ရက် မှ နိုဝင်ဘာ ၂ ရက်အထိကျင်းပခဲ့သည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှု ရပ်နား ထားခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများကို အခြေခံကာ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထိုက်သင့်သည့်အောင်မြင်မှုရယူနိုင်ရန် အချိန်ယူပြင်ဆင်သွား မည်ဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုများစွာ ပြုလုပ်သွားမည် ဖြစ်သည်။ ရဲရင့်လွင်