
အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး
မောင်မင်းဇံ
အဂတိလိုက်စားမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တွေ့ကြုံနေရ သော ပြဿနာတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးသက်ရောက်မှုသည် ကြီးမားကျယ်ပြန့်သောကြောင့် နိုင်ငံအစိုးရများက နည်းလမ်းပေါင်းစုံ ဖြင့် ကိုင်တွယ်ဖြေရှင်းနေကြရပါသည်။ မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စုံစမ်း စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာ၏အသိအမှတ် ပြုမှုကို ရရှိခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏ငွေကြေးနှင့် ပိုင်ဆိုင်မှု များ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုများအား ဖော်ထုတ်နိုင်ခဲ့ပြီး အဂတိ လိုက်စားမှုကြောင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် ပေးသွင်းစေခြင်းနှင့် သိမ်းဆည်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း ကော်မရှင်က ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာများ အရ သိရှိရပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို တဖြည်းဖြည်းတိုးမြှင့်လုပ်ဆောင်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့သော တတိယ အကြိမ်ကော်မရှင်လက်ထက်၌ စုံစမ်းစစ်ဆေးအမှုဖွင့် အရေးယူမှုများ ကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းကို နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် ကော်မရှင်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ပေါ်လာစေရေးတွင် ရင်ဆိုင်ကြုံတွေ့နေ ရသော အဓိကအဟန့်အတားများအနက် တစ်ခုအပါအဝင်ဖြစ်သော အဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့် တွန်းလှန်တိုက်ဖျက်ခြင်း များဆောင်ရွက်လာသည်ကို ပြည်သူတစ်ယောက်အနေဖြင့် ကျေနပ် အားရမိပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ခဲ့မှုများ
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ပြည်သူလူထု များကို ထောက်ပံ့ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ ၎င်းပစ္စည်းများကို ခိုးယူခြင်းနှင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရန် အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီကို ၂၃-၁၂-၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးကော်မတီနှင့် ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးရဲအဖွဲ့တို့ကို ဖွဲ့စည်းပြီး ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုများကို ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီး (Penal Code) အခန်း(၉)၊ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ၌ ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေး လာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်သမ္မတ ရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ၁၇-၉-၂၀၁၃ ရက်နေ့မှစ၍ အာဏာတည်ခဲ့ပါသည်။ ပြောင်းလဲလာ သောခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့်ပေါ်ပေါက်လာသည့် အဂတိ လိုက်စားမှုများကို တားဆီးကာကွယ်အရေးယူဆောင်ရွက်နိုင်ရေး အတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပထမ အကြိမ်ပြင်ဆင်ခြင်းအဖြစ် ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၃၂/၂၀၁၄ ဖြင့် ပုဒ်မလေးခုကိုလည်းကောင်း၊ ဒုတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၂၉-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃/၂၀၁၆ ဖြင့် ပုဒ်မသုံးခုကို လည်းကောင်း၊ တတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈/၂၀၁၇ဖြင့် ပုဒ်မနှစ်ခုကိုလည်းကောင်း၊ စတုတ္ထအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၁-၆-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/၂၀၁၈ ဖြင့် ပုဒ်မ ၂၄ ခုကိုလည်းကောင်း ပြင်ဆင်ခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေအား ၁၀-၇-၂၀၁၅ ရက်နေ့တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
ကော်မရှင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၆/၂၀၁၄ ဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်) အား ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၃ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သမိုင်းကြောင်းတွင် အရေးပါသည့် အပြောင်းအလဲတစ်ခုဖြစ်ပါသည်။ ကော်မရှင်ကို ကောင်းမွန်လေးနက်သော ရည်ရွယ်ချက်များဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှု များကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသား များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ် ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်ခြောက်ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယ အကြိမ်ကော်မရှင်ကို ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ တတိယအကြိမ်ကော်မရှင်ကို ၂၀-၂-၂၀၂၁ နေ့ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၇/၂၀၂၁ နှင့် ၇၈/၂၀၂၁ ဖြင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ကိုးဦး စုစုပေါင်း ၁၁ ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၆-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၀/၂၀၂၁ ဖြင့် ထပ်မံတာဝန် ပေး ခန့်အပ်ခဲ့သည့်အတွက် စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ကော်မရှင်၏ ဆောင်ရွက်ချက်များ
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဟူသော ကဏ္ဍသုံးရပ်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် နီးနီး ကပ်ကပ်ပူးပေါင်းပြီး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်ရုံးခွဲများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအဖြစ် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံအဖြစ် ၂-၁၂-၂၀၀၅ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခြင်းကို ၂၀-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ အရှေ့တောင်အာရှအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၄-၁၁-၂၀၁၃ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ အဖွဲ့ဝင်အဖြစ် ၃၀-၁၁-၂၀၁၉ ရက်နေ့တွင် ၇၉ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ်လည်းကောင်း သဘောတူလက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည်။
၎င်းအပြင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဗီယက်နမ် နိုင်ငံ Government Inspectorate of Vietnam နှင့် ၁၅-၁၀-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ National Anti-Corruption Commission နှင့် ၁-၂-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ လာအိုနိုင်ငံ State Inspection and Anti-Corruption Authority နှင့် ၁၅-၁-၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Anti-Corruption and Civil Rights Commission နှင့် ၃၀-၅-၂၀၁၈ ရက်နေ့တွင်လည်းကောင်း နားလည်မှုစာချွန်လွှာများရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကိုလည်း သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိပါသည်။
ပြည်သူလူထု၏ သဘောထား
ပထမအကြိမ်ကော်မရှင်နှင့် ဒုတိယအကြိမ်ကော်မရှင်လက်ထက် တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုကျူးလွန်သောသူများအား စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခဲ့သော်လည်း အရေးယူဆောင်ရွက်မှုများတွင် အဆင့်မြင့်အရာရှိများနှင့် နိုင်ငံရေးရာထူးရှိသူများအပေါ် အရေးယူ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ် ကြောင်း ပြည်သူလူထုက မှတ်ချက်ပြုခဲ့ပါသည်။ အဂတိလိုက်စားမှု အညွှန်းကိန်းများကို ဖော်ပြရာတွင် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် အဖွဲ့ အစည်းများက အသိအမှတ်ပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့၏ အဂတိလိုက်စားမှု အညွှန်းကိန်းဖော်ပြချက်၌ မြန်မာနိုင်ငံအတွက် အညွှန်းကိန်းမှာ ကော်မရှင်စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံ အနက် အဆင့် ၁၅၆ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်က နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၀ အထိ ရောက်ရှိလာအောင် ကော်မရှင်က စွမ်းဆောင်နိုင် ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၇ သို့ ရောက်ရှိသွားခဲ့ပါသည်။ ထိုကဲ့သို့ အဆင့်ကျဆင်းသွားရခြင်းမှာ နိုင်ငံရေးရာထူးရှိသူများအပေါ် အဂတိလိုက်စားမှုများအား အရေးယူဆောင်ရွက်ရာတွင် ပြတ်ပြတ် သားသား ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့်ဟု မိမိ ထင်မြင်ယူဆမိပါ သည်။ ပြည်သူလူထုမှလည်း အဂတိလိုက်စားမှုများကို ပြတ်ပြတ် သားသား ကိုင်တွယ်အရေးယူရန် လိုလားခဲ့ကြသည်။
တတိယအကြိမ်ကော်မရှင်၏ ဆောင်ရွက်ချက်
သက်တမ်းအားဖြင့် ကိုးလခန့်သာရှိသေးသည့် တတိယအကြိမ် ကော်မရှင်တွင် ယခုအခါ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း ၁၂ဦးဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင် အဖွဲ့တွင် အတွေ့အကြုံရှိသည့် အသိပညာရှင်များနှင့် အတတ်ပညာ ရှင်များပါဝင်သည်ကို တွေ့ရှိရပါသည်။ တတိယအကြိမ်ကော်မရှင်အဖွဲ့ တာဝန်ယူပြီးနောက် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကျူးလွန်သူများကို စစ်ဆေးအရေးယူနေကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ပြန်ပြောဆိုလာခဲ့၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု၏စိတ်ဝင်စားမှု မြင့်တက် လာခဲ့ပါသည်။ ဆက်တိုက်ဆိုသလိုပင် အဂတိလိုက်စားမှုဖြင့် စုံစမ်း စစ်ဆေးတိုင်ချက်ဖွင့် အရေးယူမှုသတင်းများကို သတင်းစာများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်ကို တွေ့ရှိရပါသည်။
တတိယအကြိမ် ကော်မရှင်စတင်ဖွဲ့စည်းသည့် ၂၀-၂-၂၀၂၁ ရက် နေ့မှ ယနေ့အထိ ကော်မရှင်က အမှုဖွင့်တရားစွဲဆိုအရေးယူထား သည့်အမှုများအရ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ခြင်းနှင့် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက် ခြင်းကြောင့် နိုင်ငံတော်အတွက် ငွေကြေးနှင့် ပစ္စည်းများစွာ ဆုံးရှုံး နစ်နာခဲ့ရသည်ကို တွေ့ရှိရပါသည်။ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် သည့် လုပ်ပိုင်ခွင့်အာဏာရှိသူများအပေါ် အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းများသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် အာဏာအလွဲသုံးစားပြုကျင့်ခဲ့သည်များနှင့် ပတ်သက်၍ နောင်လာမည့်အစိုးရအဆက်ဆက်တွင် နိုင်ငံ့တာဝန် ထမ်းဆောင်ကြမည့် လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် သတိပြု ဆင်ခြင်နိုင်ကြမည်ဖြစ်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ နိုင်ငံ့တာဝန် များကို ထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။ စီရင်ထုံး၊ သမိုင်းမှတ်တမ်း များ၊ သင်ခန်းစာယူဖွယ်ရာ မှတ်တိုင်များအဖြစ် စိုက်ထူနိုင်ခဲ့မည် ဖြစ်ပါသည်။
အဂတိပယ်ခွာ ပြည်သာယာရေး
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးသည် လွန်စွာအရေးပါပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီး များတွင် အဂတိလိုက်စားမှုအရှုပ်တော်ပုံများ ရှိနေကြသည်ကို သတိပြုရမည်ဖြစ်သည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေးတွင် အဓိကအဟန့်အတားတစ်ခု ဖြစ်သည့် အဂတိလိုက်စားမှုကို လျော့နည်းပပျောက်သွားအောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ဝေဖန်မှုများစွာရှိနေသည့်ကြားမှပင် ကော်မရှင်သည် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာနှင့် ဘက်လိုက်ခြင်းကင်းစွာဖြင့် လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရပါသည်။ နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များ အတွက် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တစ်ရပ်ကို လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်နှင့်အတူ ပြည်သူတစ်ရပ်လုံးကလည်း အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက် သွားကြပါရန် ဆန္ဒပြုတိုက်တွန်း၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။
(နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာများ၊ ကြေးမုံသတင်းစာ များနှင့် www.accm.gov.mm ကို ကိုးကားပါသည်။)
- Log in to post comments