အမိုနီယမ်ဆာလဖိတ် မြေဩဇာသည် အပင်မှ အများအပြားလိုအပ်သည့် အဓိက အပင်အာဟာရဓာတ် နိုက်ထရိုဂျင် (၂၁%) နှင့် အပင်မှအနည်းငယ်သာလိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ(၂၄%)ပါဝင်ပြီး ရေတွင်ပျော်ဝင်လွယ်သော ဓာတုမြေဩဇာတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှုနည်းပါးစေရန်အတွက် သုံးစွဲသူတောင်သူများအနေဖြင့် ၎င်းမြေဩဇာ အကြောင်းနှင့် အသုံးပြုရမည့်နည်းလမ်းများကို သိရှိနားလည်ရန်လိုအပ်ပါသည်။ နိုက်ထရိုဂျင် အာဟာရ ဓာတ်ဖြည့်ဆည်းရန်အတွက် အမိုနီယမ်ဆာလဖိတ်မြေဩဇာကို နှုန်းမြင့်မားစွာ အသုံးပြုပါက အပင်မှ လိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက်ပိုမိုစေခြင်းကြောင့် အပင်အတွက်ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။
အမိုနီယမ်ဆာလဖိတ်မြေဩဇာတွင် ဆာလဖာပါဝင်မှုမြင့်မားခြင်းကြောင့် မြေကိုချဉ်စေသော သတ္တိရှိသဖြင့် မြေငန်များနှင့် မြေငန်ရှိသောဒေသများတွင်သာ သုံးစွဲရန်သင့်တော်သော ဓာတ်မြေဩဇာ အမျိုးအစားဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ်မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်မြေဩဇာများထက် မြေချဉ်စေသော အက်စစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန် ကိန်း(၅.၅) အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ် စေနိုင်ပါသည်။
တောင်သူများအနေဖြင့် ၎င်းမြေဩဇာကို သုံးစွဲမည်ဆိုပါက မိမိတို့ စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေး ပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက် ရယူအသုံးပြုရန်လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန