အဂတိတိုင်ကြားစာနှင့် သတိပြုစရာ

Type

လင်းလက်

====

 

ပြည်သူတို့ ပူးပေါင်းပါဝင်ရေး


မြန်မာနိုင်ငံတွင်             အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို  ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့က  စတင်ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  ကြိုးပမ်းဆောင်ရွက် ခဲ့သည်မှာ သက်တမ်းကာလရှစ်နှစ်ခန့်ရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင် အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်  ပြည်သူ လူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးလှပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ပုံစံအမျိုးမျိုးရှိသည့်အနက် အဂတိ လိုက်စားမှုများကို   ဖော်ထုတ်အရေးယူနိုင်ရေးတွင်   သတင်းပေး တိုင်ကြားမှုအခန်းကဏ္ဍသည်  အလွန်အရေးကြီးပါသည်။   တိကျ သေချာသည့်   သတင်းအချက်အလက်မရရှိပါက   မည်သည့်အဂတိ လိုက်စားမှုကိုမျှ အရေးယူနိုင်မည်မဟုတ်သဖြင့်   ပြည်သူများက အဂတိလိုက်စားမှုကို တွေ့ရှိရသည်ဖြစ်စေ၊  ကိုယ်တိုင်ကြုံတွေ့ခံစား ရသည်ဖြစ်စေ       အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်တန်းခြင်းဖြင့် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှု အသွင် သဏ္ဌာန်ဖော်ဆောင်ကာ အဂတိလိုက်စားမှုများကို ယခုထက် ပိုမို ဖော်ထုတ်အရေးယူသွားနိုင်မည်ဖြစ်ပါသည်။
သတင်းပေးပို့တိုင်တန်းနိုင်


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၄ တွင်  “မည်သူ မဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိ လိုက်စားမှုဖြင့်   ကြွယ်ဝချမ်းသာလာခြင်းနှင့်    စပ်လျဉ်း၍သော် လည်းကောင်း  သတ်မှတ်ချက်များနှင့်အညီ   ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊    ပဏာမစိစစ်ရေးအဖွဲ့နှင့်    စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ဖြစ်စေ၊    သက်ဆိုင်ရာအစိုးရဌာန၊     အစိုးရအဖွဲ့အစည်း တစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့ နိုင်သည်”ဟု ဖော်ပြပါရှိပါသည်။ 


နည်းလမ်းသုံးသွယ်


မြန်မာနိုင်ငံ    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တရားဝင်  ဝက်ဘ်ဆိုက်ဖြစ်သည့်    https://www.accm.gov.mm  တွင်   အဂတိလိုက်စားမှုများကြောင့်     နစ်နာရသူများအနေဖြင့် တိုင်ကြားစာများကို   နည်းလမ်းသုံးသွယ်ဖြင့်   ပေးပို့နိုင်ကြောင်း     ဖော်ပြထားပါသည်။   (၁)   လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း၊ (၂) စာတိုက်မှတစ်ဆင့် တိုင်ကြားစာပေးပို့ခြင်းနှင့် (၃) ကော်မရှင်ရုံး၏ ဝက်ဘ်ဆိုက်(https://www.accm.gov.mm) မှတစ်ဆင့်  တိုင်ကြား ခြင်းနှင့်  email   လိပ်စာ    (accm@accm.gov.mm)     မှတစ်ဆင့်  တိုင်ကြားခြင်းတို့ဖြစ်ပါသည်။ စာတိုက်မှတစ်ဆင့်  ပေးပို့တိုင်တန်းလိုသူများအနေဖြင့် “သို့/ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊    ရုံးအမှတ်    (၅၆)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊  နေပြည်တော်” ဟု လိပ်မူပြီး တိုင်ကြားစာများ  ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။  လူကိုယ်တိုင်  သွားရောက်တိုင်တန်းလိုသူများအနေဖြင့်လည်း  ကော်မရှင်ရုံးသို့  ရုံးချိန်အတွင်း {တနင်္လာနေ့မှ သောကြာနေ့အထိ (တရားဝင်ရုံးပိတ်ရက်များမပါ)၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ} လာရောက်တိုင်တန်းနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။


လိုအပ်ချက်များ


ထိုကဲ့သို့တိုင်ကြားရာ၌ တိုင်ကြားစာများတွင် အောက်ဖော်ပြ ပါအချက်များပါဝင်ရန် လိုအပ်ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထား ပါသည်-
-    တိုင်ကြားသည့်အမှုသည် ၂၀၁၃ ခုနှစ်   စက်တင်ဘာလ ၁၇ ရက်နေ့၏ နောက်ပိုင်းကာလများတွင်  ဖြစ်ပွားသော အဂတိ လိုက်စားမှုဖြစ်ရမည်။ 
-    လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်ရာတွင်   အထောက် အကူဖြစ်စေရန်အတွက် အဂတိလိုက်စားကြောင်း ပြင်ပတွင် ကြားသိနေသည့် အပြင်သိ၊ ပတ်ဝန်းကျင်အများပြောနေသည့် သတင်းကြားတို့ဖြင့်   တိုင်ကြားခြင်းမပြုဘဲ   အရေးကြီးသည့် သက်သေခံချက်ပါရှိရမည်။


-    စုံစမ်းစစ်ဆေးရမည့်ကိစ္စဖြစ်ပါက       အမှန်တကယ်နစ်နာသူ ဟုတ်၊   မဟုတ်သိရှိနိုင်ရန်၊   လိုအပ်ပါက    ဆက်သွယ်ခေါ်ယူ   မေးမြန်းစုံစမ်းနိုင်ရန်နှင့်  အခြားသူ၏အမည်ကို အလွဲသုံးစား ပြုလုပ် ၍  တိုင်ကြားခြင်းအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်ကြားသည့်နစ်နာသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ် ရေးကတ်ပြားမိတ္တူ၊   ဆက်သွယ်ရန်   လိပ်စာအပြည့်အစုံ ပါရှိရမည်။


-    တိုင်ကြားစာအား ကော်မရှင်သို့ မိတ္တူပေးပို့ပါက ကော်မရှင်အနေ ဖြင့် အရေးယူဆောင်ရွက်နိုင်မည်မဟုတ်ပါသဖြင့် ကော်မရှင်သို့ တိုက်ရိုက်လိပ်မူပေးပို့ရမည်။
ကော်မရှင်သည် ပေးပို့လာသောတိုင်ကြားစာများအနက်မှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၁ (ဂ)  အရ   ကော်မရှင်သို့  တိုက်ရိုက်လိပ်မူတိုင်ကြားသော တိုင်ကြားစာများ၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းသောလုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊  ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့တိုင်ကြား သော တိုင်ကြားစာများနှင့် သက်ဆိုင်ရာအစိုးရဌာန၊  အစိုးရအဖွဲ့အစည်း တစ်ခုခုသို့  တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍  အဆိုပါတိုင်ကြားချက်ကို   ကော်မရှင်သို့ လွှဲပြောင်းပေးပို့သောတိုင်ကြားစာများကို စုံစမ်းစစ်ဆေး ခြင်းများ ပြုလုပ်ပါသည်။
သတိပြုဖွယ်


တိုင်ကြားစာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၂ အရ တိုင်ကြားသည့်ကိစ္စသည် ကော်မရှင်က စုံစမ်းစစ်ဆေးပြီး သောကိစ္စဖြစ်ခြင်း၊ တိုင်ကြားမှုတွင် အရေးကြီးသည့်သက်သေခံချက် များမပါရှိခြင်း သို့မဟုတ် လိုအပ်၍ ကြိုတင်ထောက်လှမ်းစုံစမ်းရာတွင် လည်း  ခိုင်လုံသည့်သက်သေခံချက်မရရှိခြင်းနှင့်  ထပ်မံတိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်အသစ်မပါရှိခြင်းတို့ကို  စိစစ်တွေ့ရှိ ရပါက ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခြင်းမပြုလုပ်နိုင်ပါ။  သို့ရာ တွင်  ကော်မရှင်အနေဖြင့်  လက်ခံရရှိသည့်  တိုင်ကြားစာများအနက် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ထပ်မံစိစစ်ရန်လိုအပ်သည့်    တိုင်ကြား စာများကို စိစစ်ဆောင်ရွက်နိုင်ရန်  သက်ဆိုင်ရာဝန်ကြီးဌာန/  အဖွဲ့ အစည်းများသို့ လွှဲပြောင်းပေးပို့ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဆောင်ရွက်ရန်အကြောင်းပေါ်ပေါက်ခြင်းမရှိသည့် တိုင်ကြား စာများနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့်  ဆောင်ရွက်ရန်မရှိကြောင်းနှင့် မည်သို့ဆောင်ရွက်သင့်ကြောင်းကို တိုင်ကြားသူတစ်ဦးချင်းထံ ပြန်ကြား ခြင်းနှင့် လိုအပ်ပါက တိုင်ကြားသူများအား လက်ခံတွေ့ဆုံ၊ ဆွေးနွေး၊ ဖြေရှင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
လုပ်ကြံတိုင်တန်းပါက


သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၆ တွင် မူ “ပုဒ်မ ၄၄ အရ သတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက်ပေးပို့ သူသည် ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန်  ရည်ရွယ်၍ သတင်း ပေးပို့ချက်ကိုဖြစ်စေ၊ တိုင်တန်းချက်ကိုဖြစ်စေ တမင်ပြုလုပ်ကြောင်း ပေါ်ပေါက်ပါက အရေးယူခံရမည်” ဖြစ်ကြောင်းကိုလည်း ပြဋ္ဌာန်းထား ပါသည်။ “မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား  နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခု ကို   ကျူးလွန်သည်ဟုသော်လည်းကောင်း၊  အဂတိလိုက်စားမှုဖြင့်       ကြွယ်ဝချမ်းသာလာခြင်း ဖြစ်သည်ဟုသော်လည်းကောင်း  မမှန်မကန် သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို  သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်ရာ လူတစ်ဦးတစ်ယောက်အား   နစ်နာစေလိုသောရည်ရွယ်ချက် မျိုးဖြင့် တိုင်တန်းခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင် သည်ကို သတိပြုသင့်ပေသည်။


တိုင်ကြားစာနှင့် အခြေအနေမှန်များ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်ကြားစာပေါင်း ၅၉၆၃ စောင်ကို လက်ခံရရှိခဲ့ပြီး ယခင်နှစ် ၂၀၁၉ ခုနှစ်မှ  စိစစ်ရန်ကျန်ရှိနေသော  တိုင်ကြားစာ    ၁၀၄၄ စောင်အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၇၀၀၇ စောင်အား အမျိုးအစားခွဲခြားရာတွင် အဂတိလိုက်စားကြောင်း    ဖော်ပြတိုင်တန်းသည့်တိုင်ကြားစာမှာ စောင်ရေ ၇၀ သာရှိသည်ကိုတွေ့ရှိပြီး အဆိုပါစောင်ရေ ၇၀ ကို အဂတိ လိုက်စားမှုနှင့်စပ်လျဉ်း၍    စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။  တိုင်ကြားစာ ၁၃၀၄ စောင်ကို သက်ဆိုင်ရာဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး တိုင်ကြားစာ ၂၃၁၅ စောင်နှင့် စပ်လျဉ်း၍ ပြည်သူများထံ အကြံပြု ချက်ဖြင့် အသိပေးပြန်ကြားခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း  တိုင်ကြားသူ ၁၆၂ ဦးအား လက်ခံတွေ့ဆုံ ဆွေးနွေးဖြေရှင်းခြင်းကိုလည်း  ဆောင်ရွက်ခဲ့ပါသည်။   သို့ရာတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်  အကျုံးဝင်သက်ဆိုင်ခြင်း မရှိသည့် တိုင်ကြားစာစုစုပေါင်းမှာ ၃၀၆၇ စောင်ရှိသဖြင့် တိုင်ကြားစာ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရပါသည်။ 


အဂတိကင်းစင်ရေး၊ သင့်တာဝန်နှင့် သတိပြုရေး


ကော်မရှင်ရုံးသို့    တိုင်ကြားသည့်   တိုင်ကြားစာအများစုတွင် “အဂတိလိုက်စားမှုနှင့် မသက်ဆိုင်သည့်ကိစ္စရပ်များကို  တိုင်ကြား ခြင်း၊ ဥပဒေအရ တရားရုံးတွင် တရားစွဲဆိုဖြေရှင်းရမည့်ကိစ္စဖြစ်နေခြင်း၊    ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့်    အကြိမ်ကြိမ်တိုင်ကြားနေခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်နေခြင်း၊ တိုင်ကြားစာတွင်ပါဝင်သည့် အကြောင်းအရာများမှာ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့်အချက် အလက်များ မပါရှိခြင်း၊   မည်သည့်အထောက်အထား၊    သက်သေမှ မပါရှိဘဲ ယေဘုယျဆန်ဆန်ရေးသားတိုင်တန်းထားခြင်း၊    တိုင်ကြား သူ၏လက်မှတ် (သို့) တိုင်ကြားသူ၏  အမည်မပါရှိဘဲ  ပစ်စာသဘော တိုင်ကြားထားခြင်း” စသည့် အဂတိလိုက်စားမှုနှင့် သက်ဆိုင်ခြင်းမရှိ သည့် တိုင်ကြားစာများဖြစ်နေကြောင်းကို တွေ့ရှိရပါသည်။ 
သို့ဖြစ်ရာ   ပြည်သူများအနေဖြင့်   အဂတိလိုက်စားမှုများကို တိုင်တန်းဖော်ထုတ်ကြရာတွင် အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ  အထောက်အထားခိုင်လုံစွာနှင့်  တိုင်ကြားရန် လိုအပ်မည် ဖြစ်ပါသည်။ အခြားသူတစ်ဦးတစ်ယောက်အား ထိခိုက် နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန်တိုင်ကြားပါကလည်း  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ  အရေးယူခြင်းခံရနိုင်သဖြင့် သတိပြုဆင်ခြင်သင့်ပါသည်။      အချုပ်အားဖြင့်   အဂတိပယ်ခွာ  ပြည်သာယာရေး၊ ပြည်သူအပေါင်းမှလည်း ပါဝင်ပူးပေါင်းဆောင်ရွက် ရေး နှိုးဆော်အသိပေးတင်ပြအပ်ပါသည်။         ။
ရည်ညွှန်းကိုးကားသည့် စာအုပ်စာစောင်များစာရင်း
-    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
-    ကော်မရှင်ရုံးဝက်ဘ်ဆိုက်တွင်             ဖော်ပြထားသည့်အချက် အလက်များနှင့် အခြားအချက်အလက်များ