အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့

Type

ရွှေနန်းမေ

=====

 

အမျိုးသမီးများအပေါ်   နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများကို  ရပ်တန့်ပေးနိုင်ရန်အတွက် နိုဝင်ဘာလ   ၂၅  ရက်နေ့ကို  ဖဲကြိုးဖြူနေ့(ခေါ်) နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု  ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပေးခြင်း ဖြစ်ပါ သည်။   အဓိကအားဖြင့်   အမျိုးသမီးများအပေါ်  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အခြားအကြမ်း ဖက်မှုဆိုင်ရာကိစ္စများ    ပပျောက်နိုင်စေရန်နှင့် အမျိုးသမီးအများစု၏ မျှော်လင့်ချက်ကို  အကောင် အထည်ဖော်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ  လှုပ်ရှားမှု” (16 Days of Activism  against  Gender  Based  Violence)  သည် အပြည်ပြည်ဆိုင်ရာ       အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ  ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ  နှစ်စဉ်  ကျင်းပသည့် နိုင်ငံတကာလှုပ်ရှားမှုဖြစ်ပါသည်။ 


သတ်မှတ်ခဲ့


၁၇ ရာစုနှင့် ၁၈ ရာစု  အစောပိုင်းတို့တွင် ကမ္ဘာပေါ်ရှိ   အမျိုးသမီးအများစုသည် ကျား၊ မ တန်းတူညီမျှမှုအခွင့်အရေး  လုံးဝမရရှိသည့်အပြင်  အကြမ်းဖက်မှုများစွာကို     ခံစားခဲ့ရပါသည်။ ထို့ကြောင့်လည်း အမျိုးသမီးများ၏ အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်အတွက်  ထက်မြက်သည့် အမျိုးသမီးများဦးဆောင်၍ တောင်းဆိုမှုများစွာကို  ဆောင်ရွက်ခဲ့ကြပါသည်။   ၁၉၉၁   ခုနှစ်တွင် ပထမဆုံး Womenʼs   Global   Leadership Instituta က စတင်ခဲ့သည့်  Global  16  Days Campaign  ကို   ကျား၊  မ   ရေးရာအခြေခံ အကြမ်းဖက်မှုပပျောက်ရေး တောင်းဆိုရန်အတွက် ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်ခဲ့ကြခြင်း  ဖြစ်ပါ သည်။ ကမ္ဘာအနှံ့  အမျိုးသမီးထု၏   တောင်းဆို လှုပ်ရှားမှုများကြောင့်လည်း  ၁၉၉၉ ခုနှစ် ဒီဇင်ဘာ  လ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏  (၈၃)  ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ် ချက်အမှတ် (၅၃/၁၃၄) အရ နိုဝင်ဘာလ ၂၅  ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ်”  ဆုံးဖြတ် ချက်ချ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။


လှုပ်ရှားမှုစတင်သည့် နိုဝင်ဘာလ ၂၅ ရက် နေ့သည် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု  ရပ်တန့်ရေးနေ့ (Elimination of Violence against  Women Day) ဖြစ်ပါသည်။ အဆိုပါနေ့ကို ဖဲကြိုး ဖြူနေ့ဟုလည်း ခေါ်ကြပါသည်။   အဓိပ္ပာယ်မှာ အမျိုးသမီးများအပေါ်        အကြမ်းမဖက်ပါ၊ အကြမ်းဖက်မှု‌များကိုလည်း ဖြစ်နိုင်သမျှ ကာကွယ်  တားဆီးပေးမည်၊  အကြမ်းဖက်သည်ကို မြင်တွေ့ ရပါက ရေငုံနှုတ်ပိတ်မနေပါဆိုသည့် ကတိကဝတ် ပေးသည့်အဓိပ္ပာယ်ကို    ဆိုလိုခြင်းဖြစ်ပါသည်။  ၁၆  ရက်တာ  လှုပ်ရှားမှုကာလတွင်ပါဝင်သည့် ရက်များတွင်  နိုဝင်ဘာလ   ၂၉   ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ  အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International  Women Human Rights Defenders Day) ဖြစ်ပါ သည်။ ယင်းနေ့သည် အမျိုးသမီးနှင့် လူ့အခွင့်အရေး အတွက်    လှုပ်ရှားသူများအား    ဂုဏ်ပြုသည့် အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနေ့ သတ်မှတ် ခဲ့ခြင်း ဖြစ်ပါသည်။ 
ဒီဇင်ဘာ  ၁ ရက်နေ့သည် “ကမ္ဘာ့အေအိုင်ဒီ  အက်စ်နေ့”  (World AIDS Day) ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့” (International Day  of Person  with  Disabilities) ဖြစ်ပါသည်။ ထို့ပြင် ဒီဇင်ဘာလ ၆ ရက်နေ့သည်  ကနေဒါနိုင်ငံ   မွန်ထရီမြို့   လူသတ်ပွဲ  နှစ်ပတ်လည်နေ့ (Montreal Massacre Day) ဖြစ်ပြီး ထိုနေ့တွင် အမျိုးသမီးအခွင့်အရေးအတွက်  တိုက်ပွဲ ဝင်ခဲ့သည့် ကျောင်းသူ ၁၄ ဦးကို ၁၈၉၈  ခုနှစ်က  ပစ်သတ်ခဲ့သည့်     နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၁၀  ရက်နေ့မှာ ကမ္ဘာ့လူ့အခွင့်အရေးနေ့    (Human Rights Day) ဖြစ်ပါသည်။   ထိုကဲ့သို့  ထူးခြားသည့်ရက်များ အပါအဝင်“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု  ပပျောက်ရေးအတွက် ၁၆ ရက်တာလှုပ်ရှားမှု” ကို  ရက်ရှည်စွာကျင်းပသည့်လှုပ်ရှားမှုဟု ခေါ်ဆိုနိုင်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း  နှစ်စဉ်ကျင်းပ လေ့ရှိပါသည်။


အကြမ်းဖက်မှုကို ယခုအဆုံးသတ်


ယခုနှစ်ကျရောက်သည့် ၂၀၂၁ ခုနှစ်   နိုဝင်ဘာ လ ၂၅ ရက်နေ့သည် Global 16 Days Campaign ၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၂၀၂၁  ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိပြုလုပ်မည့် Gender-Based Violence against Activism ၏ ယခုနှစ် (၁၆) ရက်မြောက် လှုပ်ရှားမှုအတွက် ကမ္ဘာလုံးဆိုင်ရာ  ဆောင်ပုဒ်မှာ “Orange the world!”      အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုကို  ယခုအဆုံးသတ်ပါ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် နှစ်ပတ်လည်နေ့ဆောင်ပုဒ်အပြင်  Campaign    သည်   အိမ်တွင်းအကြမ်းဖက်မှုနှင့် လုပ်ငန်းခွင်အတွင်း ချိတ်ဆက်မှုကို အာရုံစိုက်ခြင်း ဖြင့်   လုပ်ငန်းခွင်တွင်  လိင်အခြေခံအကြမ်းဖက်မှု (GBV)  ရပ်တန့်ရေးအစီအစဉ်များကို   ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ 


ယနေ့အချိန်အခါတွင် အမျိုးသမီးအများစုမှာ  ကျား၊ မ တန်းတူညီမျှမှု ရရှိနေသော်လည်း အိမ်တွင်း အကြမ်းဖက်မှုအပါအဝင်    အကြမ်းဖက်မှုများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ အကြမ်းဖက်မှုများ ရပ်တန့် စေရန်အတွက်    ထိုကဲ့သို့လှုပ်ရှားမှုများကို   အများ ပြည်သူသိရှိရန်  လှုပ်ရှားဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ဖဲကြိုးဖြူနေ့အထိမ်းအမှတ်အဖြစ်   ဆိုရှယ်မီဒီယာ  ဖေ့စ်ဘွတ်ပေါ်တွင် ပရိုဖိုင်ပုံကို ဖဲကြိုးဖြူပုံစံလေးများ၊ ခရမ်းရောင်လေးများနှင့် လိမ္မော်ရောင် ဖရိန်လေးများ  ပြောင်းကြခြင်းဖြင့်     အမျိုးသမီးထုဦးဆောင်ပြီး အမျိုးသားများပါ  ပါဝင်လာကာ  လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်းဖြင့် လူထု တစ်ရပ်လုံးပါဝင်သည့်လှုပ်ရှားမှုအဖြစ်   မြင်တွေ့  နေကြရပြီ ဖြစ်ပါသည်။   မည်ကဲ့သို့သော အရောင် များကို ပရိုဖိုင်ပြောင်းပြောင်း အားလုံးတွင် တူညီသည့်  သဘောထားများရှိခြင်းမှာ အတူတူပင်ဖြစ်ကြောင်း  ထုတ်ဖော်ပြသသည့် လှုပ်ရှားမှုဖြစ်သဖြင့် အမျိုးသမီး များအပေါ်   အကြမ်းဖက်မှုပပျောက်ရန်   နှစ်စဉ် ဆောင်ရွက်သင့်သည့် လှုပ်ရှားမှုတစ်ခုပင် ဖြစ်ပါသည်။


ကျား၊ မရေးရာ တန်းတူညီမျှမှု


ကမ္ဘာ့နိုင်ငံအချို့တွင် ယင်းတို့၏ဓလေ့ထုံးတမ်း များကို ပယ်ဖျက်မှုမပြုဘဲ ကျား၊ မ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်းများ ကျန်ရှိနေသေးပြီး  မတရား ဖိနှိပ်ချုပ်ချယ်မှု၊   အကြမ်းဖက်မှုများ   ကျန်ရှိနေ ကြောင်း  သုတေသနစာတမ်းများအရ    သိရှိရပါ သည်။ ကျား၊ မ ရေးရာတန်းတူညီမျှမှုကို  အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ခေါင်းဆောင်မှုနေရာနှင့် အများပြည်သူ  နှင့်ဆိုင်သောဘဝများတွင်      ပါဝင်နိုင်ရန်အတွက် အခွင့်အရေးရရှိခြင်းအပါအဝင်  အမျိုးသမီးများနှင့်  အမျိုးသားများတွင်   တူညီသောအခွင့်အရေးနှင့် အခွင့်အလမ်းများရရှိနေခြင်းကို   ကျား၊  မရေးရာ တန်းတူညီမျှမှုဟု ဆိုလိုခြင်းဖြစ်ပါသည်။ အမျိုးသမီး များ၏ အခွင့်အရေးဆိုသည်မှာ ကျား၊ မဖြစ်ခြင်း အပေါ်မူတည်၍ အမျိုးသမီးများ တွေ့ကြုံနေရသော တူညီမျှတမှုမရှိခြင်းနှင့်     ခွဲခြားနှိမ့်ချဆက်ဆံ ခံရခြင်းများကို အသိအမှတ်ပြုပြီး အမျိုးသမီးများ၏  အခွင့်အရေးသည်    လူ့အခွင့်အရေးဖြစ်ကြောင်း သိရှိနိုင်ရန် ရည်ညွှန်းလိုခြင်းဖြစ်ပါသည်။
အမျိုးသားနှင့်    အမျိုးသမီးတန်းတူညီမျှမှု လှုပ်ရှားမှုများကို ၁၈ ရာစုကုန်ခန့်ကပင် အနောက် နိုင်ငံများ၌   စတင်ဆောင်ရွက်ခဲ့သည်။   ပြင်သစ် နိုင်ငံတွင် အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုအဖွဲ့ကို  ၁၈၉၀ ပြည့်နှစ်တွင်  Claude Dansart  က  စတင် ဦးဆောင်လှုပ်ရှားခဲ့ရာ ၁၈၇၁ ခုနှစ်များတွင်  အမျိုး သမီးနှင့် နိုင်ငံသူအခွင့်အလမ်း ကြေညာစာတမ်းကို  ထုတ်ပြန်နိုင်ခဲ့သည်။ ၁၈၇၁ ခုနှစ်တွင် အမျိုးသမီး သမဂ္ဂများ နိုင်ငံတစ်ဝန်းပျံ့နှံ့ခဲ့ပြီး ကျား၊ မ တန်းတူ ညီမျှရေး၊    လုပ်ငန်းခွင်   တန်းတူညီမျှမှုရရှိရေး၊  ကွာရှင်းပြတ်စဲခွင့်၊ အမျိုးသမီးပညာရေး   အခွင့် အလမ်းများလှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။ ပြင်သစ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများကြောင့် ၁၉၄၄ ခုနှစ်တွင် အမျိုးသမီးများ မဲပေးခွင့်ရရှိခဲ့သည့်အပြင် အစိုးရအဖွဲ့အတွင်းတွင် အမျိုးသားများနှင့်  ယှဉ်တွဲ  တာဝန်ယူခွင့်ရရှိစေခဲ့သည်။ 
အမေရိကန်နိုင်ငံတွင် ၁၇၇၆ ခုနှစ်၌ ဖွဲ့စည်းပုံ  ဥပဒေပေါ်ထွက်ခဲ့သော်လည်း အမျိုးသမီးများ မဲပေး ပိုင်ခွင့်မပါရှိခဲ့ပေ။ အမျိုးသမီးများ ဆန့်ကျင်မှုများ နှင့် ကြုံတွေ့ခဲ့ရပြီးနောက်   ၁၉၂ဝ  ပြည့်နှစ်တွင်    အမျိုးသမီးများမဲပေးခွင့်ရရှိရေး        ဖွဲ့စည်းပုံကို  ပြင်ဆင်ပေးခဲ့ရသည်။ ဆက်လက်ပြီး   အမျိုးသမီး တန်းတူညီမျှခွင့်ရရှိရေးအတွက်     ဘက်ပေါင်းစုံမှ   တိုက်ပွဲဝင်ခဲ့ကြသည်။    နောက်ပိုင်းတွင်     မဲပေး ပိုင်ခွင့်သည် နယူးဇီလန်၊ ဆိုဗီယက်၊ ဂျာမနီ၊ ပိုလန်၊ ဩစတြေးလျနှင့်  ဆွီဒင်နိုင်ငံတို့သို့   ပျံ့နှံ့လာခဲ့  သည်။  အမျိုးသမီးဘက်ကို    အလေးပေးစဉ်းစား ဆွေးနွေးခဲ့ကြသည်။ မိခင်နှင့်ကလေးများအတွက် လူမှုဖူလုံရေးနှင့် စောင့်ရှောက်ရေးတို့ကို  ဦးစားပေး  ဆောင်ရွက်လာခဲ့ကြသည်။ အမျိုးသမီးများ တန်းတူ ရည်တူ  ဆက်ဆံရေးအတွက် Feminism ခေါ် အမျိုးသမီး၊  အမျိုးသား    တန်းတူဆက်ခံခွင့်ရရှိရေး ဝါဒများ ပေါ်ပေါက်လာခဲ့ကြသည်။  ထိုခေတ်အခြေ အနေအရ    အမျိုးသမီးများတွင်လည်း   သီးသန့် ခံစားချက်များရှိသည်ကို   အသိအမှတ်ပြုရန် လိုအပ်နေခြင်းပင် ဖြစ်ပါသည်။

 
အလေးအနက်ထား စဉ်းစားလာခဲ့ကြ


ထို့ကြောင့်လည်း နောက်ပိုင်းတွင် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများသည်  ၎င်းတို့အပေါ်  ယဉ်ကျေးမှုအရလည်းကောင်း၊  နောက်ခံသမိုင်း ကြောင်းအရလည်းကောင်း     ဖိနှိပ်မှုများကို တွန်းလှန်ရန် တောင်းဆိုခဲ့ကြသည်။  ထိုတောင်းဆို မှုများတွင် လုပ်ခလစာညီတူညီမျှရပိုင်ခွင့်၊ တန်းတူ ညီမျှ ပညာသင်ယူခွင့်နှင့်  အလုပ်အကိုင်ရရှိနိုင် သည့်    အခွင့်အရေး၊   လွတ်လပ်စွာ  ပဋိသန္ဓေ တားပိုင်ခွင့်၊    ဖျက်ချပိုင်ခွင့်နှင့်       ရယူပိုင်ခွင့်၊ လိင်ဆက်ဆံမှုဆိုင်ရာ         လွတ်လပ်ပိုင်ခွင့်၊ လိင်တူချင်းဆက်ဆံမှုကို မိမိသဘောကျ ဆုံးဖြတ် ပိုင်ခွင့်၊ အတင်းအကျပ်အဓမ္မပြုကာ  လိင်ဆက်ဆံ ခြင်းတို့မှ    ကင်းလွတ်ခွင့်များ   ပါဝင်ခဲ့ပါသည်။  အမျိုးသမီးများ၏ တိုက်ပွဲဝင်လှုပ်ရှားမှုများကြောင့် အမျိုးသမီးရေးနှင့်ပတ်သက်ပြီး   မျက်မှောက် ကာလတွင်   သတိပြုမိကာ    အမျိုးသမီးများ၏  အခွင့်အရေးကို ဂရုစိုက်လာခဲ့ကြသည်။ တန်းတူ ညီမျှမဖြစ်မှု၊     နှိမ့်ချစွာ   ဆက်ဆံခံရမှုများကို အလေးအနက်ထား    စဉ်းစားလာခဲ့ကြသည်။ အမျိုးသမီးများ၏ဆင်းရဲမွဲတေမှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ညီမျှရေး၊  ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး၊   အမျိုးသမီးများအပေါ် အနိုင်အထက်ပြုခြင်း၊ အမျိုးသမီးများ၏  တိုးတက် ဖွံ့ဖြိုးရေးမြှင့်တင်ရန်   ယန္တရားများအားဖြည့်ရေး၊     အမျိုးသမီးများအပေါ်   ရပ်တည်ချက်အမြင်များ တိုးတက်ကောင်းမွန်စေရေး၊       မီဒီယာကဏ္ဍ ဖြန့်ချိဆောင်ရွက်ပေးရေး၊     အမျိုးသမီးများ၏  ဥပဒေရပိုင်ခွင့်အခွင့်အရေးများ၊   ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊    အမျိုးသမီးငယ်လေးများအား စောင့်ရှောက်ရေးစသည်များကို  ဆောင်ရွက်ခဲ့ကြ သည်။

ထိုလှုပ်ရှားမှုများကြောင့်လည်း    ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အမျိုးသမီးများနှင့်ပတ်သက်သည့်  အတွေးအခေါ် အယူအဆများ   ပြောင်းလဲလာခဲ့ ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးလှုပ်ရှားမှုများ အောင်မြင်သည်ဟုဆိုနိုင်သည့်          ဥပဒေများ၊ ကန့်သတ်ချက်များ       ပြောင်းလဲလာခဲ့သည်ကို  ကမ္ဘာ့နိုင်ငံအနှံ့တွင်    တွေ့မြင်လာခဲ့ရပါသည်။ တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်  ၂ဝ၁၄  ခုနှစ် နိုဝင်ဘာလအတွင်း အိမ်တွင်းအကြမ်းဖက်မှု  တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို   တရုတ် အစိုးရက    ရေးဆွဲပြီးကြောင်း   ကြေညာခဲ့ရာ လူ့အခွင့်အရေးလှုပ်ရှားသူများက   ကြိုဆိုခဲ့ကြ သည်။    ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ကလေးငယ်များအား အိမ်ထောင်ချထားပေးမှုကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ၂၀၁၄ ခုနှစ် ဇွန်လ တွင်  ချမှတ်ခဲ့သည်။   ကလေးသူငယ်များအား  အိမ်ထောင်ချပေးခြင်းသည်   လူ့အခွင့်အရေးကို   ချိုးဖောက်ခြင်းဖြစ်ကြောင်း      သတ်မှတ်ခဲ့သည်။ ဂွါတီမာလာနိုင်ငံက မိန်းကလေးများ  လက်ထပ် နိုင်သောအသက်အား (၁၄) နှစ်မှ  (၁၈)  နှစ်သို့    တိုးမြှင့်သတ်မှတ်၍   ဥပဒေပြဋ္ဌာန်းပေးခဲ့သည်။ ၉-၃-၂ဝ၁၅    ရက်နေ့တွင်    ချီလီနိုင်ငံတွင်လည်း   အမျိုးသမီးရေးရာဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်း နိုင်ခဲ့သည်။  အစ္စလာမ်နိုင်ငံ    ဆော်ဒီအာရေဗျ တွင်လည်း ၂၀၁၅ ခုနှစ်   ဒီဇင်ဘာလ ၁၂ ရက်နေ့  ရွေးကောက်ပွဲများ၌    ဆော်ဒီအမျိုးသမီးများ ပထမဆုံးမဲပေးခွင့်    ရရှိလာခဲ့သည်။   အစ္စလာမ်  နိုင်ငံများတွင်လည်း အမျိုးသမီးများ ပညာသင်ကြား ခွင့်ဆုံးရှုံးမှုကိုရရှိရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ 


တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့


အမျိုးသမီးထုကို        ကိုယ်စားပြုသည့် အတွေးအမြင်များသည် လူသားသမိုင်းတစ်ခေတ် ကို ဆန်းသစ်လာခဲ့ပြီး အမျိုးသားများ၏ အတွေး အမြင်များကို ပြောင်းလဲစေခဲ့ပါသည်။ အမျိုးသမီး အခွင့်အရေးချိုးဖောက်မှုများကို     နိုင်ငံတိုင်းရှိ အစိုးရများက အခိုင်အမာရပ်တည်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အမျိုးသမီး၊ အမျိုးသား များနှင့်    ဆင်းရဲမှုပပျောက်ရေး၊   အမျိုးသမီး၊ အမျိုးသားဆိုင်ရာ   အကြမ်းဖက်မှု၊    သဘာဝ ဘေးအန္တရာယ်        ကာကွယ်တားဆီးရေးနှင့်   အမျိုးသမီး၊ အမျိုးသားများ   တန်းတူဆက်ဆံရေး ကဏ္ဍစသည်ဖြင့်     အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ ကျင်းပခြင်းဖြင့်လည်း  အမျိုးသမီး များ၏  အခွင့်အရေးကိုရရှိနိုင်ရန်   ဆောင်ရွက် လာကြပါသည်။ အမျိုးသမီးများနှင့်  မိန်းကလေး ငယ်များအပေါ်    အကြမ်းဖက်မှုသည်  လူ့အဖွဲ့ အစည်းတိုင်းတွင်    ရှိနေသကဲ့သို့   မတူညီသော အခြေအနေများတွင်     မတူညီသောပုံစံများ၊ ဖြစ်နိုင်ခြေရှိသောပုံစံများ ရှိကြပါသည်။ ထို့ကြောင့် လည်း  အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု တားဆီးကာကွယ်ရေး  လှုံ့ဆော်မှုအများအပြား သည်  အိမ်တွင်းအကြမ်းဖက်ခံရမှုအပေါ် အာရုံ စိုက်လာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ် များအပေါ် အကြမ်းဖက်မှုကို လျော့နည်းပပျောက် သွားစေမည် ဖြစ်ပါသည်။ 


မြန်မာနိုင်ငံတွင်လည်း ၁၆ ရက်တာ လှုပ်ရှား မှုကို  ၂၀၁၂  ခုနှစ်မှစတင်ကာ  နှစ်စဉ်ကျင်းပ လာခဲ့ပါသည်။   ၂၀၁၈  ခုနှစ်မှစတင်ကာ   ၁၆ ရက်တာလှုပ်ရှားမှုကို ထာဝရဖဲကြိုးဖြူလှုပ်ရှားမှု နှင့်အတူ  လှုပ်ရှားဆောင်ရွက်ခဲ့ပြီး  “အမျိုးသမီး များအပေါ်  အကြမ်းဖက်မှုပပျောက်ရေး၊ ဥပဒေဖြင့်  ကာကွယ်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်း (PoVAW) ကို ၂၀၁၃ ခုနှစ်ကတည်းက   အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်   နိုင်ငံတကာအဖွဲ့ အစည်းများက    ရေးဆွဲထားပြီး   ဖြစ်ပါသည်။ အဆိုပါ   ဥပဒေမူကြမ်းထဲတွင်  အမျိုးသမီးများကို  အကြမ်းဖက်မှုပုံစံမျိုးစုံအတွက်  ကာကွယ်ပေးနိုင်ရန် လိုအပ်ချက်များကို ပြဋ္ဌာန်းထားပေးပြီး အကြမ်းဖက်မှု  အားလုံးအတွက် အကျုံးဝင်အောင်  ရေးဆွဲထားပါ သည်။  ဥပဒေမူကြမ်းကို   ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း      နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်    အများပြည်သူ  သိရှိအောင်  ထုတ်ပြန်ကြေညာခဲ့ပါ သည်။


အမျိုးသမီးများ၏ အဆင့်အတန်း
မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်


မြန်မာနိုင်ငံသည်    အမျိုးသမီးများ   ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   အမျိုးသားအဆင့်   မဟာ ဗျူဟာ(၁၀)နှစ်စီမံကိန်း   (၂ဝ၁၃-၂၀၂၂)  အား သက်ဆိုင်ရာဧရိယာအလိုက်  စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်းအား        အရပ်ဘက် အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်  လူမှုပတ်ဝန်းကျင်တွင် ပါဝင်လှုပ်ရှားခဲ့သည့်အပြင်  နိုင်ငံတကာရေးရာတွင် လွတ်လပ်၍တက်ကြွသော  ဘက်မလိုက်မူဝါဒကိုကျင့်သုံးကာ    နိုင်ငံတကာ ရေးရာများ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိသည်။   မြန်မာနိုင်ငံအမျိုးသမီးများ၏  အဆင့် အတန်းမှာ  အထူးသဖြင့်  အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြင့်မားသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း  မြန်မာနိုင်ငံသမိုင်းကြောင်းအရ   သိရှိနိုင်ပါသည်။ ခေတ်အဆက်ဆက်    မြန်မာအမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်စွမ်းကို  စာပေ၊ ဂီတ၊ သဘင်၊ အနုပညာရပ်များတွင်လည်းကောင်း၊    ပညာရေး၊ ကျန်းမာရေး၊     အားကစားနှင့်   စီးပွားရေးကဏ္ဍ အသီးသီးတွင်  အမျိုးသမီးများ  ဦးဆောင်နိုင်မှုကို လည်းကောင်း ယခုအချိန်အထိ တွေ့မြင်နိုင်ပါသည်။


မြန်မာနိုင်ငံသည် အမျိုးသမီးများကို အပြည့်အဝ   ကာကွယ်ပေးနိုင်ရန်အတွက်  အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သည်ကို အပြည်ပြည်ဆိုင်ရာ စာချုပ် များနှင့် သဘောတူညီချက်များ  ချုပ်ဆိုခြင်းများမှ သိရှိနိုင်ပါသည်။ ၁၉၄၉ ခုနှစ်မှစတင်ကာ  လူကုန် ကူးမှုနှင့် ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်းအား  ပိတ်ပင်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊  ၁၉၅၁ ခုနှစ်တွင် တန်းတူလုပ်ခရရှိရေးဆိုင်ရာ အိုင်အယ်လ် အိုသဘောတူညီချက်၊ ၁၉၅၂ ခုနှစ်တွင် အမျိုးသမီး များ၏ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ကွန်ဗင်းရှင်း  (Convention on Political Rights of  Women)၊ ၁၉၆၅ ခုနှစ်တွင် လူမျိုးရေးဖိနှိပ်မှု  နည်းမျိုးစုံအား ဖျက်သိမ်းရေးသဘောတူစာချုပ် (Convention on  the  Elimination  of  all  forms  of  Racial Discrimination -CERD)၊ ၁၉၅၇ ခုနှစ်တွင် လက်ထပ်   ထိမ်းမြားသော  အမျိုးသမီးများ၏     နိုင်ငံသား လူမျိုးဖြစ်မှုဆိုင်ရာ ကွန်ဗင်းရှင်း၊  ၁၉၆၂  ခုနှစ်တွင် လက်ထပ်ထိမ်းမြားရန် သဘောတူညီမှု၊ လက်ထပ် ထိမ်းမြားနိုင်သော အနိမ့်ဆုံး  အသက်အရွယ်နှင့်  လက်ထပ်ထိမ်းမြားမှု          မှတ်ပုံတင်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊    ၁၉၇၄   ခုနှစ်တွင်   အရေးပေါ် အခြေအနေနှင့် စစ်မက်ဖြစ်ပွားချိန်တွင် အမျိုးသမီး နှင့် ကလေးသူငယ်များအား  အကာအကွယ်ပေးရေး ဆိုင်ရာ    ကြေညာစာတမ်း၊   ၁၉၇၉  ခုနှစ်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာ   ကွန်ဗင်းရှင်း   (Convention  on  the   Elimination  of  all  forms  of  Discrimination Against Women- CEDAW) တို့ဖြစ်ပါသည်။


ကမ္ဘာ့နိုင်ငံများနည်းတူ တည်ရှိနေဆဲဖြစ် 


မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး ရရှိမှုမှာ ကမ္ဘာနှင့်ယှဉ်ပါက ထိပ်ဆုံးက  ရှိနေနိုင် သော်လည်း လူကုန်ကူးခံရခြင်း၊ အိမ်တွင်းအကြမ်း ဖက်မှုနှင့် သက်ငယ်မုဒိမ်းများသည်  ကမ္ဘာ့နိုင်ငံများ နည်းတူ   တည်ရှိနေဆဲဖြစ်ပါသည်။       သို့သော်   အချို့သော    အမျိုးသမီးများမှာ     မိမိကိုယ်တိုင် အကြမ်းဖက်မှုခံရသည်ကို နားလည်သဘောပေါက်မှု အားနည်းသည်ကိုလည်း     တွေ့ရှိနေရပါသည်။ အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုဆိုသည်မှာ  လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍ သို့မဟုတ် အလုပ်ခွင်     သို့မဟုတ်   ကွန်ရက်ချိတ်ဆက်ခြင်း သို့မဟုတ် မီဒီယာ  သို့မဟုတ် အခြားနေရာများတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီး ဖြစ်နေခြင်းကြောင့် အမျိုးသမီးများ၏  အခွင့်အရေး များကို ချိုးဖောက်ခံရခြင်း၊ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာသို့မဟုတ် စီးပွားရေး  ဆိုင်ရာ ထိခိုက်နစ်နာမှု သို့မဟုတ် ခြိမ်းခြောက်မှုနှင့် အနိုင်ကျင့်သည့် အပြုအမူများ  သို့မဟုတ် ချန်လှပ် ထားမှုများ ပါဝင်ပါသည်။
အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ သွေးသား တော်စပ်သည့်  မိသားစုဝင်  သို့မဟုတ် အခြားမိသားစု ဝင် သို့မဟုတ် သူမ၏ရင်းနှီးသော လက်တွဲဖော်စသည် တို့မှ   အမျိုးသမီးတစ်ဦးအပေါ် ထိခိုက်နာကျင်စေသော    မည်သည့်လုပ်ရပ်မဆို၊  ၎င်းတွင် အမျိုးသမီး၏ အခွင့် အရေးများကို ချိုးဖောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း များမှတစ်ဆင့်ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ၊   စိတ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ  အကြမ်းဖက်မှုများ ပါဝင်သည်။
ရုပ်ပိုင်းဆိုင်ရာ     အကြမ်းဖက်မှုဆိုသည်မှာ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်  သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိခိုက်နာကျင်စေရန် သို့မဟုတ်  အမျိုးသမီးအား သေကျေပျက်စီးစေရန်  လက်နက် ပါသည်ဖြစ်စေ၊   မပါသည်ဖြစ်စေ     သို့မဟုတ် အရာဝတ္ထုတစ်ခုနှင့်ဖြစ်စေ       ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုပုံစံမဆို ရည်ရွယ်၍ဖြစ်စေ၊  မရည်ရွယ်ဘဲဖြစ်စေ နှိပ်စက်ခြင်း၊ အကြမ်းဖက် ခြင်း၊ စော်ကားခြင်း၊ အင်အားသုံး၍   အကျဉ်းချခြင်း၊ သီးသန့်ဖြစ်နေစေရန်   ခွဲခြားထားခြင်း    သို့မဟုတ်  လွတ်လပ်မှုမရှိအောင်  ချုပ်ထိန်းထားခြင်း ဖြစ်ပါ သည်။


စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု


စိတ်ပိုင်းဆိုင်ရာ     အကြမ်းဖက်မှုဆိုသည်မှာ စိတ်ခံစားမှုကို       ထိခိုက်နာကျင်စေရန်နှင့် အမျိုးသမီး၏    ဂုဏ်သတင်းယုတ်လျော့စေရန်  ကျူးလွန်သော    မည်သည့်အကြမ်းဖက်မှုမဆို၊   နှုတ်ဖြင့်အကြမ်းဖက်သော       အပြုအမူများ   အနှောင့်အယှက်ပေးခြင်း၊     ထိန်းချုပ်ခြင်း၊ အရှက်ခွဲခြင်း၊  ခြိမ်းခြောက်ခြင်း၊ လျစ်လျူရှုခြင်း၊ သီးသန့်ဖြစ်နေစေရန် ခွဲထားခြင်း၊  အာဃာတဖြင့်   နှုတ်ဆိတ်နေခြင်း   သို့မဟုတ် ဂုဏ်သရေပျက်စေ ခြင်းတို့ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ  အမျိုးသမီးတစ်ဦး၏ ပစ္စည်းဥစ္စာ  ပိုက်ဆံဝင်ငွေ ရလမ်း၊  ငွေကြေးဆိုင်ရာ  အမှီအခိုကင်းမှုတို့ကို ပျက်စီးစေရန်၊ သိမ်းပိုက်နိုင်ရန်၊  ကန့်သတ်ရန်၊ အလွဲသုံးစားပြုရန်    သို့မဟုတ်   တားမြစ်ရန် လုပ်ဆောင်သော  မည်သည့်အပြုအမူမဆိုနှင့် အမျိုးသမီး၏  စီးပွားရေးဆိုင်ရာ  အခွင့်အလမ်း များကို တားဆီးခြင်းတို့ပင် ဖြစ်ပါသည်။


အမျိုးသမီးများအနေဖြင့် မိမိတို့တွင်ဖြစ်ပေါ် ခံစားနေရသည်များမှာ    အကြမ်းဖက်ခံရခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်   လိုအပ်မည်ဖြစ်ရာ  အစိုးရနှင့်      သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာပေးခြင်းကို     ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်လိုအပ်မည်     ဖြစ်ပါသည်။ အကြမ်းဖက်မှုခံရသူများအတွက်    လုပ်ဆောင် နိုင်သည့်  နည်းလမ်းများအနက်  အကောင်းဆုံး နည်းလမ်းများမှာ    အကြမ်းဖက်ခံရသူများနှင့် စကားပြောဆိုမှုဖြင့်   စတင်ရမည်ဖြစ်ပါသည်။  ထိုမှတစ်ဆင့် အကြမ်းဖက်ခံရသူများ၏ ခံစားချက် များကို   နားထောင်ပေးခြင်းနှင့်    ၎င်းတို့အား  ယုံကြည်မှုပေးခြင်းပင်     ဖြစ်ပါသည်။     ထို့အပြင် အကြမ်းဖက်ခံရမှုများအတွက်    ဥပဒေဘောင် အတွင်းမှ     တုံ့ပြန်မှုဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးရမည်   ဖြစ်ပါသည်။   အကြမ်းဖက်မှု တားဆီးကာကွယ်နိုင်ရန်အတွက်  မျိုးဆက်သစ် များအား ကျား၊ မရေးရာအကြောင်းများ၊ တစ်ဦးနှင့့်  တစ်ဦး လေးစားရမည့်အချက်များ၊ လူ့အခွင့်အရေး များကို ကျောင်းသင်ခန်းစာများနှင့် မိသားစုများက  သင်ကြားပေးရမည် ဖြစ်ပါသည်။ 


အကြမ်းဖက်မှုရှိသည့် ပတ်ဝန်းကျင်၊  နိုင်ငံ တစ်ခုသည် နိုင်ငံသားအားလုံးအတွက် စိတ်အေးချမ်း ပျော်စရာကောင်းသည့်နေရာတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် အကြမ်းဖက်မှုကို တွန်းလှန် ရမည်မှာ  လူသားအားလုံးတွင် တာဝန်ရှိသည့်အပြင်  မိမိကိုယ်တိုင်  အကြမ်းဖက်မှုကို  ရှောင်ရှားခြင်း၊  အကြမ်းဖက်မှုမှန်သမျှကို    ရှုတ်ချတွန်းလှန်ရန်နှင့်  အကြမ်းဖက်မှုများ    မဖြစ်ပေါ်စေရန်အတွက် တားဆီးကာကွယ်ရမည်မှာ နိုင်ငံတွင်း နေထိုင်သူ အားလုံး၏တာဝန်အဖြစ် မှတ်ယူထားသင့်ပါသည်။  သို့မှသာ တရားမျှတပြီး  ကိုယ်၊  စိတ်နှလုံးလုံခြုံ စိတ်ချစွာ  နေထိုင်သွားနိုင်မည့်  လူ့ဘောင်အဖွဲ့ အစည်းဖြစ်ပေါ်လာနိုင်မည်      ဖြစ်ပါသည်။ ထို့ကြောင့် “အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု  ပပျောက်ဖို့    ယခုပင်ဆောင်ရွက်ကြပါစို့”    ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။