
နေပြည်တော် ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး မြိုင်မြို့နယ် မြို့စိုး(တောင်)ကျေးရွာနေ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ စတင်ကာ မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန် ထမ်းဆောင်သူ ဒေါ်အေးအေးပြုံး အပါအဝင် မိသားစု ဝင် သုံးဦးအား ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့များက ရက်စက်စွာ သတ်ဖြတ် ခဲ့ကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ ချက်အရ သိရှိရသည်။
ထိုသို့ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အခြေခံပညာအလယ်တန်း ကျောင်းခွဲ (ဘောတုံ) ကျောင်းအုပ်တာဝန် ထမ်း ဆောင်သူ ဦးမင်းဇော် (ဘ)ဦးထွန်းစိန် အသက်(၅၂)နှစ်၊ ဇနီးဖြစ်သူ မြို့စိုးကျေးရွာအုပ်စုစာရေး ဒေါ်အေးအေးပြုံး(ဘ)ဦးရွှေလှိုင် အသက်(၅၄)နှစ်နှင့် သမီးဖြစ်သူ အခြေခံပညာ မူလတန်းကျောင်း (မကျီးကုန်း)တွင် မူလတန်းပြတာဝန်ထမ်းဆောင်သူ ဒေါ်အေးသူဇာ (ဘ)ဦးမင်းဇော် အသက်(၂၇)နှစ်တို့ကို ပုဆစ်တုပ်အနေအထားဖြင့် လည်ဂုပ်များ၌ ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ မိသားစု ဝင် သုံးဦးသည် နေအိမ်၌ အိပ်ပျော်နေစဉ် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သူ ၃၀ ခန့်က သေနတ်နှင့် ဓားများကိုင်ဆောင်၍ ရောက်ရှိလာပြီး CDM ပြုလုပ် ခြင်းမရှိသဖြင့် ဒလန်ဟု စွပ်စွဲကာ မိသားစုဝင် သုံးဦး ကို နေအိမ်ရှေ့၌ ဒူးထောက်ထိုင်ခိုင်း၍ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖခင်၊ သမီးတို့မှာ ပညာရေးဝန်ထမ်းနှင့် မိခင်ဖြစ်သူမှာ ကျေးရွာအုပ်စု စာရေးများဖြစ်ပြီး Non CDM သမားများဖြစ်ကာ နိုင်ငံ့တာဝန်များအား အစိုးရအဆက်ဆက် ရိုးသား စွာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သော်လည်း CDM မပါခြင်းကြောင့် “ ငါနှင့်မတူ ငါ့ရန်သူ ” ဟု သတ်မှတ်၍ လူမဆန်စွာ ဒူးထောက်လျက် ရက်ရက် စက်စက် လည်ပင်းအား ဓားဖြင့် မသေမချင်းခုတ်ထစ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်း မိသားစုအပေါ် လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်းအပေါ် ဆွေမျိုး အသိုင်းအဝိုင်းကလည်း “ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ” ကြောင်း ကြွေးကြော်လျက် လူသား စိတ်ကင်းမဲ့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများကို မြေလှန်ရှာဖွေကာ ဖမ်းဆီးဖော်ထုတ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လူမဆန်သည့် အကြမ်းဖက်သမားများ၏ သတင်းရရှိ ပါကလည်း တိုင်တန်းသတင်းပေးပို့ရေး ဆွေမျိုး အသိုင်းအဝိုင်းများက ပတ်ဝန်းကျင်ရှိ ကျေးရွာများ သို့ အကူအညီတောင်းခံထားကြောင်း သိရှိရသည်။
နိုင်ငံ့တာဝန်များကို အစိုးရအဆက်ဆက် ရိုးသားစွာ တာဝန်ကျေပွန်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း ကောင်း မိသားစုများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည့် အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း၊ အကြမ်း ဖက်သမားများ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွား လာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်