မြန်မာအသင်း ထိုင်းကို ရှုံးနိမ့်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၁


စင်ကာပူနိုင်ငံ၌ကျင်းပနေသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို ဆက်လက်ပြုလုပ်ရာ ထိုင်းနှင့် ဖိလစ်ပိုင် အသင်း အနိုင်ရပြီး မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ တတိယနေ့ တွင် ဖိလစ်ပိုင်အသင်းက တီမောအသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ ထိုင်းအသင်း က မြန်မာအသင်းကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်း သည်   ထိုင်းအသင်းဆီမှ  အမှတ်ရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ သုံးပွဲကစားရာတွင် သုံးမှတ်သာရသေး သည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အခွင့် အရေး နည်းပါးသွားပြီဖြစ်ပြီး လက်ကျန်ပွဲများကို စောင့်ကြည့်ရမည် ဖြစ်သည်။   ထိုင်းအသင်းမှာမူ    နှစ်ပွဲဆက်အနိုင်ရထားခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် အခွင့်အရေးရှိလာသည်။

 


မြန်မာအသင်းသည် မျိုးမင်းလတ် (ဂိုး)၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆွမ်လမန်၊ လှိုင်းဘိုဘို၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး တီမောကို အနိုင်ရသည့် ပွဲထွက်လူစာရင်းကို တစ်ဦးသာ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။   နာမည်ကြီးကစားသမားအများစု   ပါဝင်လာသည့် ထိုင်းအသင်းသည် မြန်မာအသင်းကို ပွဲစကတည်းက ဖိအားပေးနိုင်ခဲ့ပြီး ဒန်ဒါ၊ ချာနာသစ်နှင့် ဆူပါချိုင်းတို့၏ တိုက်စစ်တွဲလုံးမှာ မြန်မာဂိုးပေါက် ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ၂၃ မိနစ်တွင် ထိုင်းအသင်း အဖွင့်ဂိုးရခဲ့ပြီး ဒန်ဒါက ပယ်နယ်တီဧရိယာထိပ်မှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်း နောက်ပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေးများရခဲ့သော်လည်း အသုံး မချနိုင်ပေ။   ဒုတိယပိုင်းအစတွင်    ထိုင်းအသင်း    ဒုတိယဂိုးရခဲ့ပြီး ၅၃ မိနစ်တွင်   ဒန်ဒါကပင်   ပယ်နယ်တီမှတစ်ဆင့်   သွင်းယူခဲ့သည်။ ထိုင်းအသင်းအတွက် နောက်ထပ်အနိုင်ဂိုးများကို ၇၇ မိနစ်တွင် ဝိုရာချစ် နှင့် ၉၀+၂ မိနစ်တွင် ဆူပါချော့တို့က သွင်းယူခဲ့သည်။ မြန်မာအသင်း  ချေပဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း လူစားဝင်တိုက်စစ်မှူး  ဝင်းနိုင်ထွန်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့သည်။

 


အုပ်စုတတိယနေ့အပြီးတွင် စင်ကာပူနှင့် ထိုင်းအသင်းက နှစ်ပွဲ ကစား ခြောက်မှတ်စီ၊ ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား သုံးမှတ်၊ မြန်မာအသင်းက သုံးပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းမှာမူ သုံးပွဲကစား သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။                                                    

ရဲရင့်လွင်