မြန်မာ့အလင်းအယ်ဒီတာအာဘော်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီ ဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်းဖြစ်ပါ၏။
ထိုသို့ ရောဂါပိုးပြန့်ပွားမှု ထင်ထင်ရှားရှားရှိနေသည့် စစ်တွေ နှင့် သက်ဆိုင်ရာဒေသများကို အထူးကျန်းမာရေးစောင့်ရှောက်မှု အစီအမံများဖြင့် ပြင်ဆင်ကာကွယ်နေခြင်းဖြစ်ပါသည်။ စစ်တွေ မြို့က ပြည်သူများနှင့်တကွ ရောဂါပိုးကူးစက်နိုင်သည်ဟု ခန့်မှန်း ရသည့် အခြားသောမြို့နယ်များက ပြည်သူတို့ကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးမည်၊ လိုအပ်သလို ကုသပေးနိုင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်ဟု သိရပါသည်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးသည် စစ်တွေမြို့နယ် သို့မဟုတ် ရခိုင်ပြည်နယ် တစ်ခုတည်း၏ ပြဿနာ မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် လုပ်ငန်းရပ် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူအားလုံးကို ထိခိုက်နစ်နာစေမည့် ရောဂါ ဖြစ်လေရာသည် ရောဂါပိုးပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး သည် အမျိုးသားရေးလုပ်ငန်းတစ်ရပ်ပင် ဖြစ်ပါသည်။
ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုးသည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ယောက်ျားမိန်းမ၊ ကလေးလူကြီး မခွဲခြား။ မည်သူ့ကိုမဆို ဝင်ရောက် နိုင်သည့် ရောဂါပိုးဖြစ်ကာ မည်သူ့ထံ၌ ရောဂါပိုးရှိနေသည်ဆိုခြင်းကို ဓာတ်ခွဲမစစ်ဆေးဘဲ တပ်အပ်မပြောနိုင်ပါ။ ထို့ကြောင့် နေထိုင်မှု ပုံစံ ပေါ်တည်၍ မိမိတို့ထံသို့ ရောဂါပိုးက အချိန်မရွေး ဝင်ရောက်လာ နိုင်သည်ဟု သတိပြုကြရန် လိုပါသည်။ အစိုးရိမ်လွန်၊ အကြောက် လွန်ရန်မဟုတ်ဘဲ ပိုသည်မရှိ၊ လွန်ကဲသည်ဟုမရှိသော သတိတရား ကို လက်ကိုင်ထားကာ နေထိုင်ကြရန်သာ ဖြစ်ပါသည်။
ဒေသတွင်း၌ ရောဂါပိုးပျံ့နှံ့နေသည်ဟူ၍ သိရသည့်အခါ ဒေသနေပြည်သူတို့သည် အခြားဒေသသို့ ကူးကြ၊ ရွှေ့ပြောင်းကြ လိုသည်မှာ လူ့သဘာ၀ပဲဖြစ်ပါသည်။ သို့သော်လည်း လက်တွေ့ ဘ၀တွင် ထိုသို့ပြောင်းရွှေ့ကြ၊ ကူးလူးကြခြင်းက ပိုမိုဆိုးရွားသည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဆိုခြင်းကို နားလည်ကြရန် လိုအပ်ပါသည်။
ထို့ပြင်၊ နေ့စဉ်ထုတ်ပြန်နေသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကြေညာချက်များအရဆိုလျှင်၊ ရောဂါပိုးကူးစက်ထား သူများကို ကုသပျောက်ကင်းနေသည်ကို ထောက်ချင့်ခြင်းအားဖြင့် ရောဂါပိုးရှိမှန်းသိလျှင် စောစောကုသခြင်းသည် ရောဂါပျောက်ကင်း ရေးအတွက် ပိုမိုစိတ်ချရသည်ကို တွေ့ရပါမည်။ ထို့ကြောင့် လက်ငင်း အခြေအနေအရ၊ ပြန့်ပွားမှုများဖြစ်ပေါ်နေသည့်ဒေသနှင့် ပြန့်ပွားရန် အခွင့်အလမ်းရှိနေသည့် ဒေသများတွင် နေထိုင်သူများကို ဦးစားပေး ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ပြန့်ပွားမှုအရှိန်ကို လျှော့ချနိုင်မည်ဖြစ်ပြီး ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်မှာ အသေ အချာ ဖြစ်ပါသည်။
ပြည်တွင်းရောဂါပြန့်ပွားမှု ပြန်လည်မြင့်တက်လာသည်၊ ပြည်တွင်း ကူးစက်မှုများပေါ်လာ၍ ကိုဗစ်ရောဂါ ဒုတိယလှိုင်းဖြစ်လာ နိုင်သည့်အလားအလာရှိနေသည့်အတွက် ပြည်သူတို့ မပေါ့ဆကြ ပါနှင့်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက် သည့်အခါ ရုတ်ချည်းဆိုသလိုပင် နိုင်ငံအနှံ့ရှိ ပြည်သူတို့ နှာခေါင်းစည်း မျက်နှာ ဖုံးများ ပြန်လည်တပ်ဆင်လာကြသည်မှာ လူထု၏ကျန်းမာ ရေးအသိနိုးကြားမှုကို ဖော်ပြနေခြင်းဟု မြင်ပါသည်။
ထိုသို့သော ကျန်းမာရေးအသိ နိုးကြားမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည့် စည်းကမ်းဥပဒေ များကို တိတိကျကျ လိုက်နာကြရန်လိုပါသည်။ ပြည်ပမှ ပြန်လည် ဝင်ရောက်လာမှုများတွင် မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်း ကျင်တွင်ရှိသည်ဖြစ်စေ၊ အနီးဆုံး ကျန်းမာရေးဌာနများကို အကြောင်း ကြားခြင်းဖြင့် ကူညီကြရန်လည်း လိုအပ်ပါသည်။
ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရေးတွင် အဓိက အကျဆုံးမှာ လူတစ်ဦးချင်းစီ၏ အသိဉာဏ်ရှိမှု၊ သတိရှိမှုတို့ ဖြစ်ပါ သည်။ အတတ်နိုင်ဆုံး အိမ်တွင်းမှာနေကြခြင်းဖြင့် လည်းကောင်း၊ အပြင်ထွက်ကြရမည့် အကြောင်းများရှိပါကလည်း မျက်နှာဖုံး နှာခေါင်းစည်း စသည်တို့ကို ဝတ်ဆင်ကြခြင်းဖြင့် လည်းကောင်း၊ အပြင်မှ ပြန်လာတိုင်း လက်ကိုစနစ်တကျ ဆေးကြောခြင်း၊ ပြင်ပ သွား အဝတ်အစားများကို လျှော်ဖွတ်ခြင်း၊ တစ်ခါသုံး နှာခေါင်းစည်း များကို အမှိုက်ပုံးတွင်းသို့ စနစ်တကျစွန့်ပစ်ခြင်းဖြင့် လည်းကောင်း၊ လူစုလူဝေးမပြုလုပ်ခြင်း၊ လူချင်းဆက်ဆံပြောဆိုရာတွင် အနည်းဆုံး ခြောက်ပေခွာကာ နေထိုင်ကြခြင်းဖြင့် လည်းကောင်း ကပ်ရောဂါ ဘေးက ကင်းဝေးအေးချမ်းကြပါစေသတည်း။ ။