
မေယု-မျိုးအောင် (MANA)
================
ကမ္ဘာပေါ်၌ လောင်းကစားမရှိသော နိုင်ငံ၊ နေရာ၊ ဒေသဟူ၍ ရှားလိမ့် မည်ဖြစ်သည်။ ကစားပုံကစားနည်းများ ကွဲပြားကောင်း ကွဲပြားနိုင် သော်လည်း ကစားခြင်းမှာမူ အားလုံးအတူတူပင်ဖြစ်သည်။ မြန်မာ နိုင်ငံ၌လည်း လောင်းကစားနည်းအစုံကို ကစားနေကြသည်။ မြန်မာ နိုင်ငံ၌ အများစုလောင်းကစားနေကြသည်ကို “တစ်လုံး၊ နှစ်လုံး၊ သုံးလုံး” ဟုခေါ်ဆိုကြသည်။ တစ်လုံးမှာ ဘောလုံးပွဲလောင်းကစား နည်းကို ရည်ညွှန်းပြောဆိုသည့်စကားဖြစ်သည်။ နှစ်လုံးမှာ ထိုင်းနိုင်ငံ စတော့အိတ်ချိန်းဈေးကွက်အပိတ်ဂဏန်း နှစ်လုံးထိုးခြင်းကို ခေါ်ဆို သည်။ သုံးလုံးမှာလည်း ထိုင်းနိုင်ငံကဖွင့်လှစ်သော ထီဂဏန်း ခြောက်လုံးမှ နောက်ဆုံးသုံးလုံးတိုက်ထိုးခြင်းကို ပြောဆိုခြင်း ဖြစ်သည်။
လောင်းကစားဥပဒေများ
လောင်းကစားဥပဒေများသည် မြန်မာနိုင်ငံတွင် ကွန်ပျူတာနှင့် အင်တာနက်မပေါ်မီဖြစ်သော ၁၈၉၉ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်တို့က ပြဋ္ဌာန်းခဲ့သောဥပဒေများဖြစ်ရာ လက်ရှိလောင်းကစားမှုများနှင့် ကိုက်ညီခြင်း မရှိတော့ပေ။ လောင်းကစားအတွက် သုံးစွဲသည့်ပစ္စည်း များမှာ ဂျင်၊ ဖဲ၊ အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယားကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်တို့သာရှိခဲ့သည်။ ယခုမူ ဆက်သွယ်ရေးကိရိယာများဖြစ်သည့် ဖုန်းများသုံး၍ လည်းကောင်း၊ ကွန်ပျူတာ၊ အင်တာနက်သုံး၍လည်းကောင်းလောင်းကစားပြုမှုများ တိုးပွားလျက်ရှိသည်။ ယခင်ကမူ နှစ်လုံးထီနှင့် သုံးလုံးထီတို့ကို ပြေစာစာအုပ်ဖြင့် ရောင်းချခဲ့သည်။ ဘောလုံးပွဲလောင်းရာတွင်လည်း ထိုနည်းတူ ဖြတ်ပိုင်းစာရွက်များကို သုံးစွဲခဲ့သည်။ ယခုအခါ ဘောလုံးပွဲလောင်းရာတွင်လည်း ဖုန်းမှစာတို ပို့၍လောင်းနိုင်ပြီဖြစ်သည်။ ဘောလုံးပွဲဒိုင်များသည်လည်း ပေါက်ကြေးများကို လောင်းမည့်သူများထံသို့ စာတိုပေးပို့ကြပြီး လောင်းကစားမည့်သူများက စာတိုပြန်ပို့ကာ အလောင်းအစားလုပ်ကြ ခြင်းဖြစ်သည်။
လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်များအရဆိုပါက စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ ဘုရားဈေးများ၊ အပန်းဖြေ နေရာများရှိ အရုပ်ကောက်စက်များ၊ Spinball များ အစရှိသည့် လောင်းကစားဆန်သော ကံစမ်းမဲအစီအစဉ်များသည်လည်း လောင်းကစားဥပဒေနှင့် ငြိစွန်းဖွယ်ရှိသည့်သဘော သက်ရောက် လျက်ရှိသည်။ ဘောလုံးလောင်းကစားဒိုင်များသည် နာမည်ကြီးလိဂ် များဖြစ်သည့် အင်္ဂလန်ပရီးမီးယားလိဂ်၊ အီတလီစီးရီးအေ၊ စပိန် လာလီဂါ၊ ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့သာ လောင်းကြေး ဖွင့်သော်လည်း အွန်လိုင်းတွင်မူ တစ်ကမ္ဘာလုံး၌ ယှဉ်ပြိုင်နေသည့် ဘောလုံးပွဲအားလုံးနီးပါးကို လောင်းကြေးဖွင့်ထားသည်။ ယခင်က နှစ်ဖက်ဘောလုံးအသင်း၏ မိနစ် ၉၀ ရလဒ်နှင့် နှစ်သင်းပေါင်း သွင်းဂိုးအနည်း၊ အများကိုသာ ခန့်မှန်းအလောင်းအစားပြုရသည်။ ယခုတွင်မူ ပထမပိုင်း ၄၅ မိနစ်၊ ဒုတိယပိုင်း ၄၅ မိနစ်ရလဒ်များကို အချိန်နှင့်အမျှ လောင်းခွင့်ရှိသကဲ့သို့ အချိန်ပို၊ ပယ်နယ်တီနှင့် ထောင့်ကန်ဘောအကြိမ်အရေအတွက်၊ လက်ပစ်ဘောအကြိမ်အရေ အတွက် စသည့်အသေးစိတ်အချက်အလက်ကအစ အလောင်းအစား ပြုလုပ်နိုင်လာသည်။
ယင်းတစ်လုံး၊ နှစ်လုံး၊ သုံးလုံးနှင့်မပတ်သက်သော ကြက်တိုက်ခြင်း၊ ဖဲဝိုင်းထောင်ခြင်း၊ ဒိုးဇက်ကစားခြင်း စသည့်အခြား လောင်းကစားနည်းများလည်း ရှိသေးသည်။ သာမန်အားဖြင့် လောင်းကစားပြုလုပ်ပုံကို အပျော်ကစားခြင်းနှင့် စီးပွားဖြစ်ကစားခြင်း ဟုနှစ်မျိုးခွဲခြားနိုင်သည်။ စီးပွားဖြစ်ကစားခြင်းက အများစုဖြစ်သည်။ မြန်မာနိုင်ငံ၌ လောင်းကစားမှုနှင့်ပတ်သက်သော ဥပဒေသုံးမျိုးရှိခဲ့ သည်။ ယင်းတို့အနက် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေသစ်ကို မေလ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်း ခဲ့သည်။ ဥပဒေသစ်၌ အခန်းပေါင်း (၆)ခန်း၊ ပုဒ်မပေါင်း(၂၃)ခု ပါဝင်သည်။ အခန်း (၅) ၌ ပြစ်ဒဏ်များကို ပြဋ္ဌာန်းဖော်ပြထားသည်။ ယင်းပြဋ္ဌာန်းချက်များအရ ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းများနှင့်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခံရမည် ဖြစ်သည်။ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်မျိုးစလုံး ချမှတ်နိုင်သည်။ အနိမ့်ဆုံးငွေဒဏ် ကျပ်ငါးသောင်းမှ အမြင့်ဆုံးငွေဒဏ် ကျပ် ၁ဝ သိန်း အထိ ချမှတ်နိုင်သည်။ ကျူးလွန်သည့်ပြစ်မှုအလျောက် ချမှတ်နိုင်သော ငွေဒဏ်အမျိုးအစား အသီးသီးပါဝင်သည်။
အနိမ့်ဆုံးထောင်ဒဏ်အဖြစ် ခြောက်လ
ထောင်ဒဏ်တွင်လည်း အလားတူပင်ဖြစ်သည်။ အနိမ့်ဆုံး ထောင်ဒဏ်အဖြစ် ခြောက်လချမှတ်နိုင်ပြီး အမြင့်ဆုံးထောင်ဒဏ်မှာ ငါးနှစ်ဖြစ်သည်။ ပြစ်မှုအလိုက် အနိမ့်ဆုံးထောင်ဒဏ် တစ်နှစ် သို့မဟုတ် သုံးနှစ်အထိ ချမှတ်နိုင်သော ပုဒ်မများလည်း ပါဝင်သည်ကို တွေ့ရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သက်ဆိုင်ရာ ရဲစခန်းမှူး၊ ကျေးရွာ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် လောင်းကစားမှုများကို ဖမ်းဆီးနိုင်ခွင့်ရှိသူများဖြစ်သည်။ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကျေးရွာ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သုံးဦးသည် လောင်းကစားမှုများအတွက် ဖမ်းဝရမ်းထုတ်ပေးနိုင်သူများဖြစ်သည်ကိုလည်း တွေ့ရသည်။
အများပြည်သူနှင့်ဆိုင်သောနေရာများတွင်မူ လောင်းကစားခြင်း ပြုလုပ်ရန် လောင်းကြေးကောက်ခံစုဆောင်းသူ၊ လောင်းကစားသူ၊ လောင်းကစားရန်အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ၊ မည်သည့် အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲတစ်ခုခု၌မဆို လောင်းကစားသူ သို့မဟုတ် လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူတို့ကို မြို့အုပ်ချုပ်ရေးမှူး သို့မဟုတ် ကျေးရွာ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးဦးတို့က ဖမ်းဝရမ်းမပါဘဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီး နိုင်ကြောင်း သိရသည်။
“လောင်းကစားခြင်းဆိုသည့်စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ လည်း ဘောင်ကျယ်ဝန်းသည်။ “ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစား ခြင်းတစ်ခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေး ကဲ့သို့တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်း သတ်မှတ်နိုင်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက် သော်လည်းကောင်း၊ အကောက်အစားယူသည်ဖြစ်စေ၊ မယူသည် ဖြစ်စေ လောင်းကစားခြင်းကို ဆိုလိုသည်”ဟု ဖွင့်ဆိုထားသည်။ အများပိုင်နေရာများတွင် လောင်းကစားခြင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးသည်ပင် ဝရမ်းမပါဘဲ ဖမ်းနိုင်ကြောင်း လောင်းကစားဥပဒေတွင် ဖွင့်ဆိုထားသည်။ ထို့ကြောင့် လောင်းကစား လုပ်ရန်အတွက် နယ်ကျဉ်းသွားသည့်သဘောလည်းရှိပေသည်။
၁၈၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံလောင်းကစားမှု ဥပဒေတွင်မူ အကောက်အစားမယူသည့် လောင်းကစားမှုများကို ခွင့်ပြုထားခဲ့သည်။ သို့သော်လည်း ၁၉၈၆ ခုနှစ်တွင် အသစ်ပြင်ဆင် ရေးဆွဲခဲ့သည့်ဥပဒေအရမူ အကောက်ယူသည်ဖြစ်စေ၊ မယူသည် ဖြစ်စေ လောင်းကစားမှုအဖြစ် သတ်မှတ်ခဲ့သည်။ ရွှေဆိုင်များနှင့် အခြားသောစီးပွားရေးလုပ်ငန်းများတွင် ကံစမ်းမဲများပေးခြင်း၊ ဂိမ်း ကစား၍ ကံစမ်းမဲဖောက်ပေးခြင်းတို့သည် လောင်းကစားဥပဒေနှင့် ငြိစွန်းပါ၏လော။ အကြောင်းမှာ လောင်းကစားဥပဒေသစ် ပုဒ်မ ၂(က) လောင်းကစားအဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေး၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသည့်လွှဲပြောင်း ပစ္စည်းအတွက် လောင်းကစားပြုခြင်းကို ဆိုလိုသည်ဟု ဖော်ပြထား ခြင်းကြောင့်ဖြစ်သည်။
ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုများ
၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဘောလုံးပွဲလောင်းကစားသူများက ဖုန်းမက်ဆေ့ချ်များဖြင့် လောင်းကြေးဖွင့်ကစားခြင်းကို တွင်ကျယ်စွာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင်မူ နည်းပညာသုံးစွဲမှု အဆင့်မြင့်မားလာပြီးနောက် အွန်လိုင်းမှတစ်ဆင့် လောင်းကြေးဖွင့်ပြီး လောင်းကစားခြင်း ခေတ်စားလာပြီး Viber၊ Facebook၊ Messenger တို့အပြင် လောင်းကစားဝက်ဘ်ဆိုက်၌ ကိုယ်ပိုင်အကောင့်ဖွင့်ကာ လောင်းကစားပြုလုပ်နိုင်သည်အထိ အဆင့်မြင့်လာသည်။ မိမိ၏ ဘဏ်အကောင့်မှတစ်ဆင့် ထိုသို့လောင်းကစားပြုလုပ်၍ရသလို အလွယ်တကူငွေလွှဲနိုင်သည့် ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုများကို လည်း အသုံးပြုလာသည်။
လောင်းကစားကြောင့် ငွေကြေးအကျိုးအမြတ်ရသည့် လောင်းကစားဒိုင်များသာ မြင်တွေ့ဖူးပြီး ထိုးသားဟုခေါ်သည့် လောင်းကစားသမားများ အမြတ်အစွန်းရသည့်ဖြစ်စဉ်များက ရှားပါးသည်။ လောင်းကစားကြောင့် ဘဝပျက်သွားသည့် သူများလည်း ဒုနှင့်ဒေးပင် ဖြစ်သည်။ ကွန်ပျူတာ၊ အင်တာနက်၊ ဖုန်းစသည်တို့ဖြင့် မက်ဆေ့ချ်ပို့လောင်းကစားခြင်းများလည်း ပါဝင်သည်။ လောင်းကစား အတွက် ငွေကြေးချေးသူ၊ လောင်းကစားရာနေရာ၌ ရောက်ရှိနေသူတို့ လည်း ဥပဒေမှ ပြေးမလွတ်ပေ။ ဥပဒေသည် လုပ်ပိုင်ခွင့်များ၊ စကားလုံးအသုံးအနှုန်းများအရ အလွန်ဘောင်ကျယ်သောဥပဒေ ဖြစ်ရာ မည်သူ့ကိုမျှ အကျိုးမပြုသော လောင်းကစားမှုများကို ရှောင်ကြဉ်ပါမှ ဥပဒေမှလွတ်ကင်းမည်ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။ ။
- Log in to post comments